တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (သြဂုတ်လ၊ ၂၀၁၉ )

01/08/2019 15:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဇူလိုင်လလို မဟုတ်ပါ။ သြဂုတ်လတွင် မိုးများစွာရွာသွန်းလေ့ရှိသည်။ ဇူလိုင်လအတွင်းက မိုးခေါင်မှု(July Drought) ကို ကြုံခဲ့ရမှုကြောင့် အစိုဓာတ်လုံလောက်စွာမရသဖြင့် မည်သည့်သီးနှံကိုမျှ မစိုက်လိုက်ရသည့်ဒေသများအတွက် အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။ ပဲတီစိမ်း၊ စကမြေပဲ၊ နှမ်းလျင်၊ နေကြာ-စသည့် ယာသီးနှံများကို စိုက်ပျိုးရန် ဖြစ်ပါသည်။ 

ယာသီးနှံ - ယာသီးနှံပုံစံ

မိုးရေလုံလောက်စွာရရှိပြီး မိုးဦးယာသီးနှံများစိုက်ပျိုးနိုင်သည့် ဒေသများတွင် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပြောင်းဖူးစသည့် စိုက်သမျှသီးနှံများအောင်မြင်သည်။ စောစောစိုက်၍ စောစောရိတ်နိုင်မည်။ ပထမယာသီးနှံများ ရိတ်သိမ်းအပြီး သီးထပ်အဖြစ် ဒုတိယယာသီးနံများကို ထပ်မံစိုက်ဖို့ အချိန်ရသည်။ မိုးရာသီတစ်ခုအတွင်း ယာသီးနှံ-ယာသီးနှံ သီးနှံပုံစံချမှတ် ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

ဒေသအလိုက်ဆောင်ရွက်နိုင်သည့် သီးနှံပုံစံများမှာ- နှမ်းလျင်-ပဲတီစိမ်း သီးနှံပုံစံ၊ နှမ်းလျင်-စကမြေပဲသီးနှံပုံစံ၊ ပဲတီစိမ်း-စကမြေပဲသီးနှံပုံစံ၊ ပဲတီစိမ်း-နှမ်းလျင်သီးနှံပုံစံ၊ ပဲတီစိမ်း-စပ်မျိုးနေကြာ သီးနှံပုံစံ၊ ပဲတီစိမ်း-ချည်မျှင်ရှည်ဝါသီးနှံပုံစံ၊ ပဲပုပ်-ပန်းနှမ်းသီးနှံပုံစံ၊ ပဲပုပ်-နေကြာသီးနှံပုံစံ၊ ပဲပုပ်-ဂျုံ သီးနှံပုံစံ- စသည်တို့ ဖြစ်သည်။ တစ်သီးပြီးတစ်သီး ဝင်ငွေရရှိရေး ဆောင်ရွက်နိုင်ပါသည်။         

သီးထပ်သီးနှံအောင်မြင်ရေး

စိုက်ပျိုးမည့်ဒုတိယယာသီးနှံသည် ဒေသနှင့်သင့်တော်ရမည်။ ရေမြေအလိုက် ဖြစ်ထွန်းသောမျိုး ဖြစ်သင့်သည်။ ဈေး ကွက်ရှိရမည်။ သက်လျင်အထွက်ကောင်းမျိုးကို ရွေးချယ်အသုံးပြုသင့်သည်။ 

မိုးရွာသွန်းမှုသည် ပုံမှန်မဖြစ်၊ ပြန့်နှံ့မှုမညီညာ၊ သွန်ချချင်သလိုသွန်ချ-စသည် ပြောင်းလဲဖြစ်ပေါ်ပါက လိုက်လျောညီ ထွေစွာ လိုအပ်သလို ချင့်ချိန်ဆောင်ရွက်ရန်ဖြစ်သည်။ မိုးများခြင်းကြောင့် စိုက်ပြီး ပျက်စီးနိုင်ခြင်း၊ အပင်ပေါက်ပြီး အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ကာ စိုက်ပျိုးသီးနှံပင်များ မပျက်စီးစေရေး ဆောင်ရွက်ဖို့တော့လိုပါသည်။

မိုးစပါးပျိုးထောင်ချိန်

မိုးများသည့်ဒေသများနှင့် ဆည်ရေသောက်ဒေသများအတွက် ပျိုးထောင်ရေ၊ စိုက်ပျိုးရေခက်ခဲမှု မရှိသော်လည်း မိုးနည်းပါးသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် ဇူလိုင်လအတွင်း မိုးခေါင်မှုကြောင့် ပျိုးမထောင်ရမှုများ ရှိနိုင်သည်။ 

သြဂုတ်လအတွင်း စပါးသီးနှံအတွက် လုံလောက်သည့်မိုးရေချိန်ရသည်ထိ မိုးရွာသွန်းနိုင်သည်။ အတွေ့အကြုံအရ ခန့်မှန်းခြင်းဖြစ်သည်။ ပျိုးထောင်ရေ ရလျှင်ရခြင်း အမြန်ပျိုးထောင်သင့်သည်။ သြဂုတ်လသည် မိုးစပါးအတွက် နောက်ကျသည်ဟု ယေဘုယျအားဖြင့်ပြောနိုင်သည်။ သို့သော် သြဂုတ်လမှာမှ မိုးမှန်မှန်ရွာတတ်သော အထက်ပိုင်းဒေသများအတွက် ပျိုးထောင်ချိန်ပုံမှန်ဖြစ်ပါသည်။

တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်

သြဂုတ်လဆန်းထိ ပျိုးထောင်ရေမရနိုင်သည့် ဒေသများလည်း ရှိကောင်းရှိနိုင်သည်။ ထိုကဲ့သို့ မိုးရွာသွန်းမှုနည်းပါးပါက အခြားနည်းလမ်းဖြင့် မိုးစပါးစိုက်နိုင်ရေး ကြိုးစားစေလိုသည်။ အခြောက် ထယ်ရေးအခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice Method)(သို့မဟုတ်) အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ် (Wet Seeded Rice Method) တစ်နည်းနည်းဖြင့် ကြဲပက် (သို့မဟုတ်) အတန်းလိုက် စိုက်ပျိုးရန်ဖြစ်ပါသည်။   

တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်တွင် အခက်အခဲကြုံတွေ့နိုင်သည်မှာ ပေါင်းမြက်ဖြစ်သည်။ ထွန်ရေးကောင်းစွာဆောင်ရွက်ပြီး ထိရောက်စွာ ကြိုတင်ကာကွယ်ဖို့လိုသည်။ စိုက်ပြီးပါကလည်း ပေါင်းမြက်ကင်းစင်စေရေးကို ပေါင်းသတ်ဆေးပက်ဖျန်းခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ စနစ်တကျ ရေထိန်းသိမ်းခြင်း နည်းမျိုးစုံဖြင့် အထူးဂရုပြုဆောင်ရွက်ရန်လိုကြောင်း အသိပေးလိုပါသည်။

ပျိုးသက်ကြီးစိုက်ပျိုးခြင်း

ပျိုးသက်တစ်လအတွင်း ပြောင်းရွှေ့ကောက်စိုက်သင့်သည်။ သို့သော် အချို့ဒေသများသည် မိုးရွာသွန်းမှုနည်းပါးမှုကြောင့် စိုက်ခင်းထွန်ရေးပြင်ရန် မိုး လိုကောင်းလိုနိုင်သည်။ ရေရရှိချိန်တွင်  ပျိုးခင်းများ ပျိုးသက်ကြီးနေသည်လည်း ဖြစ်နိုင်သည်။ ပြောလိုပါသည်။ ပျိုးသက်ကြီးသော်လည်း ရှိပြီးပျိုးသက်ကြီးပျိုးကိုပင် အသုံးပြုစိုက်ပျိုးပါ။

ကောက်ကွက်တိုးရန်၊ လက်ဆတိုးရန်မလိုပါ။ ကောက်ကွက်နှင့် လက်ဆပုံမှန်ဖြင့်စိုက်လို့ အထွက်မလျော့ပါ။ အမြန် ရွှေ့ပြောင်းကောက်စိုက်ရန်သာ လိုပါသည်။ ပျိုးသက်ကြီးပျိုးကို အသုံးပြု စိုက်ပျိုးခြင်းဖြင့် အမြင့်ဆုံးအထွက် (Maximum Yield)ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက် (Acceptable Yield) ကိုတော့ ရနိုင်ကြောင်း အသိပေးလိုသည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုမူ  အသုံးမပြုသင့်ပါ။

ပင်ပိုင်းကြီးထွားကာလပြုစုဂရုစိုက်

ပျိုးထောင်ရေစောစီးစွာရရှိပြီး ဇူလိုင်လအတွင်း စိုက်ပျိုးခဲ့သောစပါးခင်းများ၊ သြဂုတ်လအတွင်း စိုက်မည့် စပါးခင်းများအတွက် ပြုစုဂရုစိုက်မှုလုပ်ငန်းများကို မလစ်ဟင်းစေလိုကြောင်း နှိုးဆော်လိုသည်။ ကောက်ပင်လှန်သည်မှ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase) တစ်လျှောက်လုံးတွင် အထူးဂရုစိုက်စေလိုသည်။ 

ထိုကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက်(Panicles per unit area) များစေရေးအတွက် အရေးပါသောကာလဖြစ်လို့ဖြစ်သည်။ ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာအာဟာရမချို့တဲ့စေရေး၊ ပိုးမွှားရောဂါကင်းစင်စေရေး လိုအပ်သလို လုပ်ကိုင်ရမည်ဖြစ်ပါသည်။

အရန်စပါးမျိုး၊ အရန်စပါးပျိုး

ယခင်က အောက်ပိုင်းဒေသများသာ ရေလွှမ်းမိုးမှုဖြစ်ပေါ်သည်။ ယခုပြောလို့မရပါ။ အထက်ပိုင်းဒေသများတွင်လည်း နေရာကွက်၍ မိုးကြီးရွာသွန်းချပါက ချောင်းငယ်မြောင်းငယ်များမှတစ်ဆင့် ရေကြီးရေလျှံကာ ထိခိုက်ပျက်စီးမှုများရှိသည်ကို ယခင်နှစ်များက ကြုံတွေ့ခဲ့ရကြောင်း ကြားသိရသည်။ 

ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ လုပ်ထားသင့်သည်။ လိုအပ်ပါက ပြန်လည်ပျိုးထောင် စိုက်ပျိုးနိုင်ရန် စပါးမျိုး အရန်ရှိထားသင့်သည်။ အရန်ထားရှိသည့် စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှုရှိသည့် ရာသီစပါးမျိုးမဖြစ်ရပါ။ အထွက်ကောင်း သက်တမ်းတိုမျိုး ဖြစ်သင့်သည်။

ရေကြီးရေလွှမ်းမှုဖြစ်ပေါ်နိင်သည့် လယ်မြေများအတွက် အကယ်၍ လိုအပ်ပါက အဆင်သင့်ဖြစ်စေရန် ကုန်းမြင့်မြေလွတ် ရေလွှမ်းမှုမဖြစ်ပေါ်နိုင်သည့်နေရာတွင် ပျိုးအပိုထောင်ထားသင့်ပါသည်။ 

ဆင်းသီဟ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်