အပင်နဲ့ တိရစ္ဆာန်များက ရရှိနိုင်တဲ့ သဘာဝမြေဩဇာများ

04/12/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (101)  The Fertilizers (Part - 4)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၁) မြေဩဇာများ အကြောင်း - အဆက် (အပိုင်း - ၄)

လင်းနို့ချေး၊ ငှက်ချေးမြေဩဇာ (Guano) ဂွာနိုသည် စပိန်ဘာသာစကား ဖြစ်ပြီး ပင်လယ်ငှက်များ၏ချေး (The excrement of seabirds)၊ လင်းနို့ချေး (The excrement of cave-dwelling Bats) ဟူ၍အဓိပ္ပာယ်ရှိပါသည်။ အပင်များအတွက် အာဟာရဓာတ် အထူးသဖြင့် ဖော့စဖောရပ်များစွာပါရှိပြီး သဘာဝမြေဩဇာအနေနှင့် ရာစုနှစ်ပေါင်းများ စွာ အသုံးပြုခဲ့ကြပါသည်။ ဤမြေဩဇာ ရောင်းဝယ်ရေးသည် ၂၀၂၀-ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၀.၅ ဘီလီယမ်ရှိရာကနေ ၂၀၂၈-ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၀.၈ ဘီလီယမ်အထိ ရောက်ရှိ ရောင်းဝယ်ဖောက်ကားမှုပြုကြလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။

ဤမြေဩဇာ၏ ဂုဏ်သတ္တိများမှာ -

  • မြေဆီလွှာဖြည့်တည်း၊ တည်ဆောက်ခြင်း (Soil Builders)
  • အားကစား၊ အလှစိုက် မြက်ခင်းများကောင်းမွန်ရန် ပြုပြင်ပေးခြင်း (Lawn Treatment)
  • မှိုသတ်ပေးနိုင်ခြင်း (Fungicides – When fed to plants through the leaves)
  • နီမတုတ်များသတ်ပေးခြင်း (Nematicides – Decomposing microbes help control nematodes)
  • မြေဆွေးဖြစ်ပေါ်မှုမြန်ဆန်စေခြင်း (Composting activator – nutrients and microbes build up decomposition) စသည်တို့ဖြစ်ပါသည်။

အရိုးမှုန့်မြေဩဇာ (Bone Meal) တိရစ္ဆာန်များ၏အရိုး (Animal Bones) အထူးသဖြင့် နွားရိုး (Cattle Bones) ကို ကြိတ်ခွဲ၍ သဘာဝမြေဩဇာ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အရိုးများတွင် နိုက်တြိုဂျင် ၃.၅%၊ ဖောစဖောရပ် ၁၈% ပါဝင်သည်။ သွေးများဖြင့် ပြုလုပ်သော မြေဩဇာ (Blood Meal) တွင် နိုက်တြိုဂျင် ၁၂%  အထိပါဝင်ပါသည်။

လူ၏မစင် (Human Excreata as a Fertilizer/Night Soil) ယခင်က မြေဩဇာအဖြစ်သုံးခဲ့သော်လည်း ကျန်းမာရေးရှုထောင့်ကကြည့်လျှင် သန့်ရှင်းအောင်ထိန်းသိမ်းရန် (Sanitation Problems) ခက်ခဲသဖြင့် အသုံးနည်းပါသည်။ တစ်ချို့နေရာများတွင် တိရစ္ဆာန် အညစ်အကြေးများဖြင့် စုပေါင်းကာ ဇီဝဓာတ်ငွေ့ (Biogas) အဖြစ်ပြောင်းလဲပြီး မီးထွန်း အသုံးပြုကြပါသည်။

တီကျစ်စာ (Vermi Compost) အသုံးပြုခြင်း

ဤနည်းပညာကို တီကောင်မွေးမြူခြင်း (Vermiculture – The Culture of Worms) ကနေစတင်ပါသည်။ တီကောင်များ၏ စွန့်ထုတ် ပစ္စည်းများ (Vermicasts – Excreta of worms) ကိုအသုံးပြုပါသည်။

ဇီဝမြေဩဇာများ (Biofertilizer) ဇီဝမြေဩဇာများကို စိုက်ပျိုးရေးလုပ်ငန်း များတွင်အသုံးပြုနေသည်မှာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဇီဝမြေဩဇာအောက်တွင်

(၁) အေဇိုလာ (Azolla) သည် ရေတွင်ပေါ်နေသည့် အကိုင်းအခက်ပါ ဖန်း အပင်တစ်မျိုး (A branched free floating Fern) ဖြစ်သည်။ ဤအပင်ငယ်ကလေးများ သည် အပူပိုင်းဒေသ အစိုဓာတ်ရှိသောမြေ၊ စိမ့်မြေ၊ ရေကန်ငယ် ကလေးများ၊ စပါးခင်းများတွင် အလိုအလျောက် ပေါက်ရောက်လေ့ရှိပါသည်။  မျိုးပြား (Azolla pinnata) အပါအဝင် မျိုးစိတ်အမျိုးမျိုး ရှိပြီး ၁.၅-၂ စင်တီအရှည်နှင့် ၁-၂ စင်တီအကျယ်အဝင်းရှိကာ လေထဲမှ နိုက်တြိုဂျင်ကို ဖမ်းယူပေးနိုင်ပါသည်။

(၂) အဇိုပိုင်ရယ်လီယမ် (Azospirillum) နိုက်တြိုဂျင်ကိုဖမ်းယူပေးသော ဘက်တီးရီးယား တစ်မျိုးဖြစ်ပါသည်။

(၃) ရိုက်ဇိုဘီယမ် (Rhizobium) ပဲမျိုးရင်းဝင်သီးနှံများ (Family - Leguminosae) အတွက် နိုက်တြိုဂျင်ဖမ်းယူပေးသော ဘက်တီးရီးယားများဖြစ်သည်။ အမြစ်တွင် မြစ်ဖု (Nodule) များစွာပေါ်လာပြီး အရည်အသွေးပြည့် ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများကို မြေဩဇာအနေနှင့် ထည့်သွင်းပေးနိုင်ပါသည်။

(၄) စိမ်းပြာရေညှိ (BGA – Blue Green Algae) အစိမ်းရောင်ကလိုရိုဖီးလ် (Chlorophyll) ပါဝင်သော အနိမ့်စား အပင်များကို ရေညှိဟူ၍ခေါ်ယူပြီး ရေနေအပင်များ (Aquatic Plants) ဖြစ်ပါသည်။ ဆဲလ်အမျိုးအစားတစ်မျိုးထဲ (Unicellular) ရှိပြီး ဆဲလ်မျိုးပွားမှုပြုလုပ်ရင်း အပင်များစွာပွားပါသည်၊  ဤအထဲမှ အေနားဘေးနား (Anabaena) နှင့် နော့စတော့ (Nostoc) မျိုးစိတ်များသည် နိုက်တြိုဂျင်ကို များစွာဖမ်းယူပေးနိုင်ပြီး အထူးသဖြင့် ရေတွင်စိုက်ပျိုးထားသော စပါးပင်အတွက် အလွန်အသုံးဝင်ပါသည်။

(၅) မိုင်ကိုရိုင်ဇာ (Mycorrhiza) သည် မှိုတစ်မျိုးဖြစ်ပြီး ဂရိစာလုံး မှို (Myces) နှင့် အမြစ်  (Rhizo) အပင်အမြစ်ရှိ မှိုဟူ၍ အဓိပ္ပာယ် ဖော်ပါသည်။ နှစ်မျိုးရှိပြီး အတွင်း မိုင်ကိုရိုင်ဇာ (Endomycorrhiza) နှင့် အပြင် မိုင်ကိုရိုင်ဇာ (Ectomycorrhiza) တို့ဖြစ်ပါသည်။ ထို့ အပြင် ဗင် (VAM – Vascular Abuscular Mycorrhiza) အမျိုးအစားလည်း ရှိပါသေးသည်။  

၎င်းသည် အပင်၏အမြစ်များနဲ့ သဟဇာတဖြစ်ကာ ဖော့စဖောရပ် (Phosphorus) နှင့်နိုက်တြိုဂျင် (Nitrogen) စသည့် မြေကြီးထဲမှ အဟာရဓာတ်များကို အပင်အတွက် ဖမ်းယူပေးသည်။ မိုင်ကိုရိုင်ဇာမရှိသည့် အပင်ထက် ရှိသည့်အပင်များ ၏ အမြစ်များက အာဟာရဓာတ်များကို ပိုမိုစုပ်ယူနိုင်သည်။ အပင်ရောဂါဒဏ်များကိုလည်း ခံနိုင်ရည်ပိုရှိကာ  မိုးခေါင်ရေရှားမှုကိုလည်း ခံနိုင်စွမ်းရှိပါသည်။

(၆) ငါးအမိုင်နိုအက်ဆစ် (FAA – Fish Amino Acid) မြေဩဇာသည် မကြာမီနှစ်များကမှ အသုံးပြုလာသော သဘာဝမြေဩဇာဖြစ်ပါသည်။ ငါးအပုပ်များ (Spoiled Fish)၊ ဈေးထဲမှငါးများ၏ဘေးထွက်ပစ္စည်းများ (Fish Trash/Wastes) ဥပမာ - ငါးအရိုး (Fish Bones)၊ ငါးခေါင်း (Fish Heads)၊ အတွင်းမှကလီစာများ (Internal Organs)၊ အကြေးခွံများ (Fish Skins) စသည်တို့ကို စုစည်းကာ သကြားကြမ်းထည့်ပေးပြီး မြေဩဇာထုတ်လုပ်ခြင်းဖြစ်ပါသည်။ ဤငါးနှင့် အချိုဓာတ်ပေါင်းထားသည်တို့ကို ရက် ၃၀ သိုလှောင်ပြီးတာနဲ့ နိုက်တြိုဂျင် ၉၀-ရာခိုင်နှုန်းအထိနှင့် ဖော့စဖောရပ်ဓာတ် ၂.၅ ရာခိုင်နှုန်း အထိပါဝင်နိုင်ကြောင်း သုတေသနများက တင်ပြထားပါသည်၊

ဤမြေဩဇာပြုလုပ်ရာတွင် လူစားသုံးရန်မသင့်သော ငါး၊ ပုဇွန်ပုပ်များ အသုံးပြုနိုင်သော်လည်း ဓာတုပစ္စည်းများရောနှောနေမှု မဖြစ်စေရပါ။ ငါးစွန့်ပစ်ပစ္စည်းများသည် အလကားနီးပါးရ (သို့မဟုတ်) ဈေးချိုချိုရရှိနိုင်ပါသည်။

ဆက်ပါဦးမည်..

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Havlin, J.L.; Beaton, J.D.; Tisdale, S.L. and Nelson, W.L. (1999) Soil Fertility and Fertilizers: An Introduction to Nutrient Management. 6th Edi. Prentice Hall. 499p.

Kannaiyan, S.; Kumar, K. and Govindarajan, K. (2004) Biofertilizer Technology. Scientific Publishers (India). 450p.

ဖရက်သိန်းဖေ, ဦး (၂၀၁၅) စိုက်ပျိုးသူတိုင်းအတွက် လက်တွေ့သဘာဝ မြေဩဇာ ၅၆-မျက်နှာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်