Basic Agricultural Science – (152) Bee Keeping and Honey, Honey-Products (Part-6)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၂) ပျားမွေးမြူရေးနှင့် ပျားရည်၊ ပျားထွက်ပစ္စည်းများ (အပိုင်း - ၂)
ပျား (Apis spp.) မွေးမြူရေးပညာ အပိုင်း (၁) ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ အပိုင်း (၃၀) တွင် စတင်ရေးသားခဲ့ပါသည်၊
ပျားမွေးမြူရေးပညာအထူးပြု (Bee Keeping/Apiculture Specialization) ကို နိုင်ငံတကာတက္ကသိုလ် အတော်များများမှာ ပြဌာန်း သင်ကြားသုတေသနပြုနေတာ အတော်ကြာနေပါပြီ။ ၁၉၇၅ ခုနှစ် ကျွန်တော်တို့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းတက်စဉ် ဒုတိယနှစ်မှာ ကိမိလဗေဒဘာသာ (Entomology Subject) အောက် ပျားမွေးမြူရေး ဘာသာရပ်တစ်ခုအနေနှင့် ဆရာဦးငွေလင်းက သင်ပေးခဲ့ပါသည်။ ၁၉၇၉ ခုနှစ် ကျွန်တော် သရုပ်ပြဆရာအဖြစ် အလုပ်ဝင်တော့ ပျဉ်းမနားမြို့၊ လွတ်လပ်ရေးနေ့ပြခန်းမှာ ဆရာကြီးဒေါက်တာတိုးလှိုင်ဦးဆောင်၍ UNDP Project မှရသော ဖလင်ပရိုဂျက်တာ (Film Projector) လေးနှင့် ပျားမွေးမြူရေး တိပ်ခွေလေးကို ပြသခဲ့ရာ ဈေးပွဲတော် လာသူများ စိတ်ဝင်တစား ကြည့်ကြပါသည်။ ဆရာတို့ခေတ်က သိပ္ပံဘွဲ့ (စိုက်ပျိုးရေးပညာ) (B.Sc. Agriculture) အပြင် သိပ္ပံဘွဲ့ (ပိုးမွေးမြူရေးနှင့် ပိုးချည်လုပ်ငန်းပညာ) (B.Sc.Sericulture) ဘွဲ့များပါပေးခဲ့ပါသည်။
သိပ္ပံဘွဲ့ (ပျားမွေးမြူရေးပညာ) - (B.Sc. Apiculture) အထူးပြုဘွဲ့ကိုတော့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပျားမွေးမြူရေးပညာရှင် ဒေါက်တာ လှိုင်မင်းဦးလည်း ရှိနေ၍ မကြာခင် အထူးပြုဘာသာရပ် ဖြစ်နိုင်ရန် အလားအလာရှိပါသည်။ ကျွန်တော်တို့ အဖွဲ့ ၂၀၁၇-ခုနှစ်က အိန္ဒိယနိုင်ငံ ပန်ဂျပ်စိုက်ပျိုးရေးတက္ကသိုလ် (Punjab Agricultural University) သို့သွားရောက်လေ့လာစဉ် ပျားမွေးမြူရေးပညာ အထူးပြု ကျောင်းသား/ သူ များ ပျားမွေးမြူရေး လက်တွေ့၊ အတွေ့အကြုံများမှနေ၍ လေ့လာခြင်း (Experiential Learning) လက်တွေ့ပြုလုပ်နေပုံ ကို ကြည့်ရှု၊ ဆွေးနွေးခဲ့ရပါသည်။
ပုံ - ၁ လက်တွေ့ပျားမွေးမြူရေးကိုလက်တွေ့ဆင်းနေစဉ်
အိန္ဒိယနိုင်ငံတွင် ပျားများ၏ ဝတ်မှုန်ကူးပေးမှုကြောင့် အောက်ပါသီးနှံများ အထွက်တိုးရသည်ကို သုတေသနပြုချက်များအရ တွေ့ရှိခဲ့ရပါသည်။
(က) ဆီထွက်သီးနှံများ (Oil Seed Crops) - ဆီမုံညင်း (၁၃ မှ ၂၂၂-ရာခိုင်နှုန်း)၊ နှမ်း (၂၅-ရာခိုင်နှုန်း)၊ နေကြာ (၂၁ မှ ၃၄၀၀-ရာခိုင်နှုန်း)၊ ဆူးပန်း (၄ မှ ၁၄၄-ရာခိုင်နှုန်း)
ကျွန်တော်တို့မြန်မာနိုင်ငံအတွက် နေကြာစိုက်ပျိုးအောင်မြင်ရေးကို ပျားများဖြင့် ဝတ်မှုံကူးပေးခြင်း အခန်းကဏ္ဍက အလွန်အရေးပါသည်ကို မူဝါဒချမှတ်သူများ (Policy Makers)၊ စိုက်ပျိုးရေးသုတေသနပညာရှင်များ (Agricultural Researchers)၊ ပျားမွေးမြူရေးပညာရှင်များ (Apiculturists)၊ တောင်သူပညာပေးပညာရှင်များ (Sunflower Extension Agronomists) နေကြာစိုက်တောင်သူလယ်သမား များ (Sunflower farmers/Growers) ပါ စုပေါင်းဆောင်ရွက်ရန် တိုက်တွန်း၊ ဆွေးနွေးစေလိုပါသည်။ အိန္ဒိယနိုင်ငံလို မူလနေကြာအထွက် ၁၀-တင်းမှ ၁၂ တင်း - ၃၅၀ တင်းအထိ အထွက်တိုးနိုင်ပါသည်။
ပုံ - ၂ နေကြာစိုက်ပျိုးရေးနှင့်ပျားမွေးမြူရေး
(ခ) ဟင်းသီးဟင်းရွက်များ (Vegetables) ကညွတ် (၁၂၄၀၀-ရာခိုင်နှုန်း)၊ ကြက်သွန်နီ (၃၅၄ မှ ၉၈၇၈-ရာခိုင်နှုန်း)၊ ဂေါ်ဖီထုတ် (၁၀၀ မှ ၂၀၀-ရာခိုင်နှုန်း)၊ မုန်လာဥနီ/ခါချက်ဥ (၉ မှ ၁၃၅-ရာခိုင်နှုန်း)
(ဂ) သစ်သီးအပင်များ (Orchard Crops) ပန်းသီး (၁၈၀ မှ ၆၉၅၀-ရာခိုင်နှုန်း)၊ ရှောက်မျိုး ရင်းဝင်အပင်များ (၇ မှ ၂၃၃-ရာခိုင်နှုန်း)၊ စပျစ် (၂၃ မှ ၅၄-ရာခိုင်နှုန်း)၊ လိုင်ချီး (၄၅၃၈ မှ ၁၀၂၄၆-ရာခိုင်နှုန်း) အထိ အထွက်တိုးခဲ့သည်ကို သုတေသနမှတ်တမ်းများ အရ သိရှိရ ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော ဤသီးနှံများနှင့်ပျားမွေးမြူရေးကိုတွဲဖက်ပြုလုပ်ခြင်းဖြင့် သီးနှံအထွက်တိုး၊ မတိုး သုတေသနပြုလုပ်သင့်ပါသည်။
(ဃ) စားကျက်ပဲမျိုးများ (Fodder Legumes) အယ်လ်ဖာဖာ/လူဆန် (Alfalfa or Lucerne ၂၃ မှ ၁၉၇၃၃-ရာခိုင်နှုန်း)၊ ကလိုဗာ (Clover ၄၀ မှ ၃၃၁၅၀-ရာခိုင်နှုန်း)၊ ဗက်ရှ်ပဲ (Vetches ၃၉ မှ ၂၀၀၀၀-ရာခိုင်နှုန်း) အထိအထွက်တိုးသည်ကို မှတ်တမ်းများ အရ တွေ့ရှိရပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မွေးမြူရေးတိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာ (စားကျက်မြက်/စားကျက်ပဲ) စိုက်ပျိုးကျွေးမွေးသည့် ဓလေ့က အခြားနိုင်ငံများနှင့်ယှဉ်လျှင် အလွန်နောက်ကျနေပါသေးသည်။ ကျန်းမာရေးအားကောင်းစေရန် ပရိုတင်းဓာတ် ရရှိရန်အတွက် နိုင်ငံတော် အတွင်းဒေသအားလုံး အသား၊ နို့ များစွာထွက်ရှိရန် လိုအပ်ပါသည်။ ထို့အတွက် အဟာရပြည့်ဝသော အစားအစာများ အထူးသဖြင့် စိုက်ပျိုးမြေများကိုလည်း မြေဆီဩဇာဖြည့်တင်းပေးနိုင်သော ပဲမျိုးရင်းဝင်အပင်များ (Leguminous Plants) ကို စိုက်ပျိုးပေးရန်လိုအပ်ပါသည်။ ထိုအထဲမှ စားကျက်ပဲမျိုး (Forage/Pasture Legumes) များသည် နှစ်ရှည်ခံ၊ အကြမ်းခံပဲပင်များဖြစ်၍ မြေလွတ် မြေလပ်များစွာကို စိုက်ပျိုးသင့်ပါသည်။
ပုံ - ၃ စားမြုံ့ပြန်သတ္တဝါများနှင့်၎င်းတို့၏အစာအိမ်
ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် စာမြုံ့ပြန်သတ္တဝါများ (Ruminant Animals) အတွက် ထိုပဲများ၏ အထွက်က ပျားမွေးမြူရေးနှင့် တွဲဖက် ဆောင်ရွက်ပါက အဆထောင်ချီ၍ အထွက်တိုးရာ တောင်သူဦးကြီးများ ဆောင်ရွက်သင့်ပါသည်။
ပုံ - ၄ ပျားနှင့် ဗက်ချ်ပဲ ဝတ်မှုကူးပေးခြင်းဖြင့်ပျားရည်ရ၊ ပဲအထွက်တိုးပုံ
နိုင်ငံတကာတက္ကသိုလ်များရှိပျားမွေးမြူရေးသင်ရိုးညွန်းတန်းများ(Syllabus of Apiculture in some international Universities)
(က) ပျားမွေးမြူရေးမိတ်ဆက် (Introduction to Bee Keeping)
ပျားမွေးမြူရေး၏သမိုင်းနှင့်အရေးကြီးပုံ (History and Importance of Bee Keeping)၊ ပျားမွေးမြူရေး၏ စီးပွားရေးအရ အရေးပါမှု (Economic Value of Bee Keeping)၊ စိုက်ပျိုးရေးတွင် ပျားများ၏ ဝတ်မှုကူးမှု အရေးပါမှု (Role of Honeybees in Pollination and Agriculture)
(ခ) ပျားရည်ရရှိသောပျားများ၏ ဇီဝဗေဒ (Honeybee Biology)
ပျားအမျိုးအစားခွဲခြားခြင်း (Classification and Species of Honey Bees e.g. Apis mellifera, Apis cerana, etc.)၊ ပျားခန္နာဗေဒနှင့်ဇီဝကမ္မဗေဒ (Anatomy and Physiology of Honey Bees)၊ ပျားတို့၏ ဘဝစက်ဝန်း - ပျားဘုရင်မ၊ ပျားထီး၊ လုပ်သားပျား (Life cycle and case System e.g. Queen, Worker, Drone)၊ ပျားတို့၏ အလေ့အထ ဥပမာ - အချင်းချင်းဆက်သွယ်မှု၊ ဝတ်ရည်စုပ်မှု/အစာရှာဖွေမှု၊ အစုလိုက်နေထိုင်မှု (Behavior of Honeybees e.g. Communication, Foraging, Swarming, etc.) ပျား ပုရွက်ဆိတ်၊ နဂျီ၊ ခြ စသည်အင်းဆက်များသည် အစုလိုက်၊ အပြုံလိုက် ကိုလိုနီ ဖွဲ့နေထိုင်သော အင်းဆက်အမျိုးအစားများ (Social Insects – Form colonies) ဖြစ်ပါသည်၊
ပုံ - ၅ ပျားအမျိုးအစားခွဲခြားခြင်း
ကျွန်တော်တို့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားဘဝက ပထမနှစ်မှာ ရုက္ခဗေဒ (Botany)၊ သတ္တဗေဒ (Zoology) ဘာသာများ ခွဲ၍ စတင်သင်ကြားခဲ့ရာ (အထက်တန်း တုံးက ဇီဝဗေဒ - Biology) သတ္တဗေဒလက်တွေ့မှာ ဆရာမကြီး ဒေါ်ညိုညိုမြိုင်က လက်တွေ့ ဖားခွဲပြတာကို ကြည့်ရှုလုပ်ကိုင်ခဲ့ရပါသည်။ ဒုတိယနှစ်ရောက်တော့ အခြေခံ ကိမိလဗေဒ (Introductory Entomology) အင်းဆက် (Insects) ဘက်ကို ဦးတည်သင်ခဲ့ရပြီး ပိုးဟတ်များကို လက်တွေ့ခွဲစိတ် လေ့လာခဲ့ရပါသည်။ ပျားမွေးမြူရေး ပျားထွက်ပစ္စည်းများ၊ ပိုးချည် မွေးမြူရေး၊ ချိတ်ပိုးများ အကြောင်း ဆိုင်ရာ စက်မှုဆိုင်ရာကိမိလဗေဒ (Indutrial Entomology) များကိုတော့ တတိယနှစ်တွင် စတင်သင်ခဲ့ရသည်ထင်ပါသည်။
(ဂ) ပျားအုံပြုလုပ်၊ ပျားရည်ရရှိရန်စီမံခန့်ခွဲခြင်း (Apiary Management)
(ဃ) လက်တွေ့ပျားမွေးမြူနည်းစနစ်များ (Beekeeping Practices)
(င) ပျားရည်နှင့်ပျားထွက်ပစ္စည်းများအကြောင်း (Honey and other Hive Products)
(စ) ပျားများဝတ်မှုံကူးသည့် အပင်အမျိုးမျိုးအကြောင်း (Bee Forage and Flora)
(ဆ) သီးနှံပင်များဝတ်မှုံကူးခြင်းတွင် ပျားများ၏အခန်းကဏ္ဏ (The Role of Bees in Pollination)
(ဇ) ပျားမွေးမြူရေးဆိုင်ရာစွန့်ဦးတည်ထွင်လုပ်ငန်းများ (Beekeeping Entrepreneurship) စသည့် ဘာသာများဖြင့် အသေးစိတ်သင်ကြား၊ သင်ယူကြပါသည်၊
(မှတ်ချက် - သင်ရိုးညွှန်းတန်းသည် တက္ကသိုလ်တစ်ခုနှင့်တစ်ခုအပေါ် များစွာကွာခြားနိုင်ပါသည်)
ပျားရည် (Honey)
ပျားရည်သည် ပန်းများမှ သီးနှံအရည်ကို အသုံးပြု၍ အချို့သော အင်းဆက်များ အထူးသဖြင့် ပျားများကထုတ်လုပ်သော ချိုမြိန်သော အစားအစာတစ်ခုဖြစ်သည်။ ပျားရည် ထုတ်ပျား (Honeybees - Apis spp) ကထုတ်လုပ်သော အမျိုးအစားသည် အများဆုံး လူသားများ၏စားသုံးမှုအတွက် များစွာလက်ခံထားသောအမျိုးအစားဖြစ်ပြီး၊ လုပ်သားပျားများ (Worker Bees) က အဓိကတည်တံ့အောင် စုဆောင်းနေကြသည်။ အခြားအင်းဆက်များနှင့် အခြားပျားများက ထုတ်လုပ်သော ပျားရည်သည် အရည်အသွေးများ ခြားနားနေပါသည်။
ဒီရွှေရောင် သဘာဝအချိုအာဟာရက ပျားများ၏ အံ့သြဖွယ်ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ သကြားဖြူကို အစားထိုးရန် သဘာဝအခြေခံဖြစ်သော အစားအစာတစ်ခုဖြစ်သည်။ သာမန်အားဖြင့် နှစ်တစ်နှစ်ပတ်လုံးရနိုင်သော်လည်း နွေရာသီနှင့်ဆောင်းဦးရာသီတွင် ထုတ်လုပ်သော ပျားရည်ကို စားသုံးရခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
ပျားများသည် သီးနှံ ပန်းဝတ်ရည် (Nectar) ကို အစာအနေဖြင့် ပြန်အန်၍ ပျားရည်အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး၊ ပျားအုံ/ပျားသလက် (Bee Hive) ထဲတွင် သိမ်းဆည်းပါသည်။ ပျားမွေးသူများ၏ လုပ်ငန်းဆောင်ရွက်မှုများသည် ပျားရည်များစွာ ထုတ်လုပ်ရန် အားပေးရင်း၊ ပျားအုပ်စုကို အန္တရာယ်ကင်းစေရန် ကျန်ရှိသော ပျားရည်ကိုသာ ယူနိုင်ရန် စီမံဆောင်ရွက်လေ့ရှိပါသည်။
ပျားရည်၏ ချိုမြိန်မှုသည် တစ်မော်နိုစက်ခရိုက် (Monosaccharide) ဖြစ်သော ဖရူတိုစ် (Fructose) နှင့် ဂလူးကိုစ် (Glucose) မှရရှိပြီး၊ ချိုမြိန်မှုဆိုင်ရာ အချိုးအစားသည် အဖြူ သကြား (ဆိုက်ခရိုစ် Sucrose) ၏ ၇၄% ခန့်ရှိသည်။ အပြောင်းအလဲပေးနိုင်သော ဓာတု ပစ္စည်း ဆိုင်ရာ သ ဘောထားများရှိသောကြောင့် ပြုတ်ကျော်မှုတွင်အသုံးပြုရန် အလွန်သင့်တော်ပြီး၊ အနံ့အရသာ ထူးခြားသောကြောင့် သကြားနှင့် အခြားအချိုမှုန့်များ ထက် ကြိုက်နှစ်သက်သူ များလည်းရှိပါသည်။
ပျားမွေးမြူရေးအတွက် အဟန့်အတားများ (Constraints in Beekeeping)
နိုင်ငံတကာတွင် ဩဂဲနစ်ပျားမွေးမြူရေး (Natural Beekeeping/Organic Approaches to Modern Apiculture) ကိုစတင်အားပေး ဆောင်ရွက်နေစဉ်မှာဘဲ ပျားမွေးမြူရေးနှင့် ပျားရည်ထုတ်လုပ်မှု ကို အခက်အခဲဖြစ်စေသည့် အချက်များရှိပါသည်။
(က) ပတ်ဝန်းကျင်ဆိုင်ရာအဟန့်အတားများ (Environmental Constraints)
(က-၁) ပျားမွေးမြူမည့်သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေး၊ ဓာတုဆေးများ (Pesticides) သုံးစွဲနေမှု သည် အဓိကအဟန့်အတားတစ်ခုဖြစ်နေပါသည်။ ပျားသည်ပင်လျှင် အင်းဆက် တစ်မျိုး ဖြစ်နေ၍ အင်းဆက်ပိုးသတ်ဆေး (Insecticides) များ အလွန်အကျွန်သုံးစွဲ နေမှုက ပျားကောင် ကလေး များ သေကြေဆုံးပါးမှုဖြစ်၊ ပျားအကောင်ရေ (Bee Population) လျော့ပါးမှုဖြစ်စေနိုင်ပါသည်၊
(က-၂) ရာသီဥတုပြောင်းလဲမှု (Climate Change) အထူးသဖြင့် ပူပြင်းလာမှုကြောင့် ပျားကလေးများ ပေါက်ပွားမှု၊ လှုပ်ရှားမှု နဲပါးသွားနိုင်၊ မိုးနဲလာမှု၊ အချိန်မဟုတ်မိုးရွာမှု ကြောင့် ပျားရည် ရရန် ပျားကလေးများ စုပ်ယူရမည့် ပန်းဝတ်မှုန်အပင်များ၊ ပန်းပွင့်နည်းမှု၊ ဝတ်ရည်နည်းမှု တွေလည်း ကြုံတွေ့နိုင်ပါသည်၊
(က-၃) ဇီဝမျိုးကွဲများ၊ အပင်မျိုးကွဲများနည်းပါးလာမှု (Biodiversity Loss) သဘာဝပျားရည်/သစ်တောများမှရရှိသောပျားရည်များသည် အပင်ပေါင်းစုံ၏ ပန်းဝတ်မှုံကို စုပ်ယူစားသုံးရသည့် အတွက် အပင်မျိုးကွဲများနှစ်စဉ်နဲပါးလာမှု၊ ရှားပါးမှုတို့သည် ပျားရည်ထုတ်လုပ်မှု အတွက်ထိခိုက်လာပါသည်၊
(ခ) ဇီဝဆိုင်ရာအဟန့်အတားများ (Biological Constraints)
(ခ-၁) ပျားနှင့်ပျားအုံတွင်ကျရောက်နိုင်သောရောဂါများ (Bees and Hive Diseases) ဖြစ်ပွားမှု ကြောင့် ပျားရည် ထုတ်လုပ်မှုလျှော့နည်းနိုင်ပါသည်၊ ဥပမာ - အမေရိကန် ဖူးဘရော့်ရောဂါ (American Foulbrood)၊ ဗိုင်းရပ်ရောဂါ (Viral Disease)၊ မှိုရောဂါ (Fungal Disease)
(ခ-၂) ပျားကလေးများနှင့် ပျားအုံကိုဖျက်ဆီးသောပိုးမွားများ (Parasitic Mites and Insect Pests)
(ဂ) ပျားရည်နှင့်ပျားထွက်ပစ္စည်းများ အတွက်ခေတ်မှီနည်းပညာများ လိုအပ်မှု (Modern Technology for Honey Production) စသည်တို့ဖြစ်ပါသည်၊
ပျားမွေးမြူရေးပညာကို ပျားရည်နှင့်ပျားထွက်ပစ္စည်းများ ထုတ်လုပ်ရန်သာမက ပင်ခြားဝတ်မှုန်ကူးသော အပင်များ (Cross-pollinated Plants) ဝတ်မှုံကူးမှု ပိုမိုရရှိလာပြီး နေကြာအစရှိ သီးနှံများ အထွက်တိုးလာသည်အထိ တက္ကသိုလ်ကောလိပ်သင်ကြားရေးများ သာမက၊ သုတေသနများပါ တွဲဖက်လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းနိုးဆော်အပ်ပါသည်။
ဆက်ပါဦးမည်...
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Commonwealth Secretariat (1979) Beekeeping in Rural Development. International Bee Research Association. 195p.
Conrad, R. (2013) Natural Beekeeping. Chelsea Green Publishing. 285p.
Mahindru, S.N. (2007) Bee Keeping. APH Publishing, New Delhi. 204p.
ပျားလုပ်ငန်းဌာန (၂၀၁၅) ပျားမွေးမြူရေး၊ စတုတ္ထအကြိမ်၊ ၃၀-မျက်နှာ
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဒေါက်တာလှိုင် မင်းဦး၊ ပါမောက္ခ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့အား ကျေးဇူးတင်ရှိပါသည်)
အလွန် အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံ အကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါးပါသည်။ ကျွန်တော်၏ ဆောင်းပါး ကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။