Basic Agricultural Science – 55 International Agricultural Universities or Universities, which offer Agriculture
(Part 3 Wageningen University and Research (WUR), The Netherlands)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၅) နိုင်ငံတကာ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာတက္ကသိုလ်များ (အပိုင်း-၃ နယ်သာလန်နိုင်ငံ၊ ဗာဂဲန်နီကန်တက္ကသိုလ်နှင့်သုတေသနဌာန)
(ဂ) နယ်သာလန်နိုင်ငံ၊ ဗာဂဲန်နီကန်တက္ကသိုလ်နှင့်သုတေသနဌာန (Wageningen University and Research – WUR, The Netherlands)
ဗာဂဲန်နီကန်တက္ကသိုလ် သည် ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကောင်းဆုံး နံပါတ် (၁) တက္ကသိုလ် ဖြစ်ပါသည်။ လူဦးရေ သန်း (၂၀) လောက်ပဲရှိသည့် ဤနိုင်ငံ သေးသေးကလေးက စိုက်ပျိုးမွေးမြူရေးကို အဆင့်မြင့်ပညာသင်ကြား၊ သုတေသနပြုမှုမှာ ကမ္ဘာ့နံပါတ် (၁) ဗိုလ်စွဲထားတာ အလွန်စိတ်ဝင်စားစရာကောင်းပြီး အားကျအတုယူရအောင်ပါ။
(၁) ပထမဆုံးအနေနှင့် တက္ကသိုလ်နှင့်သုတေသနဌာန ပေါင်းထားခြင်းဖြစ်ပါသည်။ စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ် (Synergy Effect; Synergism) ကြောင့် အတွေးအခေါ်ကောင်းများ စုပေါင်းရရှိသဖြင့် တိုးတက်သွားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံရေဆင်းနယ်မြေတွင် တက္ကသိုလ် (University) ၃-ကျောင်း၊ သုတေသနဌာန (Research Institute) ၃-ခု နီးကပ်စွာတည်ရှိပါသည်။ မော်တော်ကား၊ စက်ဘီး၊ ဆိုင်ကယ်ဖြင့် သွားရုံသာမက လမ်းလျှောက်သွားလျှင်ကိုပဲ သွားလို့ရပါသည်။ ထိုကဲ့သို့ စုပေါင်း တည်ရှိနေသော နေရာတွင် ကျွန်တော်တို့နိုင်ငံအတွက် အထူးလိုအပ်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း (ငါး၊ ပုဇွန်)၊ သစ်တောပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို စုပေါင်းအားဖြင့် ဗာဂဲန်နီကန်တက္ကသိုလ်ကဲ့သို့ သင်ကြားရေး၊ သုတေသန၊ တောင်သူ နှင့်လူထုပညာပေးလုပ်ငန်းများ (Agricultural Extension and Community Services) ကို ပေါင်းစည်းသည့်စနစ် (Merger System) သို့မဟုတ် အစုအဝေးဖြင့် ဆောင်ရွက်သည့်စနစ် (Cluster System) ဆောင်ရွက်ပါက ယခုထက်ပိုပြီး သင်ကြားရေး၊ သုတေသနများ ပိုမိုတိုးတက်လာမည်လား စိတ်ကူးယဉ်မိပါသည်။
(၂) ဒုတိယအနေဖြင့် အခြားတက္ကသိုလ်များကဲ့သို့ ဘာသာရပ်ပေါင်းစုံ (Multi-Disciplinary Approach) နှစ်စဉ် သင်ကြားပေးနိုင်သော၊ သင်ယူခွင့်ရှိသော အခွင့်အလမ်းရှိနေခြင်းပါ။ အိန္နိယနိုင်ငံကဲ့သို့ နိုင်ငံများတွင် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာတက္ကသိုလ် (Agricultural University) ဟူ၍ နာမည်နှင့်ဘောင်ကန့်သတ်ထားပါသည်။ ဗာဂဲန်နီကန်တက္ကသိုလ်ကတော့ ဘောင်ခတ်မထားဘဲ စိုက်ပျိုးရေးနှင့် ဆက်စပ်ဘာသာရပ်များကို အကုန်ဆွဲသွင်းထားခြင်းပါ။ ၂၀၁၈-ခုနှစ် ဇွန်လတုန်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဗာဂဲန်နီကန်တက္ကသိုလ်နှစ်ခု နားလည်မှုစာချွန်လွှာရေးထိုးပွဲ (MoU – Memorandum of Understanding) ပြုလုပ်ရန် ကျွန်တော်တို့အဖွဲ့ ထိုတက္ကသိုလ်သို့ သွားရောက်ခဲ့ပါသည်။ တက္ကသိုလ်၏ မှန်ခြံ (Glass House) အကြောင်းကို ဆွေးနွေးရာ တာဝန်ရှိသူတစ်ဦးက ဤမှန်ခြံထဲမှာ ပါရဂူဘွဲ့သုတေသန လူ ၁၀၀၀-ဦး တပြိုင်နက် ပြုလုပ်၍ရသည်ဟု ပြောခဲ့ပါသည်။ ကြွားလှချည်လားဟု ထင်မိရာတကယ် သား ကြည့်တော့မှ တစ်မိုင်ပတ်လည်လောက် ကျယ်ဝန်းသည့် မှန်ခြံကြီး အကြီးကြီး ဖြစ်နေတာကို တွေ့ခဲ့ရပါသည်။
ပုံ - ၁ ဗာဂဲန်နီကန်တက္ကသိုလ်၏ ကြီးမားလှသော မှန်ခြံကြီး
တက္ကသိုလ်မှာ မဟာဌာနကြီး ၅ ခုရှိရာ
- (က) သီးနှံနှင့် အပင်သိပ္ပံမဟာဌာန (Faculty of Plant Sciences)
- (ခ) စိုက်ပျိုးနည်းပညာနှင့် အစားအသောက်သိပ္ပံ မဟာဌာန (Faculty of Agro-Technology and Food Sciences)
- (ဂ) မွေးမြူရေးသိပ္ပံမဟာဌာန (Faculty of Animal Sciences)
- (ဃ) ပတ်ဝန်းကျင်သိပ္ပံ မဟာဌာန (Faculty of Environmental Sciences) နှင့်
- (င) လူမှုရေးသိပ္ပံ မဟာဌာန (Faculty of Social Sciences)
စသည့် မဟာဌာနကြီးများတွင် ပါမောက္ခ ၁၇၀-ဦး က စိုက်ပျိုးမွေးမြူရေး နှင့်ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်နည်းပညာများကို သင်ကြား သုတေသန ပြုလျက်ရှိပါသည်။
ကျွန်တော်တို့နိုင်ငံရှိ စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောဆိုင်ရာ တက္ကသိုလ်များမှာ ဘာသာရပ် တစ်ခုချင်း အထူးပြုဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပါမောက္ခ ၂၀-၃၀ ဦးခန့်၊ ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာလည်း နှစ်ထောင်၊ သုံးထောင်လောက်သာ ရှိကြသော တက္ကသိုလ်ငယ်လေးများ ဖြစ်ကြပါသည်။
ဒဂုံတက္ကသိုလ်ကဲ့သို့ ကျောင်းသား ငါးသောင်းကျော်ရှိသည့် တက္ကသိုလ်များရှိသော်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်နေသော စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အသုံးချဘာသာရပ်များ သင်ကြားပေးနေမှုမှာ အားနည်းနေသေးပါသည်။ ထို့အတွက် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များ စာရင်းဝင်လိုသည်ဆိုပါက ဘာသာရပ်ပေါင်းစုံ သင်ကြားပေးသော တက္ကသိုလ်စနစ် (Comprehensive University System) ဖြစ်သင့်ပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာလည်း တစ်သောင်းအထက် ရှိသင့်ပါသည်။ သုတေသန အခြေခံ တက္ကသိုလ် ဖြစ်ရန်အတွက် စာသင်ကြားမှု အဓိကထားသည့် ပါမောက္ခများ (Teaching-based Professors) ရှိရမည့်အပြင် သုတေသနကို အဓိကထားသည့် ဘွဲ့လွန် (မဟာ၊ပါရဂူ ကျောင်းသား၊ ကျောင်းသူ) များနှင့် တွဲဖက်ဆောင်ရွက်နေသော ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ (Research-based Professors) လည်း များစွာရှိနေရန် လိုပါသည်။ သုတေသနများစွာ ပြုလုပ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ဂျာနယ် (International Referee Journals) များတွင် သုတေသန တွေ့ရှိချက်များကို ပုံနှိပ်ထုတ်ဝေ (Publication) မှသာ ကမ္ဘာ့ တက္ကသိုလ် အချင်းချင်း အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင် (Competition) ခြင်း ပြုလုပ်နိုင်ပါလိမ့်မည်။
မဟာဌာန၊ အုပ်စုအဖွဲ့ကြီးများ
(က) သီးနှံနှင့် အပင်သိပ္ပံ (Faculty/Chairs of Plant Sciences) မဟာဌာန/ပါမောက္ခ အဖွဲ့ကြီး အောက်တွင် ဘာသာရပ်အစုအဝေး (Cluster/Group) (၆) ခုရှိပါသည်။
- (က-၁) စိုက်ပျိုးသီးနှံနည်းပညာ (Agro-Technology)၊ အုပ်စုအောက်တွင် စိုက်ကွင်းဆိုင်ရာနည်းပညာ (Farm Technology) အဖွဲ့ ရှိပါသည်။
- (က-၂) ဇီဝမျိုးကွဲများ (Biodiversity) အုပ်စု အောက်တွင် ဇီဝအမျိုးအစားခွဲခြားခြင်း (Biosystematics)၊ အပင်မျိုးမွေးမြူရေး (Plant Breeding) အဖွဲ့တို့ရှိပါသည်။
- (က-၃) ဇီဝစာရင်းအင်းပညာ (Biometrics) အုပ်စုအောက်တွင် အသုံးချသင်္ချာ (Applied Mathematics)၊ အသုံးချ စာရင်းအင်းပညာ (Applied Statistics) တို့ရှိပါသည်။
- (က-၄) ဇီဝသိပ္ပံပညာ (Bioscience) အုပ်စုအောက်တွင် ဇီဝဆိုင်ရာ အချက်အလက်နည်းပညာ (Bioinformatics)၊ ဆဲလ်ဇီဝဗေဒ (Cell Biology)၊ ဗီဇဗေဒ (Genetics)၊ မော်လီကျူးဆိုင်ရာဇီဝဗေဒ (Molecular Biology)၊ အပင်ဇီဝကမ္မဗေဒ (Plant Physiology) တို့ ရှိပါသည်။
- (က-၅) အပင်ကာကွယ်ရေး (Crop Protection) အုပ်စုအောက်တွင် ကိမိလဗေဒ (Entomology)၊ နီမတုတ်ပညာ (Nematology)၊ အပင်ရောဂါဗေဒ (Phytopathology) နှင့် ဗိုင်းရပ်ပညာ (Virology) တို့ရှိပါသည်။
- (က-၆) အပင်စိုက်ပျိုးထုတ်လုပ်ခြင်းစနစ်များ (Plant Production System) အုပ်စုအောက်တွင် သီးနှံနှင့်ပေါင်းဂေဟဗေဒ (Crop and Weed Ecology)၊ စိုက်ပျိုးသီးနှံဇီဝကမ္မဗေဒ (Crop Physiology)၊ စိုက်ပျိုးနည်းစနစ်ဆိုင်ရာဂေဟဗေဒ (Farming Systems Ecology)၊ ဥယျာဉ်ခြံသီးနှံထုတ်လုပ်မှုဇီဝကမ္မဗေဒ (Horticulture production Physiology)၊ အပင်စိုက်ပျိုးထုတ်လုပ်ခြင်း (Plant Production) စသည်တို့ရှိပါသည်။
(ခ) စိုက်ပျိုးနည်းပညာနှင့် အစားအသောက်သိပ္ပံ (Agro-technology and Food Sciences) အုပ်စုအောက်တွင် ဘာသာရပ်အစုအဝေး (Cluster/Group) (၄) ခုရှိပါသည်။
- (ခ-၁) ဇီဝအခြေခံသိပ္ပံ (Bio-based Sciences) များအောက်တွင် ဇီဝအခြေခံဓာတုဗေဒနှင့်နည်းပညာအဖွဲ့ (Bio-based Chemistry and Technology) (ဂျပန်နိုင်ငံတွင်တော့ Laboratory ဟုခေါ်ပါသည်၊ နောင်ဆောင်းပါးများတွင်ဆွေးနွေးပါမည်)၊ ဇီဝပြန်ဖြည့်မျိုးစွမ်းအင်နည်းပညာ (Biological Recovery and Re-Use Technology)၊ ပတ်ဝန်းကျင်နည်းပညာ (Environmental Technology) နှင့် ဇီဝလုပ်ငန်းစဉ်အင်ဂျင်နီယာပညာ (Bioprocess Engineering) တို့ဖြစ်ပါသည်။
- (ခ-၂) ဇီဝမော်လီကျူးသိပ္ပံ (Bio-based Sciences) များအောက်တွင် ဇီဝဓာတုဗေဒ (Biochemistry)၊ ဇီဝနာနိုနည်းပညာ (Bio-Nano Technology)၊ ဇီဝရူပဗေဒ (Biophysics)၊ အဏုဇီဝဗေဒ (Microbiology)၊ ဩဂဲနစ်ဓာတုဗေဒ (Organic Chemistry)၊ အဆိပ်ဗေဒ (Toxicology) စသည်တို့ ဖြစ်ပါသည်။
- (ခ-၃) အစားအသောက်သိပ္ပံပညာ (Food Sciences) များအောက်တွင် အစားအစာ ဆိုင်ရာဓာတုဗေဒ (Food Chemistry)၊ အစားအစာဆိုင်ရာ အဏုဇီဝဗေဒ (Food Microbiology)၊ အစားအစာထုတ်လုပ်မှု အင်ဂျင်နီယာပညာ (Food Process Engineering)၊ အစားအစာ အရည်အသွေးနှင့် ဒီဇိုင်းပုံစံ (Food Quality and Design)၊ အစားအစာဆိုင်ရာ ရူပနှင့်သက်မဲ့ ဓာတုဗေဒ (Physics and Physical Chemistry of Foods) တို့ဖြစ်ပါသည်။
- (ခ-၄) အာဟာရဓာတ်ဆိုင်ရာသိပ္ပံပညာ (Nutrition Sciences) များအောက်တွင် အာဟာရဓာတ်နှင့်ဖြစ်ပွားနိုင်သောရောဂါများ (Nutrition and Diseases)၊ တစ်ကမ္ဘာလုံးဆိုင်ရာ အာဟာရဓာတ်အကြောင်း (Global Nutrition)၊ အာဟာရဓာတ်၊ ဇီဝတွင်းဖြစ်ပျက်မှုနှင့် ဗီဇဆဲလ်များ (Nutrition, Metabolism and Genomics)၊ အာဟာရဆိုင်ရာ ဇီဝဗေဒနှင့် ကျန်းမာရေး (Nutritional Biology and Health) စသည်တို့ဖြစ်ပါသည်။
(ဂ) လူမှုရေးသိပ္ပံများ (Social Sciences) အုပ်စုအောက်တွင် ဘာသာရပ်အစုအဝေး (Cluster/Group) (၅) ခုရှိပါသည်။
- (ဂ-၁) ကူးသန်းရောင်းဝယ်ရေးသိပ္ပံ (Business Sciences) များအောက်တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာစီးပွားရေးပညာ (Business Economics) အဖွဲ့၊ စီးပွားရေး ဆိုင်ရာစီမံအုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံများ (Business Management and Organization)၊ ပညာရေးနှင့်သင်ယူရေးဆိုင်ရာ သိပ္ပံများ (Education and Learning Sciences)၊ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာ (Information Technology)၊ ဈေးကွက်နှင့်စားသုံးသူ အလေ့အထများ (Marketing and Consumer Behaviors)၊ နှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာသုတေသနနှင့် ထောက်ပံ့ပို့ဆောင်ရေး (Operations Research and Logistics) စသည်တို့ပါဝင်ပါသည်။
- (ဂ-၂) ဆက်သွယ်ရေး၊ ဒဿနိကဗေဒနှင့် နည်းပညာ အဖွဲ့ (Communication, Philosophy and Technology) များအောက်တွင် ဗဟုသုတ၊ နည်းပညာနှင့် တီထွင်မှု (Knowledge, Technology and Innovation) အဖွဲ့၊ ဒဿနိကဗေဒ (Philosophy)၊ မဟာဗျူဟာဆိုင်ရာ ဆက်သွယ်ရေး (Strategic Communication) တို့ပါဝင်ပါသည်။
- (ဂ-၃) စီးပွားရေးပညာအဖွဲ့ (Economics) များအောက်တွင် စိုက်ပျိုးစီးပွားရေး နှင့်ကျေးလက်မူဝါဒ (Agricultural Economics and Rural Policy) အဖွဲ့၊ ဖွံ့ဖြိုးမှုဆိုင်ရာ စီးပွားရေးပညာ (Development Economics)၊ ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးနှင့် သဘာဝ အရင်းအမြစ်များ (Environmental Economics and Natural Resources)၊ ကျေးလက်နှင့် ပတ်ဝန်းကျင်ပညာ သမိုင်းကိုလေ့လာခြင်းပညာ (Rural and Environmental History) နှင့် မြို့ပြ စီးပွားရေးပညာ (Urban Economics) တို့ဖြစ်ပါသည်။
- (ဂ-၄) အစုအဖွဲ့၊ နေရာ၊ အသင်းအဖွဲ့ (Space, Place and Society) များအောက်တွင် စားသုံးမှုနှင့် ကျန်းမာစွာနေထိုင်စားသောက်ပုံ (Consumptions and Healthy Lifestyles) အဖွဲ့၊ ကျန်းမာရေးနှင့် လူ့အဖွဲ့အစည်း (Health and Society) အဖွဲ့၊ ကျေးလက်ဒေသ လူမှုရေးပညာ (Rural Sociology) နှင့် လူမှုဗေဒနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြောင်းလဲခြင်း (Sociology of Development and Changes) တို့ပါဝင်ပါသည်။
- (ဂ-၅) ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာပညာ အသင်းအဖွဲ့ (Sustainability Governance) များအောက်တွင် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ (Environmental Policy) အဖွဲ့၊ ဥပဒေ (Law)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်မူဝါဒ (Public Administration and Policy) တို့ပါဝင်ပါသည်။
(ဃ) မွေးမြူရေးသိပ္ပံများ (Animal Sciences) အုပ်စု အောက်တွင် ဘာသာရပ် အစုအဝေး (Cluster/Group) (၃) ခုရှိပါသည်။
- (ဃ-၁) အနာဂတ်အစားအစာတွင် တိရစ္ဆာန်များ၏ ကဏ္ဍ (Animals in Future Food Systems and Society) များအောက်တွင် တိရစ္ဆာန်ဇီဝဖြစ်စဉ် ဆီလျော်မှု (Animal Adaptation Physiology) အဖွဲ့၊ တိရစ္ဆာန်အာဟာရပညာ (Animal Nutrition)၊ နှင့် တိရစ္ဆာန် ထုတ်လုပ်မှုစနစ်များ (Animal Production Systems) ပါဝင်ပါသည်။
- (ဃ-၂) ဗီဇဗေဒ အလေ့အထများ အုပ်စု (Epi-Genetics) များအောက်တွင် တိရစ္ဆာန်ဗီဇဗေဒနှင့် မျိုးသစ်မွေးမြူရေး (Animal Breeding and Genetics) အဖွဲ့၊ လက်ခံအကောင်နှင့် ဇီဝဆက်သွယ်မှု (Host-Microbe Interactions)၊ ကုသရေးဆိုင်ရာ နှင့် ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာပညာ (Quantitative Veterinary Epidermiology) တို့ဖြစ်ပါသည်။
- (ဃ-၃) တိရစ္ဆာန်ဇီဝဗေဒ စုပေါင်း လေ့လာသော အုပ်စု (Integrative Animal Biology) များအောက်တွင် ငါး၊ ပုစွန်နှင့် ရေလုပ်ငန်း ပညာ (Aquaculture and Fisheries) အဖွဲ့၊ အပြုအမူဆိုင်ရာ ဂေဟဗေဒအဖွဲ့ (Behavioral Ecology)၊ ဆဲလ်ဇီဝဗေဒနှင့် ကိုယ်ခံအားကောင်းစေမှုပညာ (Cell Biology and Immunology) အဖွဲ့၊ သုတေသနဆိုင်ရာ သတ္တဗေဒ (Experimental Zoology)၊ လူနှင့်တိရစ္ဆာန်ဇီဝကမ္မဗေဒ (Human and Animal Physiology) နှင့် ပင်လယ်ရှိ ရေသတ္တဝါများ ဂေဟဗေဒ (Marine Animal Ecology) တို့ဖြစ်ပါသည်။
(င) ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံများ (Environmental Sciences) အုပ်စုကြီး အောက်တွင် အောက်ပါ အဖွဲ့များပါဝင်ပါသည်။
- (င-၁) လေထုအရည်အသွေးနှင့် ကမ္ဘာ့လေထု ဓာတုဗေဒ (Air Quality and Atmosphere Chemistry)
- (င-၂) ရေနေသတ္တဝါဂေဟဗေဒနှင့် ရေအရည်အသွေးစီမံခန့်ခွဲခြင်း (Aquatic Ecology and Water Quality Management)
- (င-၃) လူမှုပထဝီပညာ (Cultural Geography)
- (င-၄) ပတ်ဝန်းကျင်စနစ်ဆန်းစစ်ခြင်း (Environmental Systems Analysis)
- (င-၅) သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ (Forest and Nature Conservation Policy)
- (င-၆) သစ်တောဂေဟဗေဒနှင့် စီမံခန့်ခွဲမှုပညာ (Forest Ecology and Forest Management)
- (င-၇) မြေဆီလွှာအချက်အလက်နည်းပညာသိပ္ပံ (Geo-information Sciences)
- (င-၈) ဇလဗေဒနှင့်ရေစီမံခန့်ခွဲမှု (Hydrology and Quantitative Water Management)
- (င-၉) မြေအလှဆင်ခြင်းပညာ (Landscape Architecture)
- (င-၁၀) မိုးလေဝသပညာ (Meteorology)
- (င-၁၁) အပင်ဂေဟဗေဒနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးပညာ (Plant Ecology and Nature Conservation)
- (င-၁၂) စိုက်ပျိုးရေးတွင်အဝေးမှအာရုံခံသောနည်းပညာ (Remote Sensing in )
- (င-၁၃) အရင်းအမြစ်ဆိုင်ရာဂေဟဗေဒ (Resource Ecology)
- (င-၁၄) မြေဆီလွှာဇီဝဗေဒ (Soil Biology)
- (င-၁၅) မြေဆီလွှာဓာတုဗေဒနှင့် မြေဆီလွှာအရည်အသွေးများ (Soil Chemistry and Chemical Soil Quality)
- (င-၁၆) မြေဆီလွှာ ပထဝီဝင်နှင့် မြေယာအလှပညာ (Soil Geography and Landscape)
- (င-၁၇) မြေဆီလွှာရူပဗေဒနှင့် မြေယာထိန်းသိမ်းရေး (Soil Physics and Land Management)
- (င-၁၈) မြို့ပြစီမံကိန်းများ (Spatial Planning)
- (င-၁၉) ရေအရင်းအမြစ်စီမံခန့်ခွဲမှု (Water Resources Management)
- (င-၂၀) ကမ္ဘာ့ရေစီမံခန့်ခွဲမှုစနစ်များ (Water Systems and Global Change) စသည်တို့ ဖြစ်ပါသည်။ ဘာသာရပ်အများစု သည် ကျွန်တော်တို့နိုင်ငံတွင် မရှိရုံမက တချို့ဘာသာရပ်များမှာ ကြားပင်မကြားဖူးပါ။
ဗာဂဲန်နီကန်သုတေသနအုပ်စုကြီး (Wageningen Research Centers) အောက်တွင်
- (က) အစားအစာလုံခြုံမှု သုတေသနဌာန (Food Safety Research)
- (ခ) အစားအစာနှင့်ဇီဝအခြေခံ သုတေသနဌာန (Food and Bio-based Research)
- (ဂ) မွေးမြူရေး သုတေသနဌာန (Livestock Research)
- (ဃ) ဇီဝမျိုးကွဲ သုတေသနဌာန (Biodiversity Research)
- (င) ပင်လယ်ပြင်ဆိုင်ရာ သုတေသနဌာန (Marine Research)
- (စ) ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဌာန (Environmental Research)
- (ဆ) အပင်သီးနှံဆိုင်ရာ သုတေသနဌာန (Plant Research)
- (ဇ) စီးပွားရေးဆိုင်ရာ သုတေသနဌာန (Economic Research) နှင့်
- (ဈ) ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတီထွင်ဖန်တီးမှု ဗဟိုဌာန (Centre for Development and innovation) တို့ရှိပါသည်။
ဗာဂဲန်နီကန်တက္ကသိုလ်တွင် ဘွဲ့ကြိုဘာသာ ၁၉ မျိုး (ဥပမာ- Animal Sciences, Tourism, etc.)၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ ဘာသာ ဘွဲ့လွန် ၂၈ မျိုး (ဥပမာ- Sustainable Agriculture, Climate Studies, Food Technology, Organic Agriculture, Water Technology, etc.,) ကို တစ်ကမ္ဘာလုံးမှ ကျောင်းသား၊ ကျောင်းသူ ၂၅ ရာခိုင်နှုန်းခန့် အပါအဝင် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် စုစုပေါင်း (၁၃,၆၇၆) ဦး တက်ရောက် လေ့လာသင်ကြား၊ သုတေသန ပြုလျက် ရှိပါသည်။ ပြည်တွင်း နှင့်နိုင်ငံတကာမှ ဘွဲ့လွန် (မဟာသိပ္ပံ၊ ပါရဂူဘွဲ့ သင်တန်းကျောင်းသား/သူ ၇၇၇၂-ဦး) ရှိပါသည်။
ဘွဲ့ကြိုနှင့် ဘွဲ့လွန် ကျောင်းသားအချိုးမှာ (၅၀%) တစ်ဝက်ခန့်စီ ရှိပါသည်။ သို့မှသာ သုတေသန အခြေပြု တက္ကသိုလ် (Research - based University) ဖြစ်မြောက်ပါမည်။ ၂၀၂၁ ခုနှစ် စာရင်းဇယား အရ တက္ကသိုလ်တစ်နှစ်ဝင်ငွေ (€ 635 million) ယူရို ၆၃၅ သန်း ရရှိပါသည်။ တက္ကသိုလ်နှင့် သုတေသန ပူးပေါင်းလုပ်ဆောင်ထား၍ ဝက်ဂန်နင်ဂန် သုတေသနဌာနမှ အစားအသောက်နှင့် ဇီဝအခြေခံ သုတေသန (Food and Bio-based Research)၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးသုတေသန (Livestock and Veterinary Research)၊ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန (Environmental Research)၊ သီးနှံပင်ဆိုင်ရာ သုတေသန (Plant Research)၊ စီးပွားရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်မှုဌာန (Economic and Centre for Development Innovation) တို့က တက္ကသိုလ် သင်ကြားရေးနှင့် အချိုးညီညီ လုပ်ဆောင်လျက် ရှိနေပါသည်။
ဗာဂဲန်နီကန် တက္ကသိုလ်မှ ကျွန်တော်တို့ ဆရာကြီး ဦးကျော်သောင်း (ယခုကွယ်လွန်သွားပါပြီ) က မြေဆီလွှာသိပ္ပံဘွဲ့လွန်ဒီပလိုမာနှင့် စိုက်ပျိုးရေးသုတေသနဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၏ သမီး မမိုးမိုးကြည်ဝင်း က မဟာစိုက်ပျိုးရေးသိပ္ပံ ဘွဲ့ရရှိခဲ့ပါသည်။ ဗာဂဲန်နီကန် တက္ကသိုလ်တွင် ကျွန်တော်တို့ အိမ်နီးချင်း အာဆီယံနိုင်ငံများမှ ဘယ်နှစ်ယောက် (ရာဂဏန်း၊ ထောင်ဂဏန်း) မဟာသိပ္ပံ၊ ပါရဂူဘွဲ့ ရလာခဲ့မှန်း မသိပါ။
ကျွန်တော်တို့ ခြေလှမ်းပေါင်းများစွာ အပြေးလိုက်ရပါဦးမည်။ စိတ်ဓာတ် ကျစရာမလိုပါ။ နောင်တစ်ချိန် ဟို အရင် ၁၉၆၂-ခုနှစ်မတိုင်မီ ထိုင်း၊ မလေးရှားမှ ကျောင်းသားများ ရန်ကုန်တက္ကသိုလ် သို့ လာရောက်သင်ကြားခဲ့ရသလို ပြန်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားရပါမည်။ တစ်ဦးတယောက်အားနှင့် ယူသော်မရ၊ စုပေါင်းအားနှင့် ယူပါက မလွဲ မသွေရောက်ရှိလာပါမည်။ ကျန်နိုင်ငံများမှ စိုက်ပျိုးရေး၊ မွေးမြူရေး တက္ကသိုလ်များအကြောင်း ဆက်လက်ရေးသားပါမည်။
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။