ဆီထွက်သော သီးနှံများ

29/01/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (109)  Oilseed Crops – Canola/Mustard/Rapeseed and other Minor Oil Crops (Part - 8)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၉) ဆီထွက်သီးနှံများ - ဆီထွက်မုန်ညင်းနှင့် အခြားဆီထွက်သီးနှံများ (အပိုင်း - ၈)

ဒေါက်တာသင်္ဂီမြင့်နှင့်အဖွဲ့ သုတေသနတွေ့ရှိချက်အရ တစ်နှစ်လျှင် မြန်မာနိုင်ငံတွင် တစ်ယောက်၏ ဆီစားသုံးမှု ပမာဏမှာ ၁၀.၁၉ ပိဿာ ဖြစ်ပြီး ဒေသတွင်း ကမ္ဘောဒီးယား၊ လာအို နိုင်ငံများထက် တစ်ဦးချင်းစားသုံးမှုမှာ ပိုသော်လည်း စပိန်လို ကမ္ဘာ့ ဆီစားသုံးမှုများသော နိုင်ငံများ၏ တစ်ဝက်ခန့်သာရှိပါသည်။ နမူနာကောက်ယူ ဆန်းစစ်ချက်အရ မန္တလေးတိုင်းမှ လူထုသည် ၁၂ ပိဿာအထက်ပိုစားသုံးပြီး ကျန်ပြည်နယ်၊ တိုင်း အချို့တွင် ၁၀ ပိဿာ အောက် စားသုံးကြပါသည်။ ကျွန်တော်တို့နိုင်ငံ၏ချက်ပြုတ်မှုပုံစံမှာ ဆီပြန်ဟင်း ချက်မှုများနေ၍လား စားသုံးဆီ၏ အရည်အသွေးမှာလည်း အရေအသွေးကောင်း သံလွင်ဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီများ အသုံးပြုမှုနည်းနေ၍လားစသည့် ကျန်းမာရေးဆိုင်ရာ အာဟာရဓာတ်  သုတေသနများ ဆက်လက် ပြုလုပ် ဆန်းစစ်ရပါလိမ့်ဦးမည်။

ကျွန်တော်တို့နိုင်ငံသားများ အဓိကစားသုံးသော မြေပဲ၊ နှမ်း၊ နေကြာ၊ စားအုန်းဆီများအပြင် အခြားဆီထွက်သီးနှံများ (Other Minor Oilseed Crops) အကြောင်း အနည်းငယ်တင်ပြပါမည်။

ဆီထွက်မုန်ညင်း (Mustard – Brassica nigra; Brassica juncea; Rapeseed Brassica campestris/ Canola – Brassica napus) သည် မြန်မာနိုင်ငံရှိ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်းပြည်နယ်အစရှိ ရာသီဥတုအေးမြသော ဒေသများတွင် စိုက်ပျိုးကြပါသည်။

မုံညင်းမျိုးရင်း (Family - Brassicaese) အောက်တွင်ပါဝင်ပြီး မျိုးစု (Genus - Brassica) အောက်တွင် ပါဝင်ကြပါသည်။ ပန်းပွင့်သည် အဖို၊ အမပွင့်စုံလင်ကာ အရွက်သည် မျက်နှာချင်းဆိုင် ထွက်သည်။ အတောင့်သည် ရှည်မျောမျော (Slender and Long Pod)  ဖြစ်ပြီး အလုံးပုံမျိုးစေ့ (small round seed) နှင့် အရွယ် ၁-၂ မီလီမီတာ အချင်း (1 or 2 mm diameter) လောက်ပဲရှိပါသည်။

မုံညင်းပင်များသည် အခြားအပင်များထက် နှင်းခါး ရိုက်သောဒဏ် (Frost Damage) ကိုခံနိုင်ရည်ရှိပါသည်။ မုံညင်းဆီကို စက်မှုလုပ်ငန်းများတွင် အသုံးပြုရန် (Industrial uses) နှင့် ကျေးလက်ဒေသများတွင် မီးထွန်းရန် (Rural Lighting) အသုံးပြုကြပါသည်။ မုံညင်းဆီတွင်ပါဝင်သော အီယူဆစ်အက်စစ် (Erucic Acid) နည်းပါးပါက စားသုံးဆီအဖြစ်အသုံးပြုနိုင်ပြီး ဂလူကိုဆီနိုလိတ် (Glucosinolate) ပါဝင်မှုနည်းသော မုံညင်းမျိုးကွဲများအား တိရစ္ဆာန်စာအဖြစ် အသုံးပြုကြပါသည်။ ဆီထွက်မုံညင်းသည် နိုင်ငံတကာတွင် ကျန်းမာရေးအရ ကောင်းမွန်သော စားသုံးဆီ (Healthy Edible Oils) ဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ စိုက်ဧရိယာနှင့် စားသုံးဆီအဖြစ်အသုံးပြုမှု နည်းပါးပါသည်။

ဇယား - ၁ ကမ္ဘာ့ မုံညင်းဆီထုတ်လုပ်မှု အများဆုံး နိုင်ငံများ (၂၀၂၂-၂၃ ခုနှစ်)

မြန်မာနိုင်ငံ၏အထွက်နှင့် အထွက်များဆုံးနိုင်ငံများ၏ အထွက်နှုန်းကွာခြားချက်မှာ ၃- ဆ ခန့် ကွာသဖြင့် အထွက်တိုး လုပ်ဆောင်ရန် ဖြစ်နိုင်ပါသေးသည်။

မုံညင်း (Mustard) က ဆီပါဝင်မှု ၃၈-၄၀ ရာခိုင်နှုန်း၊ ဆီမုန်ညင်း (Rapeseed) က ဆီ ၄၂- ရာခိုင်နှုန်း အထိပါဝင်နိုင်ပါသည်။ ကနိုလာ (Canola) ဆီထွက်ပင်သည် ဆီမုန်ညင်းမှ ဆင်းသက်လာပြီး အီယူဆစ်အက်စစ် အလွန်နည်းပါးသဖြင့် လူစားသုံးဆီ အဖြစ် အသုံးပြုရန် သင့်တော် ပါသည်။  

မုံညင်းဆီတွင် ပြည့်ဝအဆီ (Saturatic Fat) ၇-ရာခိုင်နှုန်း နည်း၍လည်းကောင်း၊ တစ်ခုတည်းမပြည့်ဝအဆီ (Monounsaturated Fat – MUFA Oleic Acid) ၆၁ ရာခိုင်နှုန်းနှင့်အထက်နှင့် စားအုန်းဆီတွင် မပါဝင်သော အများမပြည့်ဝဆီ (Polyunsaturated Fat - PUFA) ၃၀-ရာခိုင်နှုန်း အထက် တို့ပါဝင်ပြီး အိုမီဂါ ၆ (Omega-6 Linoleic Acid) နှင့် အိုမီဂါ ၃ (Omega-3 Alpha Linolenic Acid) အချိုးက ၂ အချိုး ၁ ရှိသည်။

ပုံ - ၁  ဩစတေလျ ကနိုလာဆီထွက်ပင်

မုန်ညင်းပင်စတင်စိုက်ပျိုးချိန်တွင် သင့်တော်သော အပူချိန်ရရှိရန် အရေးကြီးပါသည်။ စိုက်ချိန်စောလျှင် အဖူးဖြစ်ထွန်းမှုထိခိုက်နိုင်ပြီး၊ စိုက်ချိန် နောက်ကျသွားပါက အစိုဓာတ်နည်း၊ အပူချိန်များကာ အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။ အပင် ကြီးထွားမှု တစ်လျှောက်လုံး အပူချိန် ၂၅-ဒီဂရီ ပတ်ဝန်းကျင်သည် အသင့်တော်ဆုံးဖြစ်ပါသည်။

တစ်ချို့နိုင်ငံများတွင် ပင်စည်နှင့် အရွက်စိမ်း နွားစာ (Fodder) အဖြစ်လည်းကောင်း၊ အပင်ငယ်စဉ်အရွက်များကို ဟင်းသီးဟင်းရွက် (Vegetables) အဖြစ်လည်းကောင်း သုံးစွဲနိုင်ကြပါသည်။

Source - ဘားစီမင်ဒယ် (၂၀၀၈)

ပန်းနှမ်း (Niger – Guizotia abyssinica cass) ပန်းနှမ်းကို မြန်မာနိုင်ငံတွင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် တို့တွင် အများဆုံး စိုက်ပျိုးသည်၊ 

ဇယား - ၂ ကမ္ဘာ့ ပန်းနှမ်းထုတ်လုပ်မှု အများဆုံး နိုင်ငံများ (၂၀၂၂-၂၃ ခုနှစ်)

* ဘားစီမင်ဒယ် ၂၀၀၈

ပန်းနှမ်း၏ရုက္ခဗေဒနှင့် စိုက်ပျိုးနိုင်သောရာသီဥတု (Botany and Climatic Condition for Niger)

ပန်းနှမ်းသည် နေကြာမျိုးရင်း (Family - Compositae) ထဲတွင်ပါဝင်ပြီး တစ်နှစ်ခံ စေ့ရွက်စုံ ချုံပုတ် (Annual Dicotyledon Bush) ပင်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် နေကြာမျိုးရင်းသည် ပန်းပွင့်သောအပင်များအုပ်စု (Flowering Plants Group) တွင် အကြီးဆုံးမျိုးရင်း တစ်ခုဖြစ်ပြီး မျိုးစု ၈၀၀ ခန့် (800 Genera) နှင့် မျိုးစိပ်ပေါင်း ၂၀၀၀၀-ခန့် (20000 species) ရှိပါသည်။

ပန်းနှမ်းကို မည်သည့်နေရာမဆို စိုက်ပျိုးနိုင်သော်လည်း သမပိုင်းဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းပါသည်။ မူရင်းဒေသသည် အီသီယိုးပီးယား တောင်ပေါ်ဒေသများတွင်ဖြစ်ပါသည်။ အပင်ကြီးထွားမှုကောင်းပါက ၂ မီတာ (၆-ပေ) ခန့်အထိ အမြင့်ရှိပါသည်။ ပင်လယ် ရေပြင်အထက် ၂၅၀၀-မီတာ (ပေ ၇၀၀၀-ကျော်) လောက် အထိ စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ သင့်တော်သော အပူချိန်အနေနှင့် ၁၈-၂၃ ဒီဂရိ ဆဲလ်စီးယတ် လိုအပ်ပြီး ၃၀-ဒီဂရီ (30 * C) ထက် ကျော်လွန်သွားပါက အပင်ကြီးထွားမှုနှင့် ပန်းပွင့်မှုကို ထိခိုက်ပြီး အထွက်လျော့သွားနိုင်ပါသည်။

ဝါစေ့ဆီ (Cotton Seed Oil – Gossypium spp.)

ဝါပင်ကို မြန်မာနိုင်ငံတွင် အမျှင်ထွက်အပင်များ (Fibre Crops) အနေနှင့် စိုက်ပျိုးပြီး ဝါစေ့ကို ဆီကြိတ်ခြင်းဖြစ်ပါသည်။ ဝါသီး (Cotton Boll) တွင် အစိတ်အပိုင်း ၃-မျိုးခွဲခြားနိုင်ပါသည်။

  • က - အစေ့/အသား (Seed/Meat/Kernel)
  • ခ - အခွံ (Hull/Outer hard Covering) နှင့်
  • ဂ - ဂွမ်းမွေး (Lint/Soft White Fibre) တို့ဖြစ်ပါသည်။ 

ဝါစေ့ဆီတွင် မပြည့်ဝဆီ ၇၀-ရာခိုင်နှုန်း (Unsaturated Fatty Acids)၊ တစ်ခုတည်းမပြည့်ဝဆီ (Monosaturated) ၁၈ ရာခိုင်နှုန်းနှင့် အများမပြည့်ဝဆီ (Polysaturated) ၅၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့် ပါဝင်ပါသည်။

ဖွဲနုဆီ (Rice Bran Oil – Oryza sativa) ဆန်စက်များ ဆန်ကြိတ်ရာတွင် ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုကို ဆီကြိတ်ပြီး အသုံးပြုခြင်းဖြစ်ပါသည်။ ကျန်းမာရေးရှုထောင့်အရ ဖွဲနုဆီတွင်ပါဝင်သော ဖက်တီးအက်ဆစ်များတွင် အိုရွက်ဇာနော (Oryzanol) ခေါ် ဓာတ်ပစ္စည်း ပါဝင်ပြီး ၎င်းသည် အကောင်းဆုံးဖြစ်ပါသည်။

ဟင်းချက်ရန် အကောင်းဆုံးဆီ သတ်မှတ်ချက်များမှာ-

(က) မီးခိုးထွက်နိုင်မှုမြင့်မားတန်ဖိုး (High Smoke Point) အကြော်ခံဆီဟု ခေါ်နိုင်ပြီး တန်ဖိုးမြင့်မားလေလေ စားသုံးဆီ ကောင်းလေလေဟု ပြောနိုင်ပါသည်။

(ခ) စုပ်ယူ၊ အငွေ့ပြန်နည်းခြင်း (Less Absorption) ဆီကြာကြာရှိသော သဘောဖြစ်ပါသည်။

(ဂ) ကျိချွဲမှုနည်းခြင်း (Less Greasy) အရသာကောင်း၊ သန့်ရှင်းရန်လွယ်ကူပါသည်။ ဖွဲနုဆီကတော့ အလွန်ကောင်းပါသည်။

ဖွဲနုဆီသည် မကောင်းသောကိုလက်စရော (Bad Cholesterol - LDL) ကို လျှော့ချပြီး ကောင်းသောကိုလက်စရောအချိုး (Good to Bad Cholesterol Ratio – HDL/LDL) တက်လာစေသည်။ အကောင်းဆုံး လိုအပ်ချက် (Meet ‘Zero’ Tran-Fat Standard) ကို ပြည့်စေနိုင်ပါသည်။

ဆူးပန်း (Safflower – Carthamus tinctorius) ဆူးပန်းကို မြန်မာနိုင်ငံတွင် စိုက်ပျိုးကြသော်လည်း စားသုံးဆီ အဖြစ်အသုံးပြုမှု နည်းနေပါသေးသည်၊ စိုက်ပျိုးရေးသုတေသနဌာနတွင်မူ စိုက်ပျိုးပြီး သုတေသနပြုလုပ်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံတွင် ကာသာမင် (Carthamin) ခေါ် လိမ္မော်နီရောင်ဆိုးဆေး (Orange Red Dye) ထုတ်ယူရာတွင် ယခင်က အသုံးပြုကြသော်လည်း ယခုတော့ ဆီထုတ်ယူမှု ပြုလုပ်နေကြပါသည်။ ဆူးပန်းဆီတွင် အများမပြည့်ဝဆီ (Poly-unsaturated Fatty Acids) များစွာ ပါဝင်ပြီး ကိုလက်စရော (Cholesterol) ကို လျော့ပါးစေသော လင်နိုလီရစ်အက်စစ် (Linoleic Acid) ၇၈-ရာခိုင်နှုန်း ပါဝင်ပါသည်။ ဆူးပန်းစေ့ထဲတွင် ဆီပါဝင်မှု ၂၄-၃၅ ရာခိုင်နှုန်း အထိပါဝင်ပါသည်။

ကြက်ဆူ (Castor – Carthamus tinctorius)  ကြက်ဆူသည် (Family - Euphorbiaceae) မျိုးရင်းထဲတွင် ပါဝင်ပြီး မြန်မာနိုင်ငံတွင် စားသုံးမှု မပြုကြသေးပါ၊ 

များသောအားဖြင့် စက်မှုလုပ်ငန်းသုံး (Industrial Use)  နှင့် ဆေးဝါးအသုံး (Medicinal Purposes) အဖြစ်သာ အသုံးပြုနေကြဆဲဖြစ်ပါသည်၊ ကြက်ဆူပင် အကြီးအနေနှင့် အရိပ်ပင် (Shade Trees)၊ လေကာပင် (Wind-Break Plants)၊ အနေနှင့် အီရန်၊ ပါကစ္စတန် စ သည့် အပူပိုင်းဒေသနိုင်ငံများ တွင်အသုံးပြုနေကြပါသည်။ အမြစ်တွင် ပါဝင်သော အီလား ဂျစ်အက်ဆစ် - ဂယ်လိုဂျင် (Ellagic Acid- Gallogen) ကို အသုံးပြု၍ ဆေးဖက်ဝင်အပင် အဖြစ် အသုံးပြုနိုင်ပါသည်။

ကြက်ဆူဆီ ကို ချစ်စနိုးနာမည် (Nickname) အနေနှင့် အံ့ဖွယ်ဆီ (Miracle Oil) အနေနှင့်ခေါ်တွင်ပြီး ရိုင်စီနိုလီရစ်အက်ဆစ် (Ricinoleic Acid) ပါဝင်မှုကြောင့် လူတို့အရေပြားမှ အစိုဓာတ်၊ အအေးဓာတ်ပြန့်လွင့်မှုကို ထိန်းသိမ်းပေးပါသည်။

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတမ်း(Reference Paper)

Weiss, E.A. (2000) Oilseed Crops. 2nd Ed. Blackwell Science. 364p. 

Wijnands, H.M., Biersteker, J., Hagerdoorn, L.F. and Louisse, J. (2014) Business Opportunities and Food Safety of the Myanmar Edible Oil Sector. LEI Wageningen UR, The Netherlands. 96p.

ချောင်ဒရီ (၂၀၀၁) ဆီထွက်မုံညင်း မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ၃၆-မျက်နှာ

ဘားစီမင်ဒယ် (၂၀၀၈) မြန်မာနိုင်ငံ နှစ်ချင်းဆီထွက်သီးနှံများလက်စွဲ၊ ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ ၇၈-မျက်နှာ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စီမံကိန်းဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (၂၀၂၃) မြန်မာနိုင်ငံ လူတစ်ဦးချင်း ဆီစားသုံးမှု ပမာဏ ကို ဆန်းစစ်လေ့လာခြင်း သုတေသနစာတမ်း၊ ၄၃၂-မျက်နှာ

(ဒေါက်တာသိင်္ဂီမြင့်၊ ပါမောက္ခ၊ စိုက်ပျိုးစီးပွားရေးပညာဌာန၊ ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူးနယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုးမွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊  ဒေါက်တာခင်မျိုးဝင်း၊ ဌာနစု တာဝန်ခံ၊ ဆီထွက်သီးနှံဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း၊ တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
စုပ်စားပိုးတွေအကုန် ထိပ်ဆုံးက‌‌ကြောက်ရတာကတော့ မာလာမြိုင် သော ပါပဲ။ အစွမ်းရှိပစ္စည်း (Thiamethoxam 35% SC ) ရဲ့ ထိသေ စားသေနှင့် ပင်လုံးပျံ့အစွမ်းကြောင့် ကြက်သွန်မှာ ကျရောက်တတ်တဲ့ ပျ၊လှေးပိုး၊ယင်ဖြူ တွေအားလုံး မာလာမြိုင် "သော" လာပြီဆိုတာနဲ့ မထိရဲ မစားရဲဘဲ ဝေးဝေးရှောင် ကုန်တာပေါ့ လိုက်နာရမယ့်ချက်များ 📌 ဆေးဖျန်းပြီးပြန်လည်ဝင်ရောက်ရမယ့် ကာလမှာ (၂၄)နာရီဖြစ်ပါတယ်။ 📌 ဆေးဖျန်းပြီး ရက်ခြား(၁၀)ရက်ဖြစ်ဖို့နဲ့ 📌 သီးနှံတစ်ရာသီမှာ (၂) ကြိမ်ထက်ပိုမဖျန်းဖို့ လိုအပ်ပါတယ်ဗျာ။ Hotlineဖုန်းနံပါတ် 09-799993322မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်၊၊ #တောင်သူတိုင်းအတွက်မာလာမြိုင်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်