မတ်လ ၁၂ ရက်ကနေ ၁၄ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ VIV Asia 2025 မွေးမြူရေးပြပွဲကို ကိုယ်တိုင် မတက်ရောက်ဖြစ်ပေမယ့် ပြပွဲအတွင်း ကျင်းပခဲ့တဲ့ နည်းပညာဖိုရမ်အချို့ကို အွန်လိုင်းကနေ ရသလောက် ကြိုးစားပြီး တက်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ဖိုရမ်တစ်ခုမှာ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေး အဖွဲ့ (FAO) က ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Thanawat Tiensin က အမှာစကားပြောကြားရာမှာ သတိပေး သွားတာလေးတစ်ခုက အတော်အရေးကြီးတယ်လို့ ယူဆမိပါတယ်။ “နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ (TADs)တွေ ထိန်းချုပ်ရေးဟာ ပေါ့သေးသေးကိစ္စ မဟုတ်ဘူး” ဆိုတဲ့အချက်ပါ။ ဒေါက်တာ Thanawat က အမေရိကန်မှာ ဒီကနေ့ ဖြစ်နေတဲ့ H5N1 ဂရက်ကို မီးမောင်းထိုးပြပါတယ်။ ကြက်ဥဈေးနှုန်းက အဆပေါင်းများစွာ မြင့်တက်ပြီး ကသောင်းကနင်း ဖြစ်ပါတယ်။ ဒါက နည်းပညာမြင့်မားပြီး ငွေကြေးပြည့်စုံသလို တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြင့်တဲ့ အမေရိကန်မှာပါ။ အမေရိကန်လောက် မပြည့်စုံတဲ့ အာရှနိုင်ငံတွေမှာဆို ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အတွေးကို သူက ပေးသွားပါတယ်။ အဲဒီ ဖိုရမ်တက်ရင်း အမေရိကန်ရဲ့ ကြက်ငှက်တုပ်ကွေးရောဂါ အခြေအနေ ဘယ်လို ရှိနေသလဲဆိုတာကို စာဖတ်ပရိတ်သတ်တွေ ခြုံငုံသိထားရအောင် မျှဝေထားဖို့ ဆန္ဒ ဖြစ်မိ ပါတယ်။ ဒါကြောင့်ပဲ ဒီဆောင်းပါးလေးကနေတဆင့် တတ်နိုင်သမျှ အနှစ်ချုပ်ပြီး တင်ပြလိုက်ရပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါပျံ့နှံ့မှု အခြေအနေ
အမေရိကတိုက် ကျန်းမာရေးအဖွဲ့ (Pan American Health Organization) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၀ ဝန်းကျင်မှာကတည်းက အမေရိကန်နဲ့ ကနေဒါမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကို စတင်တွေ့ရှိလာရတာပါ။ အစပိုင်းမှာတော့ ငှက်ရိုင်းတွေမှာပဲ အဓိကတွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှာတော့ ကနေဒါနိုင်ငံက ကြက်မွေးမြူရေးခြံမှာ ကြက်ငှက်တုပ်ကွေးကို စတင်တွေ့ရှိလာရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်က စတင်ပြီး မွေးမြူရေးကြက်တွေမှာ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ(H5N1) ကို တွေ့ရှိခဲ့ကြရတာပါ။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလလယ်အထိ ကြက်၊ ကြက်ဆင်နဲ့ ဘဲငန်းကောင်ရေ စုစုပေါင်း သန်း ၁၆၀ လောက် သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ စတင်ရေတွက်ရင် သုံးနှစ်အတွင်းမှာ အမေရိကန်ရဲ့ ပြည်နယ် ၅၀ အနက် အားလုံးမှာ ရောဂါ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်နယ်အောက်က ခရိုင် (County - ကောင်တီ) အဆင့်ကို ရေတွက်မယ်ဆိုရင်တော့ ခရိုင်ပေါင်း ၆၁၈ ခုက စီးပွားဖြစ်နဲ့ တစ်နိုင်တစ်ပိုင် ကြက်ခြံတွေမှာ ရောဂါကူးစက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ CDC က ဆိုပါတယ်။
ကြက်ကနေတဆင့် နို့စားနွားအပါအဝင် နို့တိုက် သတ္တဝါအချို့ကို ကူးစက်ခဲ့ရာမှာ ပြည်နယ် ၁၆ ခုက နွားခြံပေါင်း ၉၇၂ ခုမှာ ရောဂါကူးစက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါ တယ်။ နွားတွေကိုတော့ သုတ်သင်ရှင်းလင်းတာမျိုး မလုပ်ခဲ့ပါဘူး။
လူကို ကူးစက်ခံရမှု
၂၀၂၂ ဧပြီလ ၂၉ ရက်မှာတော့ ကော်လိုရာဒို ပြည်နယ်က ကြက်ခြံလုပ်သားတစ်ဦးထံကို ရောဂါ စတင် ကူးစက်ခံခဲ့ရပါတယ်။ တိရစ္ဆာန်တွေကနေတဆင့် လူတွေဆီ ကူးစက်ခဲ့မှုပေါင်း ၇၀ ဝန်းကျင် ရှိခဲ့ပါတယ်။ အများစုက မွေးမြူရေးခြံ လုပ်သားတွေပါ။ ဒါပေမယ့် လူအချင်းချင်း ကူးစက်မှုတော့ လုံးဝ မတွေ့ရှိရသေးပါဘူး။
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် လူသေဆုံးမှုကတော့ ၁ ဦးပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က လူဝီဆားနားပြည်နယ်မှာ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ကတည်းက ရောဂါလက္ခဏာနဲ့ ဆေးရုံတက် ကုသမှုခံယူနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာန (CDC) ကတော့ လက်ရှိအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါကို ပြည်သူ့ကျန်းမာရေး အန္တရာယ်ရှိမှု အလွန်နည်းပါးတဲ့ အဆင့်ပဲ သတ်မှတ်ထားပါတယ်။
ကြက်ဥဈေးနှုန်း
ကြက်ကောင်ရေ လျော့ကျသွားတာကြောင့် ကြက်ဥထုတ်လုပ်မှု ကျဆင်းပြီး ကြက်ဥဈေးနှုန်းတွေက အဆမတန် မြင့်တက်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကြက်ဥတစ်ဒါဇင်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၅.၈၈ ဒေါ်လာ ခန့် ရှိခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပျမ်းမျှဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၂.၀၃ ဒေါ်လာ ထပ်မံမြင့်တက်လာတာ ဖြစ်ပါ တယ်။ ကြက်ဥတစ်ဒါဇင်ရဲ့ ဈေးနှုန်းဟာ ကြက်ငှက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၂၂ နှစ် မတိုင်မီက ၂ ဒေါ် လာအောက်မှာပဲ ဆယ်စုနှစ်တစ်ခုလုံး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တာလို့ ဆိုပါတယ်။ ကြက်ဥဈေးနှုန်း အဆ မတန်မြင့်တက်လာမှုကို ငွေကြေးဖောင်းပွမှု (Inflation) နဲ့ နှိုင်းယှဉ်ပြီး Eggflation ဆို တဲ့ စကားလုံးနဲ့တောင် တင်စားပြောဆိုလာကြပါတယ်။
ကြက်ဥဈေးနှုန်းမြင့်တက်မှုကို ထိန်းသိမ်းဖို့အတွက် အမေရိကန်အစိုးရက ပြည်ပကနေ ကြက်ဥတွေ မှာယူတင်သွင်းဖို့ ကြိုးစားလာပါတယ်။ နောဒစ်နိုင်ငံတွေရဲ့ ကြက်ဥထုတ်လုပ်သူများအသင်းထံ ဆက်သွယ်ပြီး ကြက်ဥ တင်သွင်းဖို့ ကြိုးစားနေကြောင်း သတင်းတွေ ထွက်လာနေသလို တူရကီနိုင်ငံအနေနဲ့လည်း ကြက်ဥတန်ချိန်ပေါင်း ၁၅,၀၀၀ ကို အမေရိကန်နိုင်ငံဆီ စတင်တင်ပို့နေပြီလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကြေငြာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ပတ်ပြီး ရန်ဖြစ်နေတဲ့ ဒေါ်နယ်လ်ထရမ့်အစိုးရဟာ ကြက်ဥကိုတော့ ကမ္ဘာပတ်ပြီး ရှာဖွေနေရပါပြီ။
ကြက်တွေအတွက် ကာကွယ်ဆေး
အမေရိကန်နိုင်ငံဟာ ကြက်ငှက်တုပ်ကွေးရောဂါကို ထိန်းချုပ်ရာမှာ ကာကွယ်ဆေးအသုံးပြုတဲ့ နည်းလမ်း ကို မရွေးချယ်ဘဲ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တာပါ။ အဲဒီအစား ရောဂါဖြစ်တဲ့ ကြက်တွေကို သုတ်သင်ရှင်းလင်း ပြီး ရောဂါကို လုံးဝအမြစ်ဖြတ်တဲ့ နည်းလမ်းကိုပဲ ရွေးချယ်ခဲ့တာပါ။ ကာကွယ်ဆေးကို သုံးပြီး ရောဂါထိန်းချုပ်တာ ဟာ ရောဂါကူးစက်ပျံ့နှံ့နေမှုကို မသိရဘဲ အခြေအနေကို ပိုဆိုးဝါးသွားစေနိုင်တယ်လို့ ပညာရှင်အချို့က ယူဆကြ တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီရောဂါကြောင့် ကြက်မွေးမြူရေးကို ထိခိုက်ပြီး ကြက်ဥဈေးနှုန်း အဆမတန် မြင့်မားလာမှုနဲ့ နို့တိုက်သတ္တဝါတွေဆီ ကူးစက်ခံရမှု မြင့်တက်လာတာကြောင့် အမေရိကန် စိုက်ပျိုးရေးဌာနအနေနဲ့ ကာကွယ်ဆေးအသုံးပြုပြီး ရောဂါထိန်းချုပ်ဖို့ စဉ်းစားလာရပါတယ်။
ကြက်တွေမှာ အသုံးပြုဖို့ ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးတစ်မျိုးကို ကန့်သတ်ချက်တွေနဲ့ အသုံးပြု နိုင်ဖို့ အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာန (USDA) ရဲ့ တိရစ္ဆာန်ကာကွယ်ဆေးဌာန (Center for Veterinary Biologics) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ထုတ်လုပ်ခွင့် လိုင်စင်ချထား ပေးလိုက်ပါတယ်။ Zoetis ကုမ္ပဏီ က ထုတ်လုပ်တဲ့ H5N2 ကာကွယ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုပေး လိုက်တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ကာကွယ်ဆေးကို မွေးမြူသူတွေထံ ဖြန့်ချိရောင်းချဖို့၊ ခြံတွေမှာ တိုက် ရိုက်အသုံးပြုဖို့ ခွင့်ပေးတာ မဟုတ်ပါဘူး။ USDA အနေနဲ့ ကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို စုဆောင်းပြီး အရန်သိုလှောင်ထားနိုင်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Zoetis ရဲ့ ကာကွယ်ဆေးဟာ H5N2 Subtype ဗိုင်းရပ်စ်ကို အခြေခံထုတ်လုပ်ထားတဲ့ ပိုးသေကာကွယ်ဆေး ဖြစ်ပါတယ်။
တကယ်တော့ ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးကို အခုမှ ထုတ်လုပ်နိုင်တာ မဟုတ်ပါဘူး။ အာရှမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားပြီးချိန်ကတည်းက အမေရိကန်နိုင်ငံဟာ ကာကွယ်ဆေးတွေ ကြိုတင် ထုတ်လုပ်ပြီး အရန်အဖြစ် သိုလှောင်ထားခဲ့တဲ့ အလေ့အကျင့် ရှိတယ်လို့ သိရပါတယ်။ ယခင်က ကာကွယ်ဆေး ၃ မျိုး ထုတ်လုပ်ခဲ့ပြီး CEVA နဲ့ MERCK အပြင် အမေရိကန်အစိုးရရဲ့ အေဂျင်စီတစ်ခုကပါ ထုတ်လုပ်ထားခဲ့ကြတာ ဖြစ် တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီဆေးတွေကို အသုံးမပြုခဲ့ပါဘူး။ အခုတစ်ခေါက်မှာတော့ Zoetis ကို ထုတ်လုပ် ခွင့် လိုင်စင်ချပေးပြီး အရန်သိုလှောင်မယ့် အနေအထား ဖြစ်ပါတယ်။
လူအတွက် ကာကွယ်ဆေး
လူတွေအတွက် ကြက်ငှက်တုပ်ကွေးကာကွယ်ဆေးကိုလည်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အမေရိကန်အစိုးရ ကျန်းမာရေးဌာန (US Department of Health and Human Services – HHS) က mRNA နည်းပညာသုံး ကြက်ငှက်တုပ်ကွေးကာကွယ်ဆေး (လူသုံး) ကို ထုတ်လုပ်ဖို့ Moderna ကုမ္ပဏီကို ကန်ထရိုက် ပေးထားပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးထုတ်လုပ်ရေး သုတေသနအတွက် ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၇၆ သန်း ပေး အပ်ခဲ့သလို ဒီနှစ်မှာလည်း ဒေါ်လာ သန်း ၅၉၀ ထပ်မံ ချထားပေးတယ်လို့ သိရပါတယ်။
Moderna ဟာ H5 နဲ့ H7 တုပ်ကွေးဗိုင်းရပ်စ်တွေကို ခုခံတွန်းလှန်နိုင်မယ့် ကာကွယ်ဆေးကို စမ်းသပ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ မကြာခင်မှာ Phase 3 အဆင့် ကာကွယ်ဆေးစမ်းသပ်မှုကို ဆောင် ရွက်တော့မှာ ဖြစ်ပါတယ်။ လူအမြောက်အများကို ကာကွယ်ဆေးထိုးနှံပြီး စမ်းသပ်တဲ့အဆင့် ဖြစ်ပါတယ်။
အနှစ်ချုပ်
နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါတွေဟာ ပေါ့ပေါ့ဆဆ ထားလို့မရပါဘူး။ ဖြစ်ပွားလာရင် စီးပွား ရေးအရ၊ ပြည်သူ့ကျန်းမာရေးအရ သက်ရောက်မှုတွေ အလွန်ကြီးမားပါတယ်။ ငွေကြေးနဲ့ နည်းပညာပြည့်စုံပြီး မွေးမြူရေးလုပ်ငန်းတွေမှာ သိပ်ကို စည်းစနစ်ကျတယ်ဆိုတဲ့ နိုင်ငံကြီးတွေပင်လျှင် ရောဂါရဲ့ သက်ရောက်မှုကို ခံစားကြရတာမို့ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံများက ရောဂါရဲ့ သက်ရောက်မှုကို ပိုလို့တောင် ခံစားရဖို့ ရှိပါတယ်။ အဲဒီရောဂါတွေကို ထိန်းချုပ်ဖို့နဲ့ ရောဂါရဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ လိုအပ် ပါတယ်။ အဲဒီလိုကြိုတင်ပြင်ဆင်ဖို့ တာဝန်အရှိဆုံးကတော့ အစိုးရဌာနတွေပဲ ဖြစ်တယ်ဆိုတာကို အမေရိကန် နိုင်ငံရဲ့ ကြက်ငှက်တုပ်ကွေး အတွေ့အကြုံများကနေ အလွယ်တကူ သင်ခန်းစာ ထုတ်ယူနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
