ဩဇီမှာလာမလိမ်နဲ့အပါအဝင် တစ်ပတ်အတွင်းစိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ

14/03/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

လိမ်ပြောလို့ ဒဏ်ကြေးကြီးကြီးထိသွားတဲ့  သြစတေးလျမွေးမြူရေးကုန်သည်

သြစတေးလျနိုင်ငံက တိရစ္ဆာန်တွေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးဖြစ်တဲ့ နေသန်ဂစ်ဘွန် (Nathen Gibbon) ကို Latrobe Valley Magistrates တရားရုံးက ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ သြစတေးလျဒေါ်လာ ၅၆,၅၀၀ (အမေရိကန်ဒေါ်လာ ၃၇၅၀၀ ခန့်) ပေးဆောင်စေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေသန်ဟာ Nathan Gibbon Livestock Pty Ltd. ကို ထူထောင်ပြီး မွေးမြူရေးတိရစ္ဆာန်တွေကို ဝယ်ယူကာ သားသတ်ရုံတွေဆီ ပြန်လည်ရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်တွေကို သားသတ်ရုံဆီ ရောင်းချတဲ့နေရာမှာ အဲဒီ တိရစ္ဆာန်တွေရဲ့ နောက်ကြောင်းရာဇဝင်နဲ့ပတ်သက်ပြီး အချက်အလက်တွေကို လိမ်လည်တင်ပြခဲ့ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရတာလည်း ဖြစ်ပါတယ်။ 

သြစတေးလျနိုင်ငံမှာ တိရစ္ဆာန်တွေရဲ့ ရောဂါကို ထိန်းချုပ်ဖို့နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ စားသုံးသူထံကို အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချပေးနိုင်ဖို့အတွက် National Livestock Identification System [NLIS] ဆိုတဲ့ မှတ်တမ်းစနစ် (traceability system) ကို ထူထောင်ထားရှိပါတယ်။ ဒါကြောင့် မွေးမြူထားတဲ့တိရစ္ဆာန်တွေကို မွေးဖွားချိန်ကစတင်လို့ သားသတ်ရုံရောက်ပြီး အသားအဖြစ် ထုတ်လုပ်ပြီးချိန်အထိ တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့ မှတ်တမ်းတွေကို အဲဒီ မှတ်တမ်းစနစ်ထဲမှာ စာရင်းသွင်းမှတ်သားထားတာပါ။ 

နေသန်ဂစ်ဘွန်ဟာ အဲဒီစနစ်ထဲကို သူရောင်းချမယ့် တိရစ္ဆာန်တွေရဲ့ အချက်အလက်တွေ ပေးသွင်းရာမှာ မမှန်မကန် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဥပမာ တိရစ္ဆာန်တွေရဲ့ မူလပိုင်ရှင်တွေ အမည်ကို ဖော်ပြရမယ့်အစား သူ့နာမည်ကို အလွယ်‌ဖော်ပြခဲ့တာမျိုးပါ။ စည်းကမ်းမဲ့တဲ့တိုင်းပြည်အချို့မှာ ဒီလိုဖြစ်စဉ်တွေဟာ ရိုးနေပြီလို့ ဆိုရမှာ ဖြစ်ပေမဲ့ သြစတေးလျနိုင်ငံအတွက်တော့ ဒါဟာ ကြီးမားတဲ့ မသမာမှု ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုးကျိုးသက်ရောက်မှုလည်း ကြီးမားနိုင်တဲ့ ကိစ္စပါ။ သြစတေးလျနိုင်ငံ မွေးမြူရေးကဏ္ဍရဲ့ ထုတ်လုပ်မှုတန်ဖိုးဟာ ဒေါ်လာသန်းပေါင်း ၈ သောင်း (၈၀ ဘီလီယံ) လောက် တန်ကြေးရှိပါတယ်။ နေသန်ဂစ်ဘွန်ရဲ့ မရိုးမသား ပြုမူဆောင်ရွက်မှုဟာ အဲဒီ ဒေါ်လာ ၈၀ ဘီလီယံတန်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ စွပ်စွဲထားပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ခွာနာလျှာနာရောဂါ ဖြစ်ပွားခဲ့ပြီး အဲဒီရောဂါက အင်ဒိုနီးရှားရဲ့ အရေးကြီး ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ သြစတေးလျနိုင်ငံရဲ့ မွေးမြူရေးကဏ္ဍကိုပါ ကူးစက်ရောက်ရှိလာနိုင်တဲ့ အန္တရာယ်ရှိခဲ့တာမို့ နေသန်ဂစ်ဘွန်ရဲ့ မရိုးမသားလုပ်ဆောင်မှုဟာ သြစတေးလျအာဏာပိုင်တွေကို ပိုပြီး စိုးရိမ်ပူပန်စေပါတယ်။ 

နေသန်ဂစ်ဘွန်ဟာ ပိုင်ရှင်အမည် လွဲမှားဖော်ပြထားတာအပြင်၊ တိရစ္ဆာန်တွေကို မွေးမြူထားတဲ့ အရပ်ဒေ သကို မမှန်မကန်ဖော်ပြတာ၊ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို စနစ်တကျ မထိန်းသိမ်းထားတာ စသည်ဖြင့် အပြစ်ရှိတဲ့ ဖြစ်စဉ်ပေါင်း ၁၀၉ ခုကို ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို လာရောက်စစ်ဆေးတဲ့ အစိုးရတာဝန်ရှိသူနှစ်ဦးကို ရန်တွေ့လွှတ်တဲ့ အပြစ်လည်း ပါဝင်ပါသေးတယ်။

တရားရုံးမှာ ရင်ဆိုင်ရစဉ်အတွင်း တရားလိုရှေ့နေတွေက အဓိကထားတင်ပြတဲ့ ပြစ်မှုတွေထဲမှာ “ဟော်မုန်းအသားတိုးဆေး သုံးစွဲထားတဲ့ တိရစ္ဆာန်” နဲ့ “တိရစ္ဆာန်အဆီ ပါဝင်တဲ့အစာကို ကျွေးမွေးပြီး မွေးမြူထားတဲ့ တိရစ္ဆာန်” တွေပါဝင်တာကို ပွင့်ပွင့်လင်းလင်း မတင်ပြဘဲ အချက်အလက်တွေကို ချန်လှပ်ထားခဲ့တဲ့ ပြစ်မှုက အထင်ရှားဆုံး ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အစားအသောက်ဘေးကင်းလုံခြုံဖို့ အတွက် ဥပဒေတွေနဲ့ တင်းတင်းကျပ်ကျပ် ကာကွယ်ထားရမှာ ဖြစ်သလို အဲဒီဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာကို ဒီသတင်းကနေ စိတ်ဝင်စားဖွယ် ထုတ်ယူဆင်ချင်နိုင်ပါတယ်။ သြစတေးလျလို ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမှာတောင် ဥပဒေကို မလိုက်နာလိုသူတွေ ရှိနေတတ်သေးတာကိုလည်း သတိပြုဖွယ် တွေ့ရှိရပါတယ်။ ဒီသတင်းကို မြန်မာ့မွေးမြူသူတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရင်း တင်ပြလိုက်ရပါတယ်။ 

တိရစ္ဆာန်တွေအတွက်သုံးတဲ့ ပဋိဇီဝဆေးဝါးတွေရဲ့ ဂေဟစနစ်အပေါ်သက်ရောက်မှု

စားကျက်ထဲလွှတ်ကျောင်းမွေးမြူထားတဲ့ မွေးမြူရေးတိရစ္ဆာန်တွေမှာ ပဋိဇီဝပိုးသတ်ဆေးတွေကို သုံးစွဲတဲ့အခါ စားကျက်မြေဆီလွှာထဲက အဏုဇီဝပိုးမွှားတွေရဲ့ ဂေဟစနစ်ကို ထိခိုက်စေပြီး မြေကြီးထဲ ကာဗွန်ထိန်းသိမ်းထားနိုင်မှုကို လျော့ကျစေတယ်လို့ အိန္ဒိယသိပ္ပံအင်စတီကျူ (Indian Institute of Science - IISc) အောက်မှာရှိတဲ့ ဂေဟဗေဒလေ့လာရေးစင်တာ (Centre for Ecological Sciences - CES)  ရဲ့ သုတေသနတစ်ရပ်က လေ့လာတွေ့ ရှိခဲ့ပါတယ်။ 

ဟိမဝန္တာတောင်တန်းတွေပေါ်က Spiti ဆိုတဲ့ဒေသမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်ကို အခြေခံပြီး သုတေသနစာတမ်းကို Global Change Biology မှာ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ 

ယခင်က ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာ တိရစ္ဆာန်တွေ စားကျက်မြက်ခင်းတွေပေါ်မှာ ကျင်လည်ကျက်စားခြင်းက အဲဒီစားကျက်မြက်ခင်းအောက်က မြေဆီလွှာအပေါ် သက်ရောက်မှုတွေကို သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။

အဲဒီ သုတေသနတွေကနေ ထွက်လာတဲ့ မေးခွန်းတစ်ခုကတော့ တောရိုင်းတိရစ္ဆာန်တွေ သဘာဝအတိုင်း ကျင်လည်ကျက်စားနေတဲ့ စားကျက်တွေနဲ့ သိုး၊ ဆိတ်၊ ကျွဲ၊ နွား အစာရှိတဲ့ မွေးမြူရေးတိရစ္ဆာန်တွေရဲ့ စားကျက်တွေမှာ မြေဆီလွှာအပေါ် သက်ရောက်မှု တူညီသလား၊ ဒါမှမဟုတ် ကွဲပြားခြားနားသလား ဆိုတဲ့ မွေးခွန်းပါ။ ဒါကို ဖြေဆိုနိုင်ဖို့အတွက် CES က သုတေသီတွေဟာ ဒေသတစ်ခုတည်းမှာ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း မွေးမြူရေးတိရစ္ဆာန်တွေကို လွှတ်ကျောင်းထားတဲ့ စားကျက်နဲ့ တောရိုင်းမြက်စားသတ္တဝါတွေ ကျင်လည်ကျက်စားတဲ့ စားကျက်ကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။ 

လေ့လာချက်တွေအရ စားကျက်မြေနှစ်ခုဟာ အတော်လေး တူညီကြပေမယ့် သူတို့ နှိုင်းယှဉ်လေ့လာတဲ့ အချက်တွေထဲက အချက်တစ်ချက်ဖြစ်တဲ့ ကာဗွန်ကို မြေဆီလွှာအတွင်း ထိထိရောက်ရောက် အသုံးချနိုင်မှု (Carbon use efficiency – CUE) မှာတော့ မွေးမြူရေးစားကျက်တွေက ၁၉ ရာခိုင်နှုန်းလောက် လျော့နည်းတာကို တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ 

အဲဒီလို ကွဲပြားရတဲ့ အဓိက အကြောင်းအရင်းကို ဆွေးနွေးရာမှာတော့ မွေးမြူရေးတိရစ္ဆာန်တွေမှာ တက်ထရာ ဆိုက်ကလင်း (Tetracycline) လို ပဋိဇီဝပိုးသတ်ဆေးတွေကို အသုံးပြုတာကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ထောက်ပြပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေကို မွေးမြူရေးတိရစ္ဆာန်တွေဆီ တိုက်ကျွေးထိုးနှံပေးလိုက်ပြီးနောက်မှာ ဆေးကြွင်းတချို့ဟာ ဆီးနဲ့ ဝမ်းတွေထဲကနေတဆင့် ပြန်လည်စွန့်ထုတ်ခံရပြီး မြေဆီလွှာပေါ် ရောက်ရှိလာကြပါတယ်။ အဲဒီ ဆေးကြွင်းတွေထဲမှာ အဏုဇီဝပိုးမွှားတွေကို ဖျက်ဆီးနိုင်တဲ့ အစွမ်းအချို့ ပါလာနိုင်ပြီး မြေဆီလွှာထဲက အဏုဇီဝပိုးမွှားတွေရဲ့ အနေအထားတွေကို ပျက်ဆီးယိုယွင်းသွားစေနိုင်တာမို့ အဲဒီလို ယူဆကြတာ ဖြစ်ပါတယ်။ တက်ထရာဆိုက်ကလင်းလို ပဋိဇီဝပိုးသတ်ဆေးတွေဟာ ရေရှည်တည်မြဲပြီး မြေဆီလွှာထဲမှာ ဆယ်စုနှစ် ကြာအောင် နေနိုင်တယ်လို့လည်း စာတမ်းရှင် သုတေသီတွေက ဆိုပါတယ်။ 

အဲဒီ သုတေသနတွေ့ရှိချက်နဲ့ သုတေသီတွေရဲ့ ကောက်ချက်တွေကသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ မွေးမြူရေးမှာ အသုံးပြုတဲ့ ပဋိဇီဝဆေးဝါးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုအပေါ်မှာပါ သက်ရောက်လာနိုင်တယ်လို့ ဆိုရမှာပါ။

မွေးမြူရေးကဏ္ဍမှာ ပဋိဇီဝပိုးသတ်ဆေးတွေ အလွန်အကျွံ အသုံးပြုခြင်းဟာ ပဋိဇီဝဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေပြီး လူသားတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တယ်လို့ ဆိုနေစဉ်မှာပဲ အဲဒီပဋိဇီဝပိုးသတ်ဆေးတွေက သဘာဝဝန်းကျင်ကိုပါ ထိခိုက်လာနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်က နောက်ထပ်စိန်ခေါ်မှု တစ်ရပ်ပါပဲ။

ပြဿနာက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပဋိဇီဝဆေးဝါးရဲ့ အကူအညီမပါဘဲ မွေးမြူထုတ်လုပ်ဖို့ မဖြစ်နိုင်သေးသလို မွေးမြူရေးလုပ်ငန်းတွေ မရှိဘဲ စားနပ်ရိက္ခာဖူလုံရေးဆိုတာကလည်း လုံးဝမဖြစ်နိုင်တဲ့ အခြေအနေ ရှိနေတာပါပဲ။ မြန်မာ့မွေးမြူသူများအတွက်တော့ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ 

ကယ်လီဖိုးနီးယားမုန်တိုင်းနဲ့ နွားစာသယ်ရဟတ်ယာဉ်များ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူတွေနဲ့အတူ တိရစ္ဆာန်တွေပါ ဒုက္ခရောက်နေရပါတယ်။ ပြည်နယ်မြောက်ပိုင်းက ကမ်းရိုးတမ်းဒေသမှာရှိတဲ့ Humboldt ခရိုင်ကို အ‌ရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ အမေရိကန်မွေးမြူရေးသမားတွေအတွက် ကံကောင်းတာကတော့ အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာ ဒုက္ခ ရောက်ဖို့ မဟုတ်ဘဲ ဒုက္ခထဲက ကယ်တင်ပေးနိုင်ဖို့ ဖြစ်နေလို့ပါ။ 

ဒေသတွင်းက တိရစ္ဆာန်တွေဟာ အစာရေစာ ပြတ်လပ်မှုဒဏ်ကို အပြင်းအထန်ခံစားနေရပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အဲဒီဒေသကို ရောက်ရှိဖို့ကလည်း ခက်ခဲနေဆဲပါ။ သစ်ပင်တွေ ပြိုလဲနေတာ၊ အဆောက်အဦတွေ ပြိုကျပျက်စီးနေတာနဲ့ လမ်းတွေမှာ ရွှံ့နွံတွေ ဖြစ်ပေါ်နေတာ၊ တိရစ္ဆာန်အသေတွေ ပိတ်ဆို့နေတာတွေ ရှိနေလို့ပါ။

ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်ဌာန (CAL FIRE) နဲ့ Humboldt ကမ်းခြေမှာရှိတဲ့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့တွေက တိရစ္ဆာန်တွေရဲ့ အငတ်ဘေးကို အတူတကွ ဖြေရှင်းပေးနေကြပါတယ်။ အဲဒါကတော့ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိရစ္ဆာန်အစာ မြက်ခြောက်တွေ ဖြန့်ဖြူးပေးတာပါ။ အဲဒီခရိုင်ကို မြက်ခြောက် ၃ တန်ခွဲ ရောက်အောင် ပို့ပေးနိုင်ဖို့ အချိန် ၇ နာရီအတွင်း ရဟတ်ယာဉ်ခရီးစဉ် ၈ ခုနဲ့ ပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။ 

တကယ်တော့ အရေးပေါ်အခြေအနေဆိုတာ တကယ်အရေးပေါ်တဲ့ အခြေအနေမှာ ကြေညာပြီး အရေးပေါ်နေတာကို ကူညီဖြေရှင်းပေးဖို့ ဖြစ်သင့်ကြောင်း ကယ်လီဖိုးနီးယားမုန်တိုင်းက ပြောပြနေပါတယ်။ မြန်မာ့မွေးမြူသူများလည်း အရေးပေါ်အခြေအနေတွေက ဝေးကွာနိုင်ကြပါစေ၊ တကယ်အရေးပေါ်ရင်လည်း တကယ့်အကူအညီတွေ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီတစ်ပတ်အတွက် စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ရပါတယ်။ 

သက်ခိုင် စုစည်းတင်ပြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်