အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(အပိုင်း-၁၅) - အခန်း(၉) စားကျက်သီးနှံသိပ္ပံပညာ

21/03/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အခန်း(၉) စားကျက်သီးနှံသိပ္ပံပညာ

Chapter-9 Pasture Science

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်တွင်ရှိစဉ်အချိန် အငြိမ်းစားဆရာတစ်ဦးက နိုင်ငံတစ်နိုင်ငံတွင် 'မြက် (GRASS) ကိုအသုံးချသီးနှံအဖြစ် မစိုက်ပျိုးသေးသမျှ၊ မူဝါဒချမှတ်မည့်သူများ၊ ဆုံးဖြတ်ချက် ချမည့်လူကြီးများ သဘောမပေါက်သေးသမျှ ထိုနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး မတိုးတက်သေးပါ' ဟူ၍ မှတ်ချက်ချ ပြောကြားခဲ့ဖူးပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံ၏ စားကျက်သီးနှံစိုက်ပျိုးရေးသည် အလွန်ခေတ် နောက်ကျကျန်နေတုန်းပင်ဖြစ်ပါသည်။ စိုက်ပျိုးရေးပညာရှင်များကပဲ ပြုလုပ်တော့မည်လိုလို၊ မွေးမြူရေးပညာရှင်များကပင် ပြုလုပ်တော့မည်လိုလိုဖြင့် ကြားညပ်သွားသည့် ပညာရပ်ဖြစ်ပါသည်။

စားကျက်စိုက်ပျိုးရေးမှာ တိရစ္ဆာန်များ လွှတ်ကျောင်းစိုက်ပျိုးနည်းစနစ် (Grazing System) နှင့် စားကျက်များကို မြေပဲ၊ နှမ်း စသည်တို့ကဲ့သို့ စိုက်ပျိုးကာ တိရိစ္ဆာန်များအား ရိတ်ကျွေးစနစ် (Cut and Carry System) အဓိကနည်းစနစ် (၂) မျိုးရှိပါသည်။ စားကျက် (Pasture, Forage Crop) ဆိုသည်မှာ စားကျက်မြက် (Pasture Grass) နှင့် စားကျက်ပဲ (Pasture Legume) နှစ်မျိုး ဖြစ်ပြီး  နှစ်မျိုးစလုံးတွဲဖက်စိုက်ပျိုးရပါမည်။

ကျွန်တော်တို့နိုင်ငံ၏ ရေမြေရာသီဥတုမှာ အပူပိုင်းဒေသ/ရာသီဥတု (Tropical Region/Tropical Climate) ဖြစ်သဖြင့် အပူပိုင်းဒေသအတွက် ခံနိုင်ရည်ရှိသော မြက်၊ ပဲမျိုးများကို စိုက်ပျိုးမွေးမြူရပါမည်။ ကျွန်တော်တို့ စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသားဘဝ (၁၉၇၄-၁၉၇၅) ခုနှစ်များက စားကျက်သီးနှံကို လယ်ယာသီးနှံဌာနမှ ဆရာဦးဖေနောင်သာက သင်ပေးပါသည်။ ကျွန်တော်သရုပ်ပြဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်၌ အပူပိုင်းသီးနှံမဟာသိပ္ပံ (Tropical Crop Science) အထူးပြုဖြင့် သင်ကြားရန် စေလွှတ်ခံရချိန်၌ ထိုစဉ်က လယ်ယာသီးနှံဌာန ပါမောက္ခဖြစ်သူ ပါမောက္ခ ဒေါက်တာဆလိုင်းထွန်းသန်းက  အပူပိုင်းစားကျက်သီးနှံသိပ္ပံ (Tropical Pasture Science) ဘာသာရပ်ကို သာမန်၊ပူးတွဲဘာသာ (Minor Subject) အနေဖြင့်ယူခဲ့ရန် မှာကြားပါသည်။ ကွင်းစလန်း တက္ကသိုလ်၌ ထိုဘာသာရပ်နှင့်ဆိုင်သော ဘာသာရပ် (၃) ခုနှင့် လက်တွေ့လုပ်ငန်းကို တွဲယူခဲ့ပါသည်။

ဩစတြေးလျနိုင်ငံသည် အမဲသား (Beef)၊ သိုးသား (Lamb)၊ သိုးမွေး (Wool)၊ နွားနို့နှင့် နို့ထွက်ပစ္စည်းများ (Milk and Dairy Products) ကို နိုင်ငံခြားသို့ တင်ပို့ပြီး နိုင်ငံ့ဝင်ငွေ များစွာရရှိနိုင်သည့် နိုင်ငံဖြစ်သည့်အပြင် စားကျက်သီးနှံမှာလည်း သမပိုင်း (Temperate Area) (ဝိတိုရိယ၊ တောင်ဩစတြေးလျနှင့် နယူးဆောက်ဝေးပြည်နယ်) နှင့် အပူပိုင်း (Tropical Area) (ကွင်းစလန်၊ မြောက်ပိုင်းနယ်မြေ ပြည်နယ်များ) စသည့်ရာသီဥတု ပေါင်းစုံရှိသဖြင့် စားကျက်သီးနှံနှင့် ပတ်သက်၍ ကမ္ဘာကျော် နာမည်ကြီး နိုင်ငံဖြစ်ပါသည်။ 

        ကျွန်တော်တက်ရောက်ခဲ့သော ကွင်းစလန်းတက္ကသိုလ် (The University of Queensland) မှာ မြေပဲ၊ ပဲစဉ်းငုံ၊ စပါး စသည်ဖြင့် စိုက်ပျိုးထားသော (Redland Bay Research Farm) သီးနှံသုတေသနခြံနှင့် စားကျက်သီးနှံအထူးပြု လေ့လာစိုက်ပျိုး သုတေသနပြုထားသော (Mount Cotton Research Farm) သုတေသနခြံများကို မကြာမကြာ သွားရောက်ရပါသည်။ (ယခုတွင်တော့ တက္ကသိုလ်ဖွဲ့စည်းပုံ ပြောင်းလဲချက်အရ ထိုခြံများကို ရောင်းချပြီး ၈၀ ကီလိုမီတာဝေးသော ဂတ်တန်စိုက်ပျိုးရေးကောလိပ် (Gatton Agricultural College) နှင့် ပူးပေါင်း (Affiliation) သွားသည်ဟု ကြားသိရပါသည်။ စိုက်ပျိုးမွေးမြူရေး (Agriculture) ဘာသာအောက်တွင် သီးနှံ၊ စားကျက်၊ ဥယျာဉ်ခြံသီးနှံ တို့ ရောနှောသင်ယူလေ့လာရပြီး မွေးမြူကုသရေးမဟာဌာန (Faculty of Veterinary Science) လည်း ပူးတွဲလျက်ရှိပြီး ဘက်စုံသင်တက္ကသိုလ် (Comprehensive University) တစ်ခု၏အောက်တွင်  စားကျက်သီးနှံ စိုက်ပျိုးကာ စာမြုံ့ပြန် တိရိစ္ဆာန်များ (Ruminant Animals) အား ကျွေးမွေးပြုစုပြီး သင်ကြား၊ သုတေသန ပြုပေးနေသည်မှာ အလွန်အားရ ကျေနပ်ဖွယ် ကောင်းမွန်လှပါသည်။

ကျွန်တော်တို့နိုင်ငံတွင် ကျွဲ၊ နွား၊ ဆိတ် မွေးမြူလျှင် လမ်းဘေးတွင် လွှတ်ကျောင်းကြရပြီး အစာအတွက် အချိန်ကုန်ခံ မြေအကုန်ခံပြီး မည်သည့်အတွက်ကြောင့် စိုက်နေရမည်နည်း ဆိုသည့် အတွေးအခေါ်က လူကြီးများခေါင်းထဲတွင် အရိုးစွဲနေသဖြင့် ဤစားကျက်သီးနှံဘာသာရပ်ကို သင်ကြားရေး၊ သုတေသန၊ တိုးချဲ့ပညာပေးရေးများတွင် အားနည်းနေပါသည်။

ကွင်းစလန်းတက္ကသိုလ်တွင် ကျွန်တော်မတက်ရောက်မီ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်းက စိုက်ပျိုးရေးဘွဲ့ရ (၃) ဦးကို စားကျက်သီးနှံဘာသာရပ် သင်ကြားရန်အတွက် စေလွှတ်ခဲ့သည်ဟု သိရပါသည်။ ထိုသူများ မည်သည့်နေရာတွင် ရောက်ရှိနေကြသည်ကို မသိရတော့ပါ။ ဆရာကြီး ဦးဖေနောင်သာ ပင်စင်ယူပြီးနောက် ရန်ကုန်မြို့တွင်နေထိုင်လျက်ရှိပါသည်။ ကျွန်တော်သည် ၁၉၈၉ ခုနှစ်တွင် မဟာသိပ္ပံပြီး၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပြန်ရောက်သည့်အခါ စားကျက်စိုက်ပျိုးရေးကို ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ သင်ကြားပေးခဲ့ပါသည်။ စားကျက်အထူးပြုဘာသာဖြင့် မဟာသိပ္ပံကျောင်းသား/သူ လေးဦး ဘွဲ့ရခဲ့သော်လည်း အခြားစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံဌာန၌ ဒေါက်တာဌေးဌေးဦး၊ ဒေါက်တာအေးအေးခိုင်တို့မှ စားကျက်သီးနှံ သင်ကြားရေးနှင့် သုတေသနများကို လက်ဆင့်ကမ်း ဆက်လက်သင်ကြားခဲ့ပြီး စားကျက်သီးနှံနှင့် မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ဆရာမလေးတစ်ယောက်လည်း ရှိပြီးဖြစ်ပါသည်။ 

            စားကျက်သိပ္ပံနှင့် ပတ်သက်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့တွင်လည်း ပညာရှင်အချို့ရှိသည်ဟု ကြားသိရပါသည်။ မြန်မာနိုင်ငံ ကျွဲ၊ နွားတိရစ္ဆာန်ကျန်းမာရေးနဲ့ မွေးမြူထုတ်လုပ်မှုမြင့်မားရေးစီမံကိန်းနှင့် ဈေးကွက်အခြေခံတဲ့ စားမြုံ့ပြန် သတ္တဝါငယ်များ (Small Ruminants) ထုတ်လုပ်မှု စနစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အခန်းကဏ္ဍတစ်ခုကနေ သြစတေးလျသုတေသနအဖွဲ့ ACIAR နဲ့ပူးပေါင်းဆောင်ရွက်နေတာ ရှိပါသည်။ အဲ့ဒီမှာ အစာရေစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မည့်နည်းလမ်းဖြစ်သည့် တိရစ္ဆာန်စာ အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ခြင်းဟာ အချက်တစ်ခုအနေနှင့် ပါဝင်ပါသည်။    

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တစ်ခုဖြစ်တဲ့ လယ်ယာသီးနှံစိုက်ပျိုးရေးပညာဌာန အနေဖြင့် ဆောင်ရွက်နေသည့် စားကျက်သုတေသနများမှာ ညောင်ဉီးနှင့်ရေဆင်းဒေသ များမှာ ဒေသနှင့်ကိုက်ညီသည့် စားကျက်ပဲမျိုးတွေကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ဖြစ်ထွန်းမှုကို လေ့လာခြင်း သုတေသနတစ်ခု၊ ရိတ်ဖြတ်ချိန်အလိုက် ပဲမျိုးတွေရဲ့ အစာပမာဏထုတ်လုပ်မှု နှင့် အာဟာရတန်ဘိုးပါဝင်မှုကိုလေ့လာခြင်းသုတေသနတစ်ခုတို့ကို လုပ်ဆောင်နေပါသည်။ စားကျက်မြက်မျိုးများဖြစ်သည့် မာကာမြက် (Maker), မွန်ဘာစာမြက် (Mombasa), မူလာတိုမြက် (Mulato II) ရိတ်ဖြတ်ချိန် ကာလအလိုက် အစာ ပမာဏထုတ်လုပ်နိုင်မှုနှင့် အာဟာရပါဝင်မှုကိုစစ်ဆေးခြင်းကို ဆောင်ရွက်နေပါသည်။

စားကျက်မြက်နှင့် စားကျက်ပဲသီးနှံတို့၏ စားကျက်အထွက်နှင့် အာဟာရ အရည်အသွေးတို့ အပေါ်တွင် သီးနှံစိုက်ပျိုးမှုပုံစံများနှင့် စားကျက်ရိတ်ကျွေးသည့် ကာလအပိုင်းအခြားတို့၏ သက်ရောက်မှုများအား လေ့လာခြင်းသုတေသနကိုတော့ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။

လယ်ယာသီးနှံစိုက်ပျိုးရေးပညာဌာနအနေဖြင့် မြက်မျိုး (၂) မျိုးဖြစ်သည့် မွန်ဘာစာမြက်နှင့် မူလာတိုမြက်တို့နှင့် ပဲမျိုး (၁) မျိုးဖြစ်သည့် ဒက်မင်းသတ်ပဲ (Desmanthus Legume) မျိုးများကို တောင်သူများထံလက်လှမ်းမီသလောက်  ဖြန့်‌ဖြူးပေးရန် မျိုးစေ့ထုတ် လုပ်ငန်းများကို ဆောင်ရွက်သွားရန်ရှိပါသည်။

လယ်ယာသီးနှံဌာနတွင်ရှိသည့် စားကျက်မြက်မျိုးများမှာ - Napier, Mombasa, Mulato II 

စားကျက်ပဲမျိုးများ - Stylo (Stylosanthes guianensis), Calopo (Calopogonium mucunoides), Desmanthus (Desmanthus leptolobus), Siratro (Macroptilium atropurpureum), Centro (Centrosema acutifolium) , Butterfly Pea (Clitoria ternatea) တို့သုတေသနပြုစမ်းသတ်လျှက်ရှိပါသည်။

ကျွန်တော် ထိုင်းနိုင်ငံ အူဘွန်ရာချသနီတက္ကသိုလ် (Ubon Rachathani University) မှ စားကျက်သီးနှံညီလာခံကို ၂၀၀၇ ခုနှစ်တွင် ဖိတ်ကြား၍ တက်ရောက်ခဲ့ရာ ထိုင်းနိုင်ငံနှင့်အတူ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ လာအို စသည်ဖြင့် အရှေ့တောင်အာရှနိုင်ငံများမှာ စားကျက်ကို မျိုးစေ့ထုတ် (Pasture Seed Production) စိုက်ပျိုးနိုင်သည်အထိ အလွန်အဆင့်မြင့်နေပြီဖြစ်ကြောင်း သိခဲ့ရသည်။ ထိုဒေသရှိ ထိုင်းလယ်သမားများမှာ စပါးခင်းများတွင် ရေသွင်းပြီး အပူပိုင်းဒေသဖြစ် စားကျက်မြက် မူလာတို (Mulato) ကို အတန်းလိုက် စိုက်ကာ နေ့တိုင်းရိတ်ပြီး နွားမွေးမြူသူများကိုရောင်းရာ နေ့တိုင်း ဝင်ငွေရနေပါသည်။ စပါးစိုက်လျှင် ၃-၄ လခန့်မှ ဝင်ငွေရပြီး စားကျက်မြက် စိုက်ခြင်းဖြင့် နေတိုင်းဝင်ငွေရနေသည်ဟူ သူတို့က ပြောပါသည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်