ဆေးဖက်ဝင်အပင်များနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ (အပိုင်း - ၆)

02/12/2024 12:20 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (151)  Medicinal Plants and Healthy Foods (Part-6)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၁) ဆေးဖက်ဝင်အပင်များနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ (အပိုင်း - ၆)

အလွန်အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံအကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါး ပါသည်။ ကျွန်တော်၏ ဆောင်းပါး ကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက် အကူ ဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါသည်။

ယနေ့ဆောင်းပါးများကို ဆေးဘက်ဝင်အပင်များနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစား၊ အ‌သောက်များဟူ၍ ပြောင်းလဲဆွေးနွေးပါမည်။ 

ယခုခေတ်သစ်ကြီးတွင် အနောက်တိုင်းဆေးဝါးများကို ပစ်ပယ်၍ ခေတ်နောက်ပြန်ဆွဲပြီး တိုင်းရင်းဆေးများ၊ ဘယဆေးများကို သုံးစွဲရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ မိမိစားနေကြ အစားအစာများမှ ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ဓာတ်စာသဘောမျိုးတွဲဖက်ကာ ဦးစားပေး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။ 

(၁၂) ဆီးသီး၊ ဆီးယို (အင်္ဂလိပ်အမည် - Jujube) 

ရုက္ခဗေဒအမည် - Ziziphus jujuba (Mill.) (Family – Rhamnaceae).

ဆီးသီးကို ဆီးသီးအစိမ်း၊ အမှည့်၊ ဆီးယို၊ ဆီးတော်ဖီ၊ ဆီးဖျော်ရေစသည်ဖြင့် အမျိုးမျိုး စားသုံးနိုင်ပါသည်။

ဆီး/ဇီးသီး ၏အမည် Zizyphus ဆိုသည်က မူလ ပါရှမ်အာရပ်စကား Zayzafun နှင့် Zizafon ဂရိစကားတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ပါရှမ်တို့က စွံပလွန်ကဲ့သောအပင် ဟုခေါ်ပြီး လက်တင် Jujuba အမည်က  ဆီးပင် ဟုခေါ်သည်၊ 

ဆီးချဉ် (Zunna Berry – Zizyphus rugosa Lam.) က rugosa တွန့်ရှုံ့ဟုဆိုသော သဘောကိုပြသည်။ အာသီးခြောက်လျှင် ရှုံ့သွားသည်။  

ကုလားဇီး၊ ကုလားဇီးချဉ်  (Indian plum/Indian Jujuba – Ziziphus mauritiania Lam.)   mauritiana ဆိုသည်က မာဒကာစကား (Madagascar) ကျွန်း အရှေ့ဘက် မော်ရစ်ရှပ် (Mauritius) ကျွန်းမှ မူရင်းဒေသဖြစ်သည်။ အရိုင်းပင်မျိုးဖြစ်၍ အရသာချိုချဉ် ပြင်းသည်။ ‘ဇီးချိုင်ပျို၊ မကျည်းချိုင်အို’ ဆိုရိုးစကားလို ဆီးပင်၊ ဆီးကိုင်းများ ခုတ်သော်လည်း အကိုင်းသစ်များ မြန်မြန်ထွက်လာသည်။ 

မြန်မာနိုင်ငံရှိ စလေဆီးသီးမျိုးမှာ အစေ့မပါသဖြင့်နာမည်ကြီးပါသည်။ ဆီးချဉ်၊ ဆီးတော်သီး၊ ကြက်ဥဆီးသီး၊ ဆီးပန်းသီးစသည်ဖြင့် ဆီးသီးအကြောင်းလည်း သုတေသနပြု လေ့လာသင့်ပါသည်။

ပုံ - ၁ ဆီးပင်၊ ဆီးသီး

ဆီးသီး၏ကျန်းမာရေး အကျိုးကျေးဇူးများ (Health Benefits of Jujube)

(က) သွေးတွင်းအဆိပ်ဖြေနိုင်စွမ်းအာနိသင် (Blood Detoxifier) ရှိခြင်း၊ ဆီးသီးတွင်ရှိသော ဆက်ပိုနင် (Saponins) နှင့် အယ်ကာလိုက် (Alkaloids) ဓာတ်ပေါင်းများကြောင့် သွေးတွင်း အဆိပ်အတောက်ဓာတ်များကို လျော့နည်းစေပါသည်။ ကိုယ်ခံအား (Improve Immune System) တက်စေပြီး သွေးဖြူဥ/ပြန်ရည်အဖွဲ့အစည်း (Lymphosites/ Lymphatic System) တို့မှ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော ရောဂါပိုးများ တိုက်ခိုက်ရာတွင် အားပေးပါသည်။

(ခ) အရိုးသန်မာမှုကို (Promotes Bone Strength) အားပေးခြင်း၊ ကယ်လဆီယမ်၊ ဖော့စဖောရပ်နှင့် သံဓာတ်ကြွယ်ဝစွာပါဝင်သော ဆီးသီး၊ ဆီးယိုများကို နေ့စဉ်စားသုံး ပေးခြင်းဖြင့် အရိုးအဆစ်များ၊ သန်မာကြံ့ခိုင်စေပါသည်။

(ဂ) အစာကြေညက် (Digestion) စေခြင်း၊ ဆီးသီးရှိ အမျှင်ဓာတ် (Fibre)၊ ဆက်ပိုနင် (Saponins) နှင့် တြိုင်တာပီနွိုက်  (Triterpenoids) ဓာတ်ပေါင်း များကြောင့် အစာကြေ ညက်/ကြေလွယ်စေကာ ခံတွင်းရှင်း၊ ဝမ်းမှန်၊ ကျန်းမာစေပါသည်။

(ဃ) အိပ်ပျော် (Sleep Aid) စေနိုင်ခြင်း၊ အိပ်မပျော်နိုင်သော၊ မျက်လုံးကြောင်နေသော (insomnia) ရောဂါများကို ကုစားနိုင်သော (Remedy) အသီးဖြစ်ပါသည်။

(င) အဝလွန်ခြင်းကို (Good for Weight Control) အလေးချိန်ညှိပေးနိုင်ခြင်း၊ ကယ်လိုရီနည်းပြီး (Low Calorie)၊ အမျှင်ဓါတ် များစွာ ပါဝင်တဲ့ ဆီးသီး စားချင်းဖြင့် မကြာခဏ ဆာ လောင် ကာ၊ အစားနှင့်ပါးစပ်မပြတ်သူများအတွက် မကြာခဏ စားသောက်ခြင်မှုကို လျှော့နဲကာ ကိုယ်အလေးချိန်ထိန်း ပေးနိုင်ပါသည်၊ 

(စ) ကိုယ်ခံအား စွမ်းအင် (Strengthen Immune System) တောင့်တင်းစေခြင်း၊ ဆီးသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါဝင်မှုကြောင့် ရယ်ဒီကယ်အလွတ်များ (Neutralize Free radicals) ချိန်ညှိပေးခြင်း၊ အန္တရာယ်ရှိဘေးထွက်ပစ္စည်း (Reduce dangerous biproducts) လျှော့နဲစေရန် ဆောင်ရွက်ခြင်းတို့ ကို ပြုလုပ်ပါသည်။

(ဆ) စိတ်ဖိစီးမှု၊ သောက (Reduce Stress and Anxiety) ကို သက်သာစေခြင်း၊ ဆီးသီးတွင်ပါဝင်သော အင်ဆီယိုလိုက်တစ် (Anxiolytic) နှင့် စိတ်သက်သာ (Soothing effects on body) စေသော ဓာတ်ပေါင်းများကြောင့် စိတ်ဖိစီးမှုလျှော့ပါးစေသော ဟော်မုန်းများ (Unstress hormones) ထွက်ကာ စိတ်ဓာတ်လမ်းဆန်းစေပါသည်။

(ဇ) ကင်ဆာရောဂါကုသမှု (Cancer Treatment) ကို ကူညီပေးခြင်း၊ ဆီးသီးတွင်ပါဝင်သော ဇီဝစွမ်းအားဓာတ်ပေါင်း (Bioactive Compounds) များကြောင့် ကင်ဆာဆဲလ်များပြန့်ပွားမှု (Reduction in spread of cancer cells) ကို လျော့ပါးစေပါသည်။

(ဈ) ကိုယ်တွင်းသွေးလည်ပတ်မှု (Solves Circulation Issues) အားကောင်းစေခြင်း၊ ဇီးသီးတွင် သံဓာတ်နှင့်ဖော့စဖောရပ်ဓာတ်များပြားစွာ ပါဝင်မှုကြောင့် မိမိကိုယ်တွင်း သွေးနီဥဆဲလ် (Red blood cells) များများပြားစေပါသည်။ ထို့ကြောင့် သွေးအားနည်းခြင်း (anemia)၊ ကြွက်သားများအားနည်းခြင်း (Muscle weakness)၊ အစာမကြေခြင်း (Indigestion)၊ မောပန်းခြင်း၊ ပင်ပန်းနွမ်းလျခြင်း (Fatue)၊ မှတ်ဉာဏ်အားနည်းခြင်း၊ မေ့တတ်ခြင်း (Cognitive confusion) တို့ကို လျော့နည်းစေပါသည်။

(ည) အသားအရေလှပစေခြင်း (Benefits Skin Health) တို့ကိုအားပေးနိုင်ခြင်း၊ ဇီးသီး တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ဓာတ်ပေါင်းများ (Antioxidant) ကြောင့် အိုမင်းရင့်ရော်မှု နှင့်အယ်ဇိုင်းမားရောဂါများကို ကာကွယ်ပေးခြင်း၊ အသားအရေတွန့်ခြင်း (Wrinkles)၊ အမာရွတ်၊ အနာရွတ်များရှိခြင်း (Scars)၊ အသား အရေလျှော့ပါးနေခြင်းတို့ကို နဲပါးစေ ပါသည်။

ဆီးသီးတွင်ရှိ အကျိုးပြုဓာတ်ပေါင်း (Active Compounds) များမှာ Zizybeoside, Ziziphines, Jujuboside, Vitamin-C, Jubanine A&B, Swertisin, Quercetin, Zizyberenalic acid တို့ဖြစ်ကြပါသည်။ 

(၁၃) မန်ကျည်းသီး၊ မန်ကျည်းစေ့၊ မန်ကျည်းတော်ဖီ (အင်္ဂလိပ်အမည် - Tamarind) 

ရုက္ခဗေဒအမည် - Tamarindus indica (L.) (Family – Fabaceae).

မန်ကျည်းသီးကို မန်ကျည်းအစိမ်း၊ အမှည့် (ဟင်းချက်ရာတွင်အသုံးပြု)၊ မန်ကျည်းယို၊ မန်ကျည်းတော်ဖီ၊ မန်ကျည်းဖျော်ရေ စသည်ဖြင့် အမျိုးမျိုး စားသုံးနိုင်ပါသည်၊ 

Tamarindus ဆိုသည့်စကားမှာ စွံပလွန်သီးကို ခေါ်ဆိုသော ခေါ်ဆိုသော အာရပ်စကား Tamar နှင့် အန္နိယ (ဟင်ဒူစတန်) ဟုဆိုလိုသော Hindus  စကားတို့၏ ပေါင်းစပ် အဓိ ပ္ပါယ် စကားဖြစ်ပါသည်၊ Indica မှာလည်း အိန္ဒိယတိုက်မှ ဟူ၍ဆိုလိုပါသည်၊ 

မန်ကျည်းပင်မှာ အလွန်အကြီးနှေးသည့် နှစ်ရှည်ခံ အမြဲစိမ်းအပင်ကြီး (Evergreen Trees) များဖြစ်သည်၊ ကျွန်တော့်ဇာတိ အညာဒေသအတွက်တော့ အိုအေစစ်၊ အဖိုးမ ဖြတ်နိုင်သော အရိပ်ရ အပင်ကြီးများ ဖြစ်သည်။  မိုးဦးကျလောက်တွင် အပွင့်ပွင့်ပြီး မိုး လည်လောက်တွင် အသီးသီးသည်၊ မန်ကျည်းသီးမှာ ဟင်းချက်ရာတွင် မရှိမဖြစ် အသုံးပြု ရသော သဘာဝ အချဉ်တစ်မျိုးဖြစ်ပြီး မန်ကျည်းသီး၊ မန်ကျည်းဖျော်ရည် တို့မှာ သဘာဝ ဝမ်းမှန်ဆေး ဖြစ်သည်။

ပုံ - ၂ မန်ကျည်းပင်နှင့် မန်ကျည်းဖျော်ရည်

မန်ကျည်းသီး/မန်ကျည်းရွက်၏ကျန်းမာရေးကောင်းကျိုးများ (Health Benefits of Tamarind)

(က) အသားအရေရောင်ရမ်းမှုကို သက်သာစေခြင်း (Reduce Inflammation through the body)၊ နေပူထဲတွင် အချိန်ကြာနေခြင်းကြောင့်လည်းကောင်း (Prolonged exposure to the sun)၊ ဖုန်များနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်လည်းကောင်း (Dust and Pollution)၊ အသားအရည်ပေါ်ကပြဿနာများစွာ (Any skin problems) ကို မန်ကျည်းသီးအနှစ်တွင် အယ်ဖာဟိုက်ဒြိုဆစ်အက်ဆစ် (AHA – Alpha Hydroxy Acid) ပါဝင်သောကြောင့် ၎င်းအနှစ်ဖြင့် တိုက်ပေးခြင်း၊ စားသုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

(ခ) မျက်စိကျန်းမာရေးကောင်းစေခြင်း (Improve Eye Health) ပါဝင်သော ဗိုက်တာမင်-အေ (Vitamin-A) 

(ဂ) အဆုပ်အားကောင်း၊ အသက်ရှူလမ်းကြောင်းကောင်းစေခြင်း (Booth Respitory Health) 

(ဃ) အသားအရည်ချောမွေ့ကောင်းမွန်စေခြင်း (Heal Skin Condition)

(င) အစာကြေညက်မှုအားကောင်းစေခြင်း (Improve the Digestive System)

(စ) ခန္ဓာကိုယ်၊ နာကျင်မှု သက်သာစေခြင်း  (Reliev Pain) ဥပမာ - ခေါင်းကိုက်၊ ဗိုက်နာ

(ဆ) ခန္ဓာကိုယ်ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း (Increase the strength of Immune System)

(ဇ) ကိုယ်လက်စထရောနည်းပါးစေခြင်း (Lower Cholestrol to Improve Cardiovascular Strength)

(ဈ) ကင်ဆာကိုကာကွယ်ပေးခြင်း (Preven Cancer)

(ည) ကလေးများအတွက်သံကောင်၊ တုတ်ကောင်ပေါက်ပွားမှု နည်းပါးစေခြင်း (Protect Children against Parasites and Worms)   စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

တိုင်းရင်းဆေးပညာ အလိုအရ -

(၁) မန်ကျည်းသီးအနှစ်အား ဝမ်းနှုတ်ဆေး၊ အားဆေး၊ ခံတွင်းကောင်းဆေး ပြုလုပ်သုံးစွဲနိုင်ပါသည်။

(၂) မန်ကျည်းသီးအဟောင်းအား ဒိန်ချဉ်၊ ကြက်သွန်ဖြူရည်နှင့် ရောသောက်ပါက ကာလဝမ်းရောဂါပျောက်ကင်းနိုင်ပါသည်။

(၃) မန်ကျည်းသီးအမှည့်ကို ထန်းလျက်၊ ဆားတို့နှင့်ဖျော်ရည်ပြုလုပ်သောက်သော် ကိုယ်တွင်းအေး၏၊ အားဖြစ်စေတတ်သည်။

(၄) မန်ကျည်းစေ့ကို ရေတစ်ညစိမ်ပြီး အဆံထုတ်ကာ ကြိတ်၍ နွားနို့နှင့်ရောသောက်လျှင် မီးယပ်ဖြူဆင်းခြင်း၊ ဆီးလွန်ခြင်းတို့ကို ပျောက်ကင်းစေပါ၏၊ အိန္ဒိယနိုင်ငံတွင် မကျည်း စေ့လှော်/ကြော် (Tarmarind Fried Seed) သည် ကျေးလက်ဒေသလူထုအတွက် (Rural Population) နာမည်ရသော သရေစာ၊ အဆာပြေအစားအစာ (Famous Snacks) ဖြစ်သည်။

မန်ကျည်း၏ အကျိုးပြုဓာတ်ပေါင်းများ (Active Compounds) မှာ tartaric Acide, Mallic Acid, Acetic Acid, Succinic Acid, Catechin, Procyanidin B2, Taxifolin, Eriodictyol,  β-sitosterol  တို့ဖြစ်ပါသည်။

ရှောက်၊ သံပရာမျိုးနွယ်ပင်များ (Citrus family) အကြောင်း ကျန်းမာရေးရှုထောင့်မှ ပဏာမ ဆွေးနွေးပါဦးမည်။ နောက်မှ စိုက်ပျိုးနည်း၊ ရှောက်၊ သံပရာဇီဝကမ္မဗေဒ (Citrus Physiology) အကြောင်း ဆွေးနွေးပါဦးမည်။

(၁၄) ရှောက်ပင် (အင်္ဂလိပ်အမည် - Citron, Great Citrus, Cedral) 

ရုက္ခဗေဒအမည် - Citrus medica var Limon (C.lemon)  (L.) (Family – Rutaceae).

ရှောက်သီးသည် စပ်မျိုးအသီး (Hybridized Fruit) ဖြစ်ပြီး၊ လိမ္မော်ချဉ်နှင့် Citron (တစ်ချို့ က သံပရိုခေါ်) ရှောက်တစ်မျိုးနှင့် စပ်မျိုးဖြစ်သည်၊

Citrus ဆိုသည်မှာ ရှောက်၊ သံပရာ၊ လိမ္မော်စသည့် အပင်မျိုးကို ခြုံငုံ၍ခေါ်သည့် ရှေးဂရိ စကား Kedros မှ  Citron ခေါ် လက်တင်စကား ဖြစ်လာပါသည်၊ media ဟုဆိုလျှင် ဆေးဖက်ဝင်သည့် သဘောဖြစ်သည်။

အပင်လတ်မျိုးဖြစ်ပြီး အမြင့်ပေ ၂၀ ခန့်အထိ ရှိနိုင်သည်။ ညိုမဲသော အကိုင်းရှိပြီး အကိုင်းအခက်များကာ တစ်ပင်လုံးချွန်ထက်သော ဆူးများရှိသည်။ အရွက်မှာ ရွက်လွှဲထွက်၊ ဘဲဥပုံ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်၊ ရွက်ပြားထူ၍ချောသည်။ ရွက်ညှာတွင် အတောင်ပါသည်။ (ရှောက်ရွက်နုကို အတို့အမြှုပ်တွင်တွင်ကြယ်စွာသုံးနေပါသည်။)

ပန်းပွင့်သည် သေးငယ်၍အဖြူရောင်ရှိပါသည်။ အစေ့များ ခွံပျော့သီးဖြစ်သည်။ အသီးမှာ အလတ်စားအရွယ် အစိမ်းရောင်ရှိပြီး အရည်ရွမ်းသည်၊ အစေ့သေးငယ်ပြီး အဖြူရောင် ရှိသည်။

ပုံ - ၃ ရှောက်ပင်နှင့် ရှောက်သီး

မြန်မာ့တိုင်းရင်းဆေးများ အလိုအရ ရှောက်သီးသည် ချဉ်၏၊ နှလုံးကြည်၊ သွေးသား သန့်ရှင်းကာ ဝမ်းမီးကိုတောက်၊ မောပန်းခြင်းကို ပျောက်စေတတ်၏၊ ချောင်းဆိုး၊ အသံပျက်၊ သလိပ်ကြေကာ ဆီးကို များစေပါသည်။

ရှောက်ပင်ရှိ အကျိုးပြုဓာတ်ပေါင်း (Active Compound) များက Vitamin-C, Citumedin, Citrine, Citrol, Citric Acid, Citronellal, nomilin ရေမွေးသုံးအနံ့ဆီ  (Essential Oil) Limonene, Citral, Cymene စသည်တို့ဖြစ်ပါသည်၊

(၁၅) သံပရာပင် (အင်္ဂလိပ်အမည် - Lime) 

ရုက္ခဗေဒအမည် - Citrus aurantifolia (Swingle.) (Family – Rutaceae).

Aurantifolia ဟူ၍ဆိုလျှင် ရွှေရောင် (သို့) ရွှေရည်သုတ်ထားသော သဘောပြသော Aurantius  နှင့် အရွက်ဟုပြဆိုသော -folia တိုပေါင်းစပ်ကာ အဝါရောင်သန်းနေသော အရွက်သဘောဖြစ်သည်။ သံပရာသီးကို အာရဗီဘာသာစကားဖြင့် Lima ဟူ၍လည်းကောင်း၊ ပါရှမ်းဘာသာဖြင့်  Limu ဟူ၍ခေါ်ဆိုကြသည်။

အပင်ငယ်မျိုးဖြစ်ပြီး အမြင့် ၆-၁၄ ပေခန့်အထိရှိနိုင်သည်။ အကိုင်းအခက်များ သေးသွယ်ပြီး ဖြာထွက်ကာ တစ်ပင်လုံးမာ၍ ချွန်ထက်သော ဆူးများရှိသည်။ ရွက်လွှဲထွက်ပြီး ရွက်ထိပ်ချွန်၊ ရွက်ရင်းသွယ်သည်။ သံပရာရွက်တွင် အနံ့ရှိသည်။ ပန်းခိုင်ကကြားထွက်ပန်းခိုင်ဖြစ်ပြီး ပန်းခိုင်ပေါ်တွင် အနံ့ရှိ အဖြူရောင်အပွင့်ကလေးများ ပွင့်ပါသည်။ သံပရာသီးက လုံးဝိုင်းသော ခွန်ပျော့သီး ဖြစ်ပြီး အရည်ရွှမ်းသော အခန်းများပါသည်။

ပုံ - ၄ သံပရာပင်နှင့် သံပရာသီး

တိုင်းရင်းဆေးကျမ်းများအလိုအရ ချဉ်ကာလေကိုနိုင်၍ ဝမ်းမီးတောက်ကာ ကြေညက်လွယ်သည်။

(က) သံပရာရည်ကို သောက်ခြင်းဖြင့် မောပန်းခြင်းကိုပြေစေပြီး ဝမ်းဗိုက်တွင် ဖြစ်စေတတ်သော ရောဂါများကို ကာကွယ်စေနိုင်၏၊

(ခ) သံပုရာသီးအစိမ်း၏ အခွံကိုစားပါက လေနာ၊ ရင်နာ ပျောက်ကင်း၏၊

(ဂ) ယားနာ၊ ပွေးနာ၊ အရေပြား၌ အမဲကွက်များပေါက်ခြင်း၊ အမွေးကျွတ်ခြင်းရောဂါများအတွက် သံပရာသီးကို ထက်ခြမ်းပြု၍ ၎င်းအခြမ်းဖြင့် နာနာပွတ်တိုက်ပေးပါက ပျောက်ကင်းနိုင်၏၊

(ဃ) သံပရာရည်ကို သကြားခပ်၍ သောက်ပါက အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ အဆစ်အမြစ် ကိုက်ခြင်း၊ သွားသွေးယိုစီးခြင်း များကို ပျောက်ကင်းစေနိုင်၏၊

(င) သံပရာသီးကို မီးကျွမ်းအောင်ဖုတ်၍ လေးညင်းတစ်ပွင့်နှင့် ရောကြိတ် သွားအရင်းနှင့်သိပ်ပေးသော် သွားနာ၊ သွားကိုက်ပျောက်၏။

သံပရာပင်ရှိ အကျိုးပြုဓာတ်ပေါင်း (Active Compound) များက Vitamin-C, Quercetin, Rutin, Hespercetin, Nobeletin, tangeretin ရေမွေးသုံးအနံ့ဆီ  (Essential Oil) Limonene, Citronellol, Pinene, Phellandrene, Terpinene စသည်တို့ဖြစ်ပါသည်။

ရှောက်သံပုရာ မျိုးရင်းဝင် အပင်များ (Citrus Plants) ဖြစ်သော - ရှောက်၊ သံပုရာ၊ သံပရို၊ ကျွဲကော၊ လိမ္မော် စသည်ဖြင့် အပင်များစွာရှိပါသေးသည်။ ဆောင်းပါးသီးသန့်ရေးပါမည်။

ရှောက်နှင့်သံပရာမျိုးရိုးအပင်များ၏ကျန်းမာရေးကောင်းကျိုးများ (Health bebefits of Citrus Plants)  မှာ

(က) သံပရာ (Lime) - အသားအရေနုပျိုစေ (Rejuvenate skin) ခြင်း၊ ခန္ဓာကိုယ်အနံ့ဆိုးပျောက်၊ နည်းပါး (Reduce body odor) စေပါသည်။

(ခ) သံပရို၊ ရှောက် (Citron) - ခန္ဓာကိုယ်တွင်း ရောဂါဝင်ရောက်မှုကာကွယ်ပြီးဖြစ်ပြီးရောဂါများ (Help prevent and treat infections) ကိုကုသပေးနိုင်ပါသည်။

(ဂ) ကမ္ဗလာသီး (Orange) က ဗီတာမင်စီအားကောင်းမှု (Renowed for their Vitamin-C content) က နိုင်ငံတကာမှာ နာမည်ကြီး ပါသည်။

(ဃ) လိမ္မော်သီး (Manderine) မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့်အာဟာရဓာတ် (Loads of Antioxidants and Nutrients) များစွာ ပါဝင်ပါသည်၊ 

(င) ဂရိတ်ဖရု၊ ရှောက်ခါးသီး (Grapefruits) မှာ အူမကြီးကင်ဆာရောဂါ (Protect against Colon Cancer) ဖြစ်ပွားမှု ကို ကာကွယ်ပေးနိုင်ပါသည်။

(စ) ကျွဲကောသီး (Pomelo) က အစာကြေညက်မှု (Aids the digestive process) ကို အကူအညီပေးပါသည်၊

ဆေးဖက်ဝင်အပင်များ အကြောင်း ဆောင်းပါးများ ကို နောင်အလျဉ်းသင့်မှ ဆက်ရေးသားပါဦးမည်။ အခြားခေါင်းစဉ်များကို အလှည့်ပေးပါဦးမည်။

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတမ်း (Reference Paper)

Khin Mg Lwin, Dr. (2024) Myanmar Medicinal Plant Encyclopedia. FAME Publishing. 440p.

Kyaw Soe and Tin Myo Ngwe (2004) Medicinal Plants of Myanmar. FREDA. 255p.

Pandey, B.P. (2007) Economic Botany. S. Chand & Co. LtD., New Delhi. 628p.

စိုက်ပျိုးရေးဦးစီးဌာန (  ?) မြန်မာ့ဆေးဝါးပင်များ၊ ၆၅၉-မျက်နှာ၊

ဉာဏ်ထွန်း, ဒေါက်တာ (၂၀၀၉) မြန်မာ့ဆေးဘက်ဝင်အပင်များ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့၊ ၁၂၀-မျက်နှာ

ဝင်းတင်ဝင်း (၂၀၁၉) သုတအဘိဓာန်၊ မြန်မာ့အပင်များ၊ နေဝင်းနီစာပေ၊ ၅၅၆-မျက်နှာ

လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း (၁၉၈၀) ပရဆေးပင်စိုက်ပျိုးနည်းအတတ်ပညာ၊ ၁၇၃-မျက်နှာ 

(ဆေးပညာဝေါဟာရများကို ဘာသာပြန်ပေးပါသော ကျန်းမာရေးဦးစီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ်၊ ဒေါက်တာမင်းသန်းညွန့် နှင့် ဒေါက်တာစိုင်းခေးလှိုင်၊ ဥယျာဉ်ခြံ သီးနှံပညာ ဝေါဟာရများအတွက် ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ/ကျောင်းအုပ်ကြီး၊ လွန်ကျော်နယ်မြေ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရုက္ခဗေဒဝေါဟာရများအတွက် ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့အား ကျေးဇူးတင်ရှိပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်