တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဒီဇင်ဘာလ၊ ၂၀၂၀)

01/12/2020 12:45 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    ဆောင်းရာသီသီးနှံများ စိုက်ပျိုးဆဲကာလ ဖြစ်သည်။ နွေစပါးစတင်စိုက်ပျိုးနေပြီ။ ကြံသီးနှံ စိုက်ပျိုးနေတာတွေလည်းရှိသည်။ အဆိုပါသီးနှံများ စိုက်ပျိုးရေးဆိုင်ရာ အသိပေးနှိုးဆော်လိုတာများကို ဖေါ်ပြလိုပါသည်။

မတ်ပဲသီးနှံ

    အဝါရောင်မိုစေ့ရောဂါကို အထူးသတိထားစောင့်ကြည့်စေလိုသည်။ နောက်ကျစိုက်သည့် မတ်ပဲစိုက်ခင်းများတွင် အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သည်။ ရောဂါဖြစ်စေတာက သက်ရှိဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ တစ်ပင်နှင့်တစ်ပင်ကူးစက်ခြင်းမှာမူ ယင်ဖြူ (White fly)မှ တစ်ဆင့် ရောဂါကူးစက်ခြင်းကြောင့်ဖြစ်သည်လို့ သိထားသည်။

    ရောဂါကျရောက်လျှင် မတ်ပဲအရွက်အနုပေါ်မှာ အဝါ‌ရောင်အစက်အပြောက်များ ဖြစ်ပေါ် တာ မြင်တွေ့နိုင်သည်။ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန်ကွက်ကြားတွေ ဖြစ်ပေါ်နေတတ်သည်။ 

    အမြန်ဆုံး ကာကွယ်နှိမ်နင်းဖို့လိုပါသည််။ ရောဂါကျရောက်နေသောအရွက်တွေကို တစ်ပင်တွေ့ တစ်ပင်နှုတ်ယူမီးရှို့ပါ။ ထို့နောက် ချက်ချင်းပိုးသတ်ဆေးဖျန်းရန် ဖြစ်သည်။ ထို့ပြင် စိုက်ခင်းအတွင်းပေါက်ရောက်နေသော ပေါင်းမြက်ပင်များ၊ အလေ့ကျအခြားအပင်များကိုလည်း နှုတ်ပယ်ပစ်ရန် လိုပါသည်။

ကုလားပဲသီးနှံ

    အပင်ပေါက်စမှ အသီးဝင်သည်ထိ ရောဂါကျရောက်နိုင်သည်။ အပင်ငယ်စဉ်ကျလျှင် ညှိုးသေနေတာမြင်တွေ့နိုင်သည်။ ထို့ကြောင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို သုံးစွဲဖို့လိုသည်။ ရေမြေဒေသအလိုက် သင့်တော်သော စိုက်ချိန်မှန်မှာ စိုက်ပါ။ စိုက်ပျိုးနည်းစနစ်လည်း မှန်ကန်ပါစေ။ စိုက်ပျိုးသည့် အပင်အတန်းအကွာအဝေး၊ တနည်း အပင်အစိပ်အကျဲ၊ ပြီးတော့ စိုက်ချိန်စောခြင်း၊ နောက်ကျခြင်း၊ ဒါတွေကြောင့် ရောဂါကျရောက်ဖျက်ဆီးမှု၊ ပြင်းထန်မှု မတူညီနိုင်ပါ။ 

    သီးနှံအလှည့်ကျစိုက်စနစ် ကျင့်သုံးပါ။ ယခင်နှစ်က ကုလားပဲစိုက်ခဲ့ပြီး ရောဂါကျရောက်ခဲ့လျှင် ရောဂါအဆက်ပြတ်စေရေးအတွက် ဒီနှစ် အဲသည်မြေမှာ ကုလားပဲစိုက်ပျိုးခြင်းမပြုသင့်ပါ။ 

    ကုလားပဲစိုက်ရန် ထွန်ရေးပြုပြင်ရာတွင် ထွန်ရေးနက်နက်ပြုပြင်စိုက်ပျိုးပါ။

ပဲပုပ်သီးနှံ

    လယ်မြေတွင် အစိုဓာတ်မဆုတ်ယုတ်မီ အမြန်စိုက်ပျိုးပါ။ ကျွဲနွားဖြင့်ဖြစ်စေ၊ ထွန်စက်၊ လက်တွန်းထွန်စက်ဖြင့်ဖြစ်စေ၊ စနစ်တကျမြေပြင်၊ ကြောင်းဆွဲ၊ မျိုးစေ့ချစိုက်ပျိုးနိုင်လျှင်တော့ အကောင်းဆုံးဖြစ်သည်။ စိုက်ချိန်နှင့် မြေတွင်းလက်ကျန်အစိုဓာတ်တို့အပေါ်မူတည်၍ စိုက်ပါ။ အခြေအနေပေးမှုအပေါ်မူတည်ပြီး စိုက်ပျိုးနည်းစနစ်မှန်ကန်ရန်လိုပါသည်။

    ပုံမှန်စိုက်ပျိုးနည်းစနစ်ဖြင့် လုပ်ကိုင်နိုင်ခြင်းမရှိပါက ပဲပုပ်သီးနှံကို ထွန်ရေးမဲ့နည်းစနစ် (Zero Tillage)ဖြင့် စိုက်နိုင်သည်။ စပါးရိုးပြတ်ငုတ်များပေါ်သို့ မျိုးစေ့ကို ပက်ကြဲလိုက်ရုံသာ ဖြစ်သည်။ ထွန်ရေးအနည်းငယ်ပြုပြင်စိုက်ပျိုးနည်းစနစ် (Minimum Tillage )ဖြင့်လည်း စိုက်ပျိုးနိုင်သည်။ ထယ်ထိုးပြီးသည်နှင့် မျိုးစေ့ကိုပက်ကြဲကာ ထွန်တစ်စပ်ဖြင့်ဖုံးသည့် စိုက်ပျိုးနည်းစနစ်မျိုး ဖြစ်သည်။ အဓိကမှာ လုပ်အားနှင့် ကုန်ကျစရိတ်သက်သာဖို့ဖြစ်ပြီး မြေတွင်းအစိုဓာတ်မပြေးမီ လျင်လျင်မြန်မြန် စိုက်ပျိုးရန်ဖြစ်ပါသည်။

နေကြာသီးနှံ

    စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို သီးသန့်စိုက်နိုင်သည်။ သီးထပ်လည်း စိုက်နိုင်သည်။ ထို့ပြင် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ မြေပဲစသည့် သီးနှံများစိုက်ပျိုးရာတွင် နေကြာသီးနှံကို သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။ 

    စားသုံးဆီရရှိနိုင်တာခြင်းတူညီသော်လည်း မြေပဲသီးနှံမှာ ထုတ်လုပ်မှုစရိတ်မြင့်မားသည်။ မျိုးစေ့ပြဿနာ ကြီးမားသည်။ မျိုးစေ့မှ မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio) ညံ့သည်။

    နှမ်းသီးနှံမှာ ထုတ်လုပ်မှုစရိတ် သက်သာသည်။ မျိုးပြဿနာ သိပ်မရှိပါ။ မျိုးစေ့မှ မျိုးစေ့ပြန်လည်ရရှိသောအချိုး(Seed to Seed Ratio) လည်းမညံ့ပါ။ သို့သော် အထွက်ရရှိမှု မသေချာလှပါ။

    နေကြာသီးနှံမှာမူ ထုတ်လုပ်စရိတ်သက်သာသည်။ သီးညှပ်စိုက်ပျိုးလျှင် ပိုလို့ပင် စရိတ် သက်သာသည်။ အဓိကသီးနှံမှ အထွက်ရ၊ နေကြာမှ စားသုံးဆီလည်း ရရှိနိုင်သည်။ ထို့ပြင် မျိုးစေ့မှ မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio) လည်း အထူးကောင်းမွန် ပါသည်။

ဂျုံသီးနှံ

    မျိုးကောင်းမျိုးသန့်ကို သုံးစွဲစိုက်ပျိုးပါ။ ဂျုံစိုက်တောင်သူများသည် စိုက်ပျိုးရေး သုတေသနမှ ထုတ်ဝေထားသည့် ရေဆင်းဂျုံ-၁ မှ ရေဆင်းဂျုံ-၉ အထိ မျိုးများကို စိုက်ပျိုးသည့် အတွေ့အကြုံရှိပြီးဖြစ်သည်။ ယခုအခါ ဂျုံမျိုးသစ်များဖြစ်သော ဇလုပ်ဖြူ-၁၊ ဇလုပ်ဖြူ-၂၊ ဇလုပ်ဖြူ-၄၊ ရေဆင်းဂျုံဖြူ-၃ နှင့် ရေဆင်းဂျုံဖြူ-၇ တို့ကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ဒေသရေမြေနှင့်ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးစေလိုပါသည်။

ကြံသီးနှံ

    အပင်ဦးရေပြည့်မီအောင် စိုက်ပျိုးပါ။ ကြံမျိုးပိုင်းရှိ အဆစ်များကနေ တစ်ဆစ်ပြီး တစ်ဆစ် အပင်ပေါက်လာရတာဖြစ်လေတော့ သီတင်းပတ်နှင့်ချီပြီး အပင်‌ပေါက်စုံအောင်စောင့်ရသည်။ အဆစ်တိုင်းက အပင်ပေါက်ထွက်မလာလို့ ကျိုးတိုးကျဲတဲ အပင်ပေါက်မစုံတာတွေ ဖြစ်ပေါ်နိုင်ပါသည်။

    ကြံစိုက်ပျိုးရာတွင် မျိုးပိုင်းများကို ၄၅ ဒီကရီထောင်လို့ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ အရင်းပိုင်းချင်းဆိုင်လို့ဖြစ်စေ၊ စိုက်ကြောင်းထဲတွင် စိုက်သင့်ပါသည်။

    အသုံးပြုရမည့် ကြံမျိုးပိုင်းအရေအတွက်မှာ တစ်ဧကလျှင် ကြံမျိုးပိုင်း ၁၂၀၀၀ မှ ၁၅၀၀၀ ခန့် အသုံးပြုစိုက်ပျိုးရန်ဖြစ်ပါသည်။

နွေစပါး

    နွေစပါးကို ဒီဇင်ဘာလအတွင်း ပြီးစီးအောင်စိုက်ပျိုးပါ။ အထူးသဖြင့် မြန်မာနိုင်ငံ အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးက လယ်သမားများကို ပြောလိုတာဖြစ်သည်။ စိုက်ဧရိယာပိုင်ဆိုင်မှုများသောကြောင့် မိုးစပါးရိတ်သိမ်းမှု၊ ထွန်ရေးပြင်မှုတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်စေလိုပါ။

    ဒီဇင်ဘာလမှာ မပြီးလို့မဖြစ်ပါ။ မေလကုန်မုတ်သုန်ဝင်လျှင် ဧရာဝတီတိုင်းဒေသကြီးလို အောက်ပိုင်းဒေသတွေမှာ စတင်ဝင်တာဖြစ်သည်။ နွေစပါးရိတ်သိမ်းချိန် အဆိုပါမုတ်သုန်မိုးနှင့်ကြုံပြီး လေလွင့်ဆုံးရှုံးမှာစိုးရသည်။

    ဧရာဝတီတိုင်းဒေသကြီးတွင် သီးထပ်ရင်စပါးကို စိုက်ပျိုးနိုင်သည်။ အသက်ရက် ၁၀၅ မှ ၁၁၀ ထက်မကျော်ဘဲ ရိတ်သိမ်းနိုင်သည်။ အထွက်သာမက စျေးကွက်ကြိုက်ပြီး ရေမြေအခြေအနေနှင့်လည်း ကိုက်ညီသောမျိုးဖြစ်ကြောင်း သိရသည်။ 

    ယခုအခါ သက်လျင်အထွက်ကောင်းမျိုးတွေ သုတေသနပြုထုတ်‌ဝေထားတာ များစွာရှိရာ အခြား သင့်တော်ရာစပါးမျိုးများကိုလည်း စိုက်ပျိုးနိုင်ပြီဖြစ်သည်။ သို့သော် စိုက်ပျိုးမည့်မျိုးသည် မိုးဦးကျမုတ်သုန်မိုးကြောင့် ပျက်စီးမှုမရှိစေရေးအတွက်  သီးထပ်ရင်ကဲ့သို့ သက်တမ်းရက်မရှည်သော မျိုးများကို ဒီဇင်ဘာလအတွင်း အပြီးစိုက်ပျိုးစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်