ဆေးဖက်ဝင်အပင်များနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ (အပိုင်း - ၅)

26/11/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (150)  Medicinal Plants and Healthy Foods (Part-5)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၀) ဆေးဖက်ဝင်အပင်များနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ (အပိုင်း - ၅)

ဤဆောင်းပါးများကို ဆေးဖက်ဝင်အပင်များနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစား၊ အ‌သောက်များဟူ၍ ပြောင်းလဲဆွေးနွေးပါမည်။ ယခုခေတ်သစ်ကြီးတွင် အနောက်တိုင်းဆေးဝါးများကို ပစ်ပယ်၍ ခေတ်နောက်ပြန်ဆွဲပြီး တိုင်းရင်းဆေးများ၊  ဘယဆေးများကို သုံးစွဲရမည်ဟု ဆို လိုခြင်း မဟုတ်ပါ။ မိမိစားနေကြ အစားအစာများမှ ကျန်းမာရေးအတွက် အထောက်အကူ ပြုစေရန် ဓာတ်စာသဘောမျိုး တွဲဖက်ကာ ဦးစားပေး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန် ရည်ရွယ်ပါသည်။ 

ကျွန်တော်တို့နိုင်ငံအပါအဝင် နိုင်ငံအများစုတွင် နေ့လယ်စာ (Lunch)၊ ညစာ (Dinner) စားပြီးပါက အချိုပွဲ (dessert) ဘုန်းတော်ကြီးများ ဆိုလျှင်လည်း ဘောစဉ် စားသောက်လေ့ရှိပါသည်။ ထိုအထဲမှ ကျန်းမာရေး အထောက်အကူပြု အစား၊ အစာ၊ အသီးအနှံ၊ အချိုပွဲများ အကြောင်း ဆက်လက်ဆွေးနွေးပါမည်။

(၈) ကျောက်ဖရုံ (အင်္ဂလိပ်အမည် - Ash Pumpkin/White Pumpkin/Wax Gourd) 

ရုက္ခဗေဒအမည် - Benincasa hispida (Thunb.) Cogn (Family – Cucurbitaceae).

ဟင်းသီးဟင်းရွက်သိပ္ပံ (Vegetable Science) အကြောင်း မဆွေးနွေးရသေးခင် ဟင်းသီးဟင်းရွက်များမှ ကျန်းမာရေး အထောက်အကူပြုမှု၊ ဆေးဘက်ဝင်မှုအကြောင်း ဆွေးနွေးပါရစေ။ 

ရွှေဖရုံသီး၊ ကျောက်ဖရုံသီးများအမည်ကို အီတလီနိုင်ငံ၊ ပီစာမြို့ (Pisa, Italy) ရှိ ရုက္ခဗေဒ ဥယျာဉ် (Botanical Garden) ကိုတည်ထောင်သူ နယ်စားကြီး Giusppe Bemimcasa  ကို ဂုဏ်ပြုပြီး ကျောက်ဖရုံသီး၏ မျိုးစုလက်တင်အမည် Benincasa ဟူ၍ ဖြစ်လာခဲ့သည်။ hispida မှာ နုစဉ်မှာပင် အပွေး၊ ဆူးများရှိသည့် သဘောဖြစ်သည်။

ကျောက်ဖရုံပင်သည်။ နွယ်တက်ပင်/နွယ်လျှောက်ပင် (Climbing or Creeping Plants) မျိုးဖြစ်သည်၊ ပင်စည်၊ အသီး၊ အရွက် အားလုံး အမွေးအမျှင်ကလေးများ ဖုံးထားသည်။

အရွက်သည် တောက်ပသော အစိမ်းရောင်ဖြစ်သည်။ အမွှေးများရှိ၍ နှလုံးပုံရှိကာ အောက်မျက်နှာပျင်တွင် ပို၍အမွေးထူသည်။ အပွင့်အရောင် အဝါရောင်ဖြစ်ပြီး လိင်စုံပင် (Bi-sexual Plant) ဖြစ်သည်။

ပုံ - ၁ ကျောက်ဖရုံသီးနှင့် ကျောက်ဖရုံပင်

ကျောက်ဖရုံပင်၏ ကျန်းမာရေးကောင်းကျိုးနှင့်ဆေးဖက်ဝင်မှု (Medicinal Benefits of Wax Gourd)

ကျောက်ဖရုံသီးကို ဟင်းချက်စားရသလို၊ ကျောက်ဖရုံယိုအနေနှင့် အချိုတည်းနိုင်ပါသည်။ ဆီးချိုရောဂါကို ပိုမိုမဆိုးဝါးစေရန် အစားအသောက် (Foods to control Diabetes) အနေနှင့် အလေးထားစားသင့်သော အစားအစာများမှာ - ကျောက်ဖရုံ၊ ဘူးသီး (Wax Gourd, Bottle Gourd)၊ ဖရုံမျိုးများ (Squash)၊ ကြက်သွန်ဖြူ (Garlic)၊ စတော်ဘယ်ရီ (Strawberry)၊ ပန်းသီးရှာလကာရည် (Apple Cider Vinegar)၊ လင်းဆိ/နှမ်းချပ်ပင် (Linseed or Flax Seed)၊ သံလွင်ဆီ (Extra-Virgin Olive Oil)၊ ဘရိုကိုလီ (Broccoli)၊ အစေ့အဆံများ (Nuts) ဥပမာ - သီဟိုစေ့ (Cashew Nut)၊ ဒိန်ချဉ် (Yogurt)၊ ချီယာစေ့ (Chia Seeds)၊ ကြက်ဥ၊ ဘဲဥ (Eggs)၊ သစ်ကြံပိုး (Cinnamon)၊ အရည်ရွမ်းသော အရွက်များ (Leafy Green Vegatables)၊ ငါးအဆီ (Fatty Fish) စသည်တို့ဖြစ်ပါသည်။

ကျောက်ဖရုံ၏ တိုင်းရင်းဆေး အကျိုးမှာ -

(က) ကျောက်ဖရုံသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခမ်းခြင်းကို အာဟာရဖြစ်စေပါ၏၊

(ခ) ကျောက်ဖရုံပွင့်က ကာလဝမ်းရောဂါကိုပျောက်၏၊

(ဂ) ကျောက်ဖရုံစေ့ကို သန်ကျဆေးအဖြစ်သုံးနိုင်သည်၊

(ဃ) ကျောက်ဖရုံမြစ်ကို ရေနွေးနှင့် သောက်လျှင် ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါပျောက်၏၊

ကျောက်ဖရုံ၏ အကျိုးပြုဓာတ်ပေါင်း (Active Compounds) များမှာ Hispidalin, histidine, cucurbitin, catechin, amyrin, amyrin, quercetin, lupeol, ursolic acid,  β-sitosterol, oleic acid တို့ဖြစ်ပါသည်။

(၉) ထန်းပင် (အင်္ဂလိပ်အမည် - Toddy Palm/Sugar Palm) 

ရုက္ခဗေဒအမည် - Borassus flabellifer L. (Family – Araceae)

Borassus ဆိုသည်မှာ borassos  ဆိုသော ဂရိစကားဖြစ်သည်၊ flabelliber ဆိုသည်က ယပ်တောင် ပုံစံ အရွက်များ ရှိသည်၊

ထန်းပင်က အလွန်အကြီးနှေးသောအပင်မျိုး (Slow Growth Plant) ဖြစ်ပြီး ထန်းဖိုပင်၊ ထန်းမပင်ဟူ၍ ရှိသည်။ ထန်းရေသည် ၂ ပင်လုံးမှ ထွက်သည်။ အညာနှင့်မိုးနည်းဒေသများတွင် များစွာ စိုက်ပျိုးကြသော်လည်း တစ်ပြည်လုံးတွင်ပေါက်ရောက်နိုင်သည်။ ထန်းရည်မှ ချက်လုပ် သော ထန်းလျက် (Palymaya Jaggary) သည် မြန်မာ့ရိုးရာ အချိုပွဲ အစားအစာဖြစ်သည်။ ထန်းပင်မှထွက်ရှိသော ထန်းပင်အမြစ်၊ ထန်းသီးဆံ (Ice Apple) ကိုလည်း စားသုံးနိုင်ပါသည်။

ပုံ - ၂ ထန်းပင်၊ ထန်းရည်နှင့် ထန်းသီး

ထန်းရည်ချို၊ ထန်းရည်ခါး (ကျန်းမာရေးအတွက် အနည်းငယ်သာသောက်သင့်)  နှင့် သဘာဝထန်းလျက်၏ ကျန်းမာရေး ကောင်းမှုသည် -

(က) ထန်းရည်ချို/ခါးတို့တွင် သဘာဝအီလက်တြိုလိုက် (Natural Electrolytes) များစွာပါဝင်သဖြင့် အကောင်းဆုံး သဘာဝအားဖြည့်ရည် (Excellent Natural Energy  ) ဖြစ်ပါသည်၊ 

(ခ)  ဗီတာမင်ဘီ၊ စီ၊ လူတို့အတွက်လိုအပ်သော သဘာဝသတ္တုဓာတ်များပါဝင်သဖြင့် ဓာတုအားဆေးများထက် ပိုမိုကောင်းမွန်ပြီး ကိုယ်ခံစွမ်းအား (Support Immune Functions) တိုးမြင့်စေပါသည်၊

(ဂ) ပါဝင်သော သဘာဝအင်ဇိုင်းများ (Natural Enzymes) ကြောင့် ဝမ်းဗိုက်အတွင်း အစာကြေညက်မှု (Digestion) ပိုမိုရရှိစေပါသည်၊

(ဃ) အပူပိုင်းခြောက်သွေ့ဒေသတွင် ရရှိသော သဘာဝအရည်ဖြစ်သဖြင့် နွေရာသီ အပူချိန်မြင့်ခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ (Prevent Heat-Related Illiness) ကို ကာကွယ်ပေးနိုင်ပါသည်။

(င) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidant Properties) ပါဝင်၍ ခန္ဓာကိုယ် အကျိုးရှိစေပါသည်။

(ဆ) ရှေးရိုးနည်းများအရ အသားအရေစိုပြေစေပြီး၊ ထိခိုက်ရှနာများ (Promote Would Healing) ကိုလည်း အနာကျက်လွယ်၊ သက်သာစေပါသည်၊ 

သဘာဝထန်းလျက်၏ ကျန်းမာရေး ကောင်းမှုသည် -

(ဇ) သဘာဝအချိုဓာတ်ပါသကြား (Unrefined Sugar) ဖြစ်သဖြင့် ကြံသကြားဖြူ (Chemically Treated White Sugar) ကြောင့် ဖြစ်စေတတ်သော ရောဂါများကို အစားထိုးပေးနိုင်ပါသည်၊

(ဈ) သံဓါတ်ပါဝင်မှုများ (Iron-Rich) သဖြင့် ဟေမိုဂလိုဘင်များ (Hemoglobin) စွာရစေကာ အမျိုးသမီးများ သွေးအားနည်းခြင်း (Reduced Anaemia) ဖြစ်စဉ် သက်သာလျှော့နဲစေပါသည်၊

(ည) ကိုယ်ခံစွမ်းအားလည်းတိုးစေပြီး၊ ခန္တာကိုယ်အတွင်း အဆိပ်အတောက်များ (Detoxification) ကိုလည်း ဖယ်ထုတ်နိုင်ပါသည်၊

ထန်းသီးအတွင်းက ထန်းသီးဆံ (Ice Apple) စားသုံးပေးခြင်းဖြင့် ကယ်လိုရီလျော့(Low Calorie) ပြီး ဗိုက်တာမင် အေ၊ ဘီ-၇၊ စီ၊ အီး၊ ကေ (Vitamin-A, B-7, C,E, K)၊ သံဓါတ်များ ကြွယ်ဝစွာပါဝင်၍ ဆီးချိုသမားများ အတွက်အလွန်အသုံးဝင်သော ဓာတ်စာဖြစ်ပါသည်။ ၎င်းသည် သဘာဝ ဝမ်းမှန်အစားအစာလည်းဖြစ်ပြီး အစာအိမ်အချဉ်ပေါက်နေမှုကိုလည်း သက်သာစေပါသည်။

ပုံ - ၃ ထန်းသီးဆံနှင့်ထန်းပင်အမြစ်

ထန်း၏ အကျိုးပြုဓာတ်ပေါင်း (Active Compounds) များမှာ Borassosides, Altrosan, Quercetin, Gallic Acid, Uracil, Nicotinamide, Stigmasterol, β-sitosterol နှင့်  β-carotene တို့ပါဝင်ပါသည်။

(၁၀) ဒိန်ချဉ် (အင်္ဂလိပ်အမည် - Yogurt) 

ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်စဉ်က အိန္ဒိယနိုင်ငံမှ ACARE စီမံကိန်းဖြင့် လာရောက်နေထိုင်သော ပါမောက္ခ ဒေါက်တာမေသာ (Professor Dr. Mehta) တို့ ဇနီးမောင်နှံနှစ်ယောက်မှာ ကျွန်တော်အား ညီငယ်ကလေးသဖွယ် ချစ်ခင်ပါသည်။ သူတို့ သည် သက်သတ်လွတ်သမားများ (Vegetarians) ဖြစ်သော်လည်း ဒိန်ချဉ်ကို တစ်နေ့ တစ်ယောက် တစ်လီတာကုန်အောင် သောက်သည်ဟု ပြောပါသည်။ ဒီအတွက်ကြောင့် ယနေ့ အသက် ၈၀-ပတ်ဝန်းကျင်အထိ အိန္ဒိယနိုင်ငံတွင် ကျန်းမာ ပျော်ရွင်စွာ နေထိုင်လျက်လည်း ရှိပါသည်။

ဒိန်ချဉ်၏အဟာရဓာတ်များ (Nutrient Composition of Yogurt)

ပရိုတင်းဓာတ်ကြွယ်ဝပြီး (Rich in Protein)၊ ဗီတာမင်ဘီ ၂၊ ၆၊ ၁၂ (Vitamin B2, B6, B12)၊ ကယ်လဆီယမ် (Ca)၊ ပိုတက်ဆီယမ် (K)၊ ဇင့်(Zn) နှင့်မဂ္ဂနီဆီယမ် (Mg) ဓါတ်များ ကြွယ် ဝ စွာပါဝင်ပါသည်။ နွားနို့ထက် အာဟာရဓာတ် ၂၀-၁၀၀-ရာခိုင်နှုန်းအထိ ပိုမိုပါဝင်ပါသည်။ အချဉ်ဓာတ်ကြောင့် ကယ်လဆီယမ်ဓာတ်၏ ဇီဝသုံးစွဲနိုင်မှု (Bioavailability) ပိုမိုပါသည်။ ထိုအချက်ကြောင့် အသက်ကြီးလာလျှင် အထူးသဖြင့် အမျိုးသမီးများ အရိုးကျိုး၊ အရိုးပွ ရောဂါများ မဖြစ်ဘဲ အရိုးများသန်မာ၊ ကြံ့ခိုင်စေရန် နွားနို့၊ ဒိန်ချဉ်နှင့် နို့ထွက်ပစ္စည်း အစားအစာများ ကို နေ့စဉ်စားသုံးသင့်ပါသည်။

ဒိန်ချဉ်သည် နွားနို့ထက် လက်တစ်အက်ဆစ်နှင့်ဂလက်တို့စ် (Lactic Acid and Galactose) ပိုမိုပါဝင်ပြီး လက်တို့ (Lactose) ပါဝင်မှုနည်းပါသည်။ ဒိန်ချဉ်တွင်ပါဝင်သော ပရိုဘိုင်အိုတစ် - လက်တိုဘက်စီလိုင်း (Probiotics - Lactobaccilli) ကြောင့် ကျန်းမာရေးကို အလွန် အထောက်အကူပြုနိုင်ပါသည်။ 

ပုံ - ၄ ဒိန်ချဉ်၏ကျန်းမာရေး အကျိုးကျေးဇူးများ 

(၁၁) ပျားရည် (အင်္ဂလိပ်အမည် - Honey)

ပျားမွေးမြူရေးနှင့်ပျားရည်၊ ပျားထွက်ပစ္စည်းများအကြောင်း ဒုတိယပိုင်း မရေးခင် ပျား ရည်၏ ကျန်းမာရေးကောင်းကျိုးများကို ဆွေးနွေးပါမည်။ 

ပျားရည်တွင် သဘာဝပျားရည် (Natural/Wild Honey) နှင့် မွေးပျားရည် (Multifloral Honey) ဟူ၍ရှိပြီး ကျွန်တော်တို့ နိုင်ငံတွင် ပျားရည်အတု (Imitation/Substitute Honey) များလည်း ရှိနေသဖြင့် ပျားရည် အတု၊ အစစ်ခွဲခြားရန်လည်း အရေးကြီး ပါ သေးသည်၊

(က) ပျားရည်အစစ်က စေးပျစ် (Thick and Vicous) နေပါသည်၊ သဘာဝပန်းပွင့်အနံ့ (Distinct Floral Aroma) ရပါသည်၊ အချိုဓါတ်က လျှာပေါ်တွင်စွဲကျန် (A slightly lingering after taste) နေပါသည်၊

(ခ) ပျားရည်အစစ်က ဖန်ခွက်ရှိရေထဲကို တစ်စက်ချကြည့်ပါက ချက်ခြင်းမပြိုကွဲသွားဘဲ အောက်ခြေတွင် အနည်ထိုင်နေပါသည် (Settle at the bottom without dissolving quickly) ပျားရေအတုက သကြားကြောင့် ချက်ချင်းအရည်ပျော် (Dissolve more readily) သွားပါသည်၊

(ဂ) ပျားရည်အစစ်က ခြောက်သွေ့ချိန်မှာ မီးလောင်လွယ် (Flammable under dry condition) ပါသည်၊ အတုက အစိုဓါတ်များ၍ မီးမလောင်လွယ်ပါ၊

(ဃ) ပျားရည် အစစ်ကို လက်မပေါ်တင်ကြည့်ပါက စေးကပ်မှုကြောင့် (Stay intact) ချက်ခြင်းပြန့်မသွားပါ။ အတုက အလွယ်တကူပြန့်နှံ့သွားပါသည်၊

(င) ပျားရည်အစစ်ကိုဇွန်းပေါ်တင် အပူပေးကြည့်ပါက မီးသင်းထားသလို (Caramelize) ဖြစ်ပါသည်။ အတုသည် ဆူးခရို့စ် (Sucrose) ပါနေ၍ အမြုတ်ထ (Foam) သွားပါသည်၊

(စ) ဓာတ်ခွဲခန်းတွင် အစိုဓာတ်စမ်းသပ် (Moisture Test) ပါက သဘာဝပျားရည်က ၂၀-ရာခိုင်နှုန်းအောက်ပဲရှိပါသည်။

ပျားရည်၏ကျန်းမာရေးအထောက်ပြုမှုများ (Health Benefits of Honey)

(၁) သဘာဝအားဖြည့်အချို (Nutrient-rich Energy Booster) ဖြစ်ခြင်း၊ ပျားရည်အစစ်တွင် ဂလူးကို့စ် ၃၅-ရာခိုင်နှုန်း (Glucose-35%)၊ ဖရပ်စ်တို့စ် ၄၅-ရာခိုင်နှုန်း (Frustose-45%) ဆူးခရို့ က ၂-ရာခိုင်နှုန်း (Sucrose-2%) အောက်လောက်သာ ပါဝင်သဖြင့် လူမ မာများ၊ ကလေးများ၊ အားကစားသမားများ အတွက် ခွန်အားအမြန်ပြည့် လွယ်ပါသည်၊ 

(၂) ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant Properties) များခြင်း၊ ဖလေဗိုလ်နွိုက် (Flavonoids)၊ ဖီနောလစ်အက်ဆစ် (Phenolic Acids) စသည့် အကျိုးပြုဓါတ်ပေါင်းများ ကြွယ်ဝသဖြင့် ကင်ဆာ၊ နှလုံး စသည့်နာတာရှည်ရောဂါများ ကိုကာကွယ်ကုသရန် ကောင်းမွန်ပါသည်။

(၃) ကျန်းမာရေးအထောက်အကူပြုကိုယ်ခံအားတောင့်တင်းလာစေရန် (Support Immune Health) အားပေးခြင်း၊ ပျားရည်တွင် အနုဇီဝသက်ရှိများနှင့်ဗိုင်းရပ်စ်ဆန့်ကျင်ပစ္စည်းများ (Anti-microbial and Anti-Viral Properties) စွာရှိ၍ ကိုယ်ခံအားကောင်းစေရန် အားပေးပါသည်။

(၄) ချောင်းဆိုးနှင့်လယ်ချောင်းနာရောဂါများကို သက်သာ (Soothes Cough and Sore Throat) စေခြင်း၊ ပျားရေစစ်စစ် နှင့် ရေနွေး၊ ရှောက်၊ သံပုရာ ရော၍သောက်သုံးပေး ခြင်းဖြင့် သက်သာနိုင်စေပါသည်။

(၅) အစာကြေဖျက်မှု (Aids in Digestive Health) ကိုအားပေးခြင်း၊ ပရိုဘိုင်အိုတစ် (Probiotic) အနေနှင့် ကောင်းမွန်သော ဘက်တီးရီးယား ပွားများမှုကို အားပေးကူညီ ပါသည်။

(၆) အနာကျက်မှုမြန်စေခြင်းနှင့် အသားအရေ (Wound Healing and Skin Care) လှစေခြင်း၊ ကျန်းမာရေးအတွက် ထိခိုက်ရှနာ အသေးစားလေးများ အနာကျက်မှုမြန်နိုင်၊ အသားအရေအလှအပအတွက် အစိုဓါတ်ပေး (Moisturing)၊ မျက်နှာပြင်ရောဂါများ (Reducing Acne, Soothing Skin Irritation) သက်သာစေပါသည်။

(၇) နှလုံးကျန်းမာရေး အထောက်အကူပြု (Improve Heart Health) ပေးခြင်း၊ ပျားရည်တွင်ပါသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြောင့် သွေးတိုးကျ (Lower-blood Pressure)၊ ကိုလက်စထရောလျော့ (Reduce Colestrol Levels)၊ နှလုံးကျန်းမာရေး (Improve Cardio-vascular Health) ကောင်းမွန်စေပါသည်။

(၈) သွေးတွင်း သကြားဓာတ် (Regulate Blood Sugar Levels) ထိန်းပေးခြင်း၊ ပျားရည်သည် သကြားထက်ဂလိုင်ဆင်မစ်ညွန်းကိန်း (Lower Glycemic Index) လျော့နည်း၍ သွေးတွင်း သကြားဓာတ် လျော့နည်းရန် ထိန်းပေးပါသည်။ 

(၉) အာကစားသမားများ ခွန်အားရှိစေရန် (Enhances Athletic Performance) ကူညီ ပေးခြင်း၊ သက်လုံ၊ ဇွဲ (Better Stamina) အားကောင်းစေပါသည်၊ ဂလိုင်ကိုဂျင် (Restore Glycogen) ပြန်လည်ဖြည့်တင်းပေးသည်။

(၁၀) အိပ်မပျော်သူများအတွက် အိပ်ပျော်နိုင်ရန် (Promotes Better Sleep) အားပေး ခြင်း၊ မအိပ်ခင် ပျားရည် အနည်းငယ် မှီဝဲပေးခြင်းဖြင့် အိပ်ပျော်စေသော မယ်လာတိုနင်ဓာတ် ထုတ်လုပ်မှု (Boosting Melatonin Production) ကို အားပေးပါသည်။

(၁၁) ဦးနှောက် မှတ်ဉာဏ်စွမ်းအား (Support Brain Health) ကောင်းစေခြင်း၊ ပျားရည် ကြောင့် မှတ်ဉာဏ်အားကောင်းစေပါသည်။

(၁၂) ဓာတ်မတဲ့ကြောင့်ဖြစ်သော လက္ခဏာများ (Allergy Relief) လျော့ပါးစေခြင်း၊ နေ့စဉ် သဘာဝပျားရည် နည်းနည်းစီ သုံးစွဲပေးခြင်းဖြင့် ဓာတ်မတည့်မှုကြောင့် ယားယံခြင်း၊ အရေပြား အဖုအပိန့်ထခြင်းများ (Reduce Allergy Symptoms) လျော့ပါးစေပါသည်။

ပုံ - ၅ ပျားရည်၏ကျန်းမာရေး အကျိုးကျေးဇူးများ 

ဆက်ပါဦးမည်..

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Khin Mg Lwin, Dr. (2024) Myanmar Medicinal Plant Encyclopedia. FAME Publishing. 440p.

Kyaw Soe and Tin Myo Ngwe (2004) Medicinal Plants of Myanmar. FREDA. 255p.

Pandey, B.P. (2007) Economic Botany. S. Chand & Co. Ltd., New Delhi. 628p.

စိုက်ပျိုးရေးဦးစီးဌာန (  ?) မြန်မာ့ဆေးဝါးပင်များ၊ ၆၅၉-မျက်နှာ၊

ဉာဏ်ထွန်း, ဒေါက်တာ (၂၀၀၉) မြန်မာ့ဆေးဘက်ဝင်အပင်များ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့၊ ၁၂၀-မျက်နှာ

ဝင်းတင်ဝင်း (၂၀၁၉) သုတအဘိဓာန်၊ မြန်မာ့အပင်များ၊ နေဝင်းနီစာပေ၊ ၅၅၆-မျက်နှာ

လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း (၁၉၈၀) ပရဆေးပင်စိုက်ပျိုးနည်းအတတ်ပညာ၊ ၁၇၃-မျက်နှာ 

(ဆေးပညာဝေါဟာရများကို ဘာသာပြန်ပေးပါသော ကျန်းမာရေးဦးစီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ်၊ ဒေါက်တာမင်းသန်းညွန့် နှင့် ဒေါက်တာစိုင်းခေးလှိုင်၊ ရုက္ခဗေဒဝေါဟာရများအတွက် ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့အား ကျေးဇူးတင်ရှိပါသည်)

အလွန် အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံ အကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါးပါသည်။ ကျွန်တော်၏ ဆောင်းပါးကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်