Basic Agricultural Science – (157) Cereal Crops - Rice (Part-2)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၇) နှံစား သီးနှံများ - ဆန်စပါး (အပိုင်း-၂)
ဆန်စပါးသည် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် နေ့စဉ်စားသုံးနေရသော အဓိကသီးနှံ ဖြစ်ပါသည်။
ဆန်စပါးသည် မြက်မျိုးရင်းဝင်အပင် (Family – Poaceae/Gramineae) ဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးစု (Genus - Oryza) က ၂၅ ခုခန့် ရှိကာ ၂၀မျိုးက စပါးရိုင်း (Wild Rice) မျိုးများဖြစ်ပါသည်။ ထိုအထဲမှာမှ Oryza sativa နှင့် Oryza glaberrima ၂ မျိုးလက်ရှိ စိုက်ပျိုးနေပါသည်။ ဗီဇအခြေအနေအရ Diploid, Tetraploid ဟူ၍ ၂ မျိုးလည်းရှိပါသည်။
O.sativa ကတော့ တစ်ကမ္ဘာလုံးစိုက်ပျိုးနေသော မျိုးဖြစ်ပြီး ဤမျိုး၏အောက်တွင် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းအာရှတိုက်နိုင်ငံများတွင် စိုက်ပျိုးလျက်ရှိသော အင်ဒီကာ (Indica)၊ ဂျပန်၊ ကိုရီးယားစသည့် အာရှနိုင်ငံများတွင် ဂျပွန်နီကာ (Japonica)၊ အင်ဒိုနီးရှားနိုင်ငံများဘက်တွင်စိုက်ပျိုးသော ဂျာဗားနီးကား (Javanica) စသည့်မျိုးများရှိပါသည်။ O.glaberrima ကတော့ အာဖရိကတိုက် နိုင်ငံအချို့တွင် စိုက်ပျိုးကြပါသည်။
ဇယား - ၁ ကမ္ဘာ့ စပါးစိုက်ပျိုးမှု၊ စုစုပေါင်းအထွက်၊ အထွက်နှုန်း (၂၀၂၂-၂၃)
Source: https://www.statista.com/statistics/271969/world-rice-acreage-since-2008/
ဤဇယားကို ကြည့်ရှုအဓိပ္ပာယ်ဖော်(Interpretation) ထုတ်ရလျှင် အိန္ဒိယနိုင်ငံသည်ကမ္ဘာ့စိုက်ဧရိယာ အများဆုံးနိုင်ငံဖြစ်သော်လည်း စုစုပေါင်းထုတ်လုပ်မှုမှာ တရုတ်နိုင်ငံထက်နည်းနေရခြင်းမှာ တစ်ဟက်တာအထွက်နှုန်းနည်းနေခြင်းကြောင့်ဖြစ်ပါသည်။ နည်းပညာ သုံးနိုင်တာခြင်းအတူတူ မြေပြင်သီးနှံဂေဟ အခြေအနေနှင့်ပတ်ဝန်းကျင် အနေအထား (Agroecology and Environmental Condition) တွင်တရုတ်နိုင်ငံက အအေးပိုင်းဘက် ပိုရောက်နေသလား စဉ်းစားမိပါသည်။ နောက်ကမ္ဘာ့စပါးအထွက်များဆုံး နိုင်ငံကလည်း အအေးပိုင်း ဩစတေးလျနိုင်ငံဖြစ်နေပါသည်။ ဒုတိယအထွက်အများဆုံးက အပူပိုင်းဒေသအီဂျစ်နိုင်ငံဖြစ်နေတော့ လျှို့ဝှက်ချက်များကို ရှာကြည့်ရပါမည်။
အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နန်နိုင်ငံတို့ကလည်း ကျွန်တော်တို့နိုင်ငံထက်အထွက်ပိုနေသည်မှာ သွင်းအားစုများ ကွာနေသလား ဆန်းစစ်ကြည့်ရအောင်ပါ၊
တရုတ်ပြည်သည် အိန္ဒိယနိုင်ငံထက် စိုက်ဧရိယာနည်းသော်လည်း ဆန်စပါး ထုတ်လုပ်မှု အများဆုံးဖြစ်ရခြင်းမှာ -
(က) တစ်ဟက်တာအထွက်နှုန်းပိုကောင်းနေခြင်း (High Yield per Hectare)
ခေတ်မီစိုက်ပျိုးနည်းစနစ်များ (Advanced Agricultural Practices) ဥပမာ - တိကျသောစိုက်ပျိုးနည်းစနစ်များ (Precision Farming)၊ စက်မှုလယ်ယာ (Mechanization) စသည်တို့ကို နိုင်ငံအနှံ့အသုံးပြုနိုင်ခြင်း၊ အထွက်ကောင်းမျိုးများ (HYV – High Yielding variesites)၊ စပ်မျိုးများ (Hybrid Rice Varieties) ကို တွင်ကျယ်စွာအသုံးပြုနိုင်ခြင်း၊ အကျိုးရှိသောရေအသုံးပြုမှု (Efficient Water Management) ဥပမာ - ရေလွှမ်းမိုးမှုကို ထိန်းချုပ်ထားနိုင်ခြင်း (Controlled Flooding)၊ ခေတ်မီရေခြွေတာမှုနည်းစနစ်များ (Water-saving Techniques) အသုံးပြုနိုင်ခြင်း။
(ခ) စိုက်ပျိုးရာသီတစ်လျှောက်လုံးစီမံခန့်ခွဲမှုကောင်းခြင်း (Better Crop Management)
အစွမ်းကုန်စိုက်ပျိုးနည်းစနစ်များ (Intensive Farming) သုံးပြီး အသင့်တော်ဆုံး မြေဩဇာ၊ ပိုးသတ်ဆေးများ အသုံးပြုပြီး အထွက်အမြင့်ဆုံးရအောင် (Maximize output) စွမ်းဆောင်နိုင်ခြင်း၊ တရုတ်နိုင်ငံက စပါးဗီဇ၊ ပိုးမွှားရောဂါခံနိုင်ရည်ရှိမှု သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (Research and Development) ကို အရင်းအနှီးများစွာ၊ ငွေကြေးအမြောက်အများ အကုန်အကျခံကာ ပြုလုပ်ခဲ့ခြင်းက အောင်မြင်မှု၏ အချက်တစ်ချက်ဖြစ်ပါသည်။
(ဂ) သင့်လျော်သော စိုက်ပျိုးရေးဆိုင်ရာမူဝါဒများနှင့်ထောက်ပံ့ကြေးများပေးခြင်း (Favorable Policies and Subsidies)
အစိုးရမှအထောက်အပံ့များ (Government Support) ဥပမာ - မျိုးစေ့ (Seeds)၊ မြေဩဇာ (Fertilizers)၊ စက်ပစ္စည်း (Machinery) များ ပေးပြီး စပါးစိုက်ပျိုးမြေများ အောင်မြင်အောင်ဆောင်ရွက်နေခြင်း၊ ဈေးကွက်အခြေခံအဆောက်အဦးများ (Market Infrastructure) ဥပမာ - ပိုကောင်းသော သီးနှံများသိုလှောင်နိုင်မှု (Storage)၊ သယ်ယူပို့ဆောင်ရေး (Transportation)၊ ဖြန့်ဖြူးရေးစနစ် (Distribution) များက စပါးရိတ်သိမ်းချိန်လွန်ပျောက်ဆုံးမှု (Reduce post-harvest losses) ကိုနည်းပါးစေပြီး စပါးစိုက်တောင်သူများ ဈေးကောင်းရစေနိုင်ပါသည်။
(ဃ) စပါးနှစ်ကြိမ်စိုက်ဧရိယာများပြားခြင်း (Double Cropping)
သီးထပ်စိုက်ဧရိယာများ (Multiple Cropping Cycles) များပြားအောင် စပါးကို ရေရရှိအောင်ပြုလုပ်ပြီး တစ်နှစ် ၂-၃ ကြိမ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ် ထုတ်လုပ်မှုတက်လာခဲ့ရပါသည်။
(င) ရာသီဥတုနှင့်မြေဆီလွှာအခြေအနေကောင်းမွန်မှု (Climatic and Soil Conditions)
တရုတ်နိုင်ငံ၏စပါးစိုက်ဧရိယာများ၏ ရာသီဥတု ဥပမာ - မိုးပုံမှန်ရွာသွန်းမှုနှင့် အကောင်းဆုံးအပူချိန်သည် စပါးအတွက် အလွန်ကောင်းမွန် (Favourable Climatic Condition) နေပါသည်၊ မြေဆီဩဇာ (Soil Fertility) ကောင်းမွန်မှုကလည်း စပါးထုတ်လုပ်မှုအတွက် အထောက်အကူဖြစ်ပေါ်စေပါသည်။
(စ) ရိတ်သိမ်းပြီးနောက်ပိုင်းဆုံးရှုံးမှုလျော့နည်းလာခြင်း (Lower Post-Harvest Losses)
တရုတ်နိုင်ငံ၏ ခေတ်မီရိတ်သိမ်း၊ ခြွေလှေ့နိုင်မှုသည် အရည်အသွေးကောင်း စပါးများဈေးကွက်သို့ပို့ဆောင်ပေးနိုင်ပါသည်။
(ဆ) ကျေးလက်ဒေသများသင့်တော်သောလူဦးရေနှင့်အလုပ်အကိုင်အဆင်ပြေနိုင်မှု (Population Density and labour Utilization)
တရုတ်နိုင်ငံ ကျေးလက်ဒေသများ၏ စပါးစိုက်ခင်းများအပေါ် အကောင်းဆုံးလယ်ယာလုပ်သားများ ပေးနိုင်မှု (Labour Efficiency)သည်လည်း ခေတ်မှီစပါးစိုက်ပျိုးရေးကို အ ထောက်အကူဖြစ်နိုင်ပါသည်။
တဖက်အိန္ဒိယနိုင်ငံ၏ အားနည်းချက်ကို သုံးသပ်ရလျှင်လည်း -
(၁) ဒေသအတော်များများကမိုးကောင်းသောက်စပါးစိုက်ဧရိယာများ (Rain-fed Agriculture) ဖြစ်နေပါသေးသည်။
(၂) မြေကွက်များပြန့်ကျဲနေမှု (Fragmented landholdings) ကလည်း စက်မှုလယ်ယာစနစ် ကူးပြောင်းရန် အားနည်းနေပါသေးသည်။
(၃) စပါးရိတ်ပြီးသိုလှောင်ရုံများ အားနည်းနေမှုနှင့် အခြေခံအဆောက်အဦများ (Inadequate storage and infrastructure) ကြောင့် စပါးရိတ်သိမ်းပြီးနောက်ပိုင်း ဆုံးရှုံးမှုများနေပါသေးသည်။ စိုက်ပျိုးရေးပတ်သက်သော မူဝါဒချမှတ်သူများ သုံးသပ်ပြုပြင်နိုင်ရန်အတွက်ပါ။
တဖန် ဩစတေလျနိုင်ငံစပါးပျှမ်းမျှအထွက်နှုန်းကလည်း ကမ္ဘာ့စပါးအထွက်ဆုံး၊ တစ်ဟက်တာလျှင် ၁၈-တန်အထိ ထွက်နေရခြင်း အကြောင်းကိုလည်း လေ့လာဆန်းစစ်နိုင်ပါသည်။
(က) ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြုခြင်း (Advanced Agricultural Practices)
တိကျသောစိုက်ပျိုးနည်းစနစ် (Precision Agriculture) ဩစတေလျ စပါးစိုက်တောင်သူများသည် ခေတ်မီတိကျသောစိုက်ပျိုးနည်းစနစ် ဥပမာ - မြေညှိရာတွင် လေဆာနည်း (Laser Leveling) ဖြင့်ပြုလုပ်ပြီး ရေသွင်း၊ ရေထုတ်ရာတွင်ညီညာသဖြင့် စပါးပင်များ ထိခိုက်မှု (ရေဝတ်၊ ရေမရသောအပင်များမရှိဘဲ)၊ အပင်သေဆုံးမှု မရှိသလောက် ကြီးထွားဖွံ့ဖြိုးသဖြင့် အထွက်ကောင်းနေပါသည်။
ပုံ - ၁ စပါးမစိုက်ပျိုးခင် လေဆာနည်းဖြင့် မြေညှိနေပုံ
စပါးစိုက်ပျိုးရေစီမံခန့်ခွဲမှု (Efficient Water Management System) အလွန်ကောင်းမွန်ပြီး ကမ္ဘာ့စိုက်ပျိုးရေများ ရေသွင်း၊ ရေထုတ်ပြုလုပ်နိုင်မှုမှာ ထိပ်ဆုံးကဖြစ်ပါသည်။
(ခ) အထွက်ကောင်း၊ အရည်အသွေးကောင်းမျိုးများအသုံးပြုနိုင်ခြင်း (Using High-Quality Rice Seed Varieties)
ဩစတေလျစပါးမျိုးမွေးမြူရေးပညာရှင်များက သူတို့ရေမြေ၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသော အကောင်းဆုံးမျိုးများကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သော ဆန်းရိုက်စ် (SunRice Research Organization) က စပါးစိုက်တောင်သူ များအတွက် အကောင်းဆုံး၊ အထွက်အများဆုံးမျိုးများ မွေးထုတ်ပေးရန် အရင်းအနှီးများ စွာ ထုတ်သုံးပြီး သုတေသနပြုနေပါသည်။
(ဂ) ရာသီဥတုနှင့်မြေဆီလွှာ (Climate and Soil)
နယူးဆောက်ဝေးပြည်နယ်၊ ရေးဗားရီးနားဒေသ (The Riverrina Region, New South Wales) က ဩစတေလျနိုင်ငံ၏ စပါးအဓိကစိုက်ပျိုးရာဒေသဖြစ်ပြီး စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် အကောင်းဆုံးဖြစ်သော သမပိုင်းရာသီဥတုရှိပါသည်။ ဩစတေလျစပါးစိုက်ပျိုးမြေများက နှစ်စဉ်ရေရှည်တည်တံ့ခိုင်မြဲအောင် အမြဲထိန်းထားနိုင်သဖြင့် (Sustainable Utilization) အာဟာရဓာတ် ကြွယ်ဝနေခြင်းက စပါးအထွက်ကောင်းရခြင်း အကြောင်းတစ်ချက်ဖြစ်ပါသည်။
(ဃ) ရေရရှိရန်အခြေခံ အဆောက်အဦများကောင်းခြင်း (Good Irrigation Infrastructure)
မာရေးဒါလင်ရေလှောင်မြစ်ဝှမ်း (The Murray-Darling Basin) က စပါးစိုက်ဧရိယာအားလုံးအတွက် စပါးခင်းသက်တန်း တစ်လျှောက်လုံး ရေလုံလောက်စေရန် အာမခံပေးပါသည်။ ဩစတေလျစပါးတောင်သူများက ကွန်ပြူတာ၊ လက်ကိုင်ဖုံးစနစ်ကို ကျွမ်းကျင်စွာသုံးနိုင်သဖြင့် စပါးပင် သက်တန်းတစ်လျှောက်လုံး ရေအလိုအပ်ဆုံးအချိန်ကို ပြည်နယ်တောင်သူပညာပေးဌာန (NSW State – Department of Primary Industries - Agricultural Extension Services) ကတောင်သူများနှင့် အကျိုးရှိစွာ စဉ်ဆက်မပြတ် ပညာပေးနိုင်ပါသည်။
ပုံ - ၂ ဩစတေလျစပါးတောင်သူပညာပေးလုပ်ငန်းတစ်ခု
၁၉၈၇ ခုနှစ်များကတည်းက ကျွန်တော် ထိုနိုင်ငံကွင်းစလန်တက္ကသိုလ် (UQ – The University of Queensland) တွင် မဟာစိုက်ပျိုးရေး သိပ္ပံ သင်တန်းတက်ရောက်ခဲ့စဉ် တောင်သူများနှင့် ပြည်နယ်ပညာပေးဌာနကို လေ့လာရေးသွားရောက်ခဲ့ရာတွင် သူတို့စနစ်မှာ တစ်ရုံးထဲ (One Office; One-stop Service) ဖြစ်ပြီး တောင်သူ့ပြဿနာ များကိုစုပေါင်းဖြေရှင်းသော စနစ်ဖြစ်ပါသည်။ ရေသွင်း ရေထုတ်၊ စက်မှုလယ်ယာ၊ မျိုးစေ့၊ စိုက်နည်းစနစ် နောက်ဆုံး စားကျက်ပဲအတွက် ရိုက်ဇိုဘီယမ် (Rhizobium for Forage Legumes) က အစ တစ်ရုံးထဲမှပင် စုပေါင်း ဖြေရှင်းပါသည်၊ ဝန်ထမ်း အများ ကြီးလည်းခန့်စရာ မလိုတော့ပါ။ အလွန်အကျိုးရှိသော စနစ် (Efficient Agricultural Extension System) ဖြစ်ပါသည်၊
ကျွန်တော်တို့အဖွဲ့ ၂၀၁၇-ခုနှစ် အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ် (IARI - Indian Agricultural Research Institute) သို့ ၂-ပတ် လုပ်ငန်းခွင်လေ့လာရေးသင်တန်း (Study Tour and Job Training) သွားရောက်ခဲ့စဉ်ကလည်း သူတို့အခေါ် ကေဗွီကေ တောင်သူပညာပေးစနစ် (KVK – Krishi Vigyan Kendra – Farm Science Centre) ကိုလေ့လာ တုံးကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးပူးတွဲထားသော တောင်သူပညာပေးစနစ် မျိုးစေ့၊ မြေဆီလွှာဓာတ်ခွဲမှု၊ စက်မှုလယ်ယာ နောက်ဆုံးဆိတ်မွေးမြူရေး၊ ကျေးလက်နေ အမျိုး သမီးများ မဆလာလုပ်နည်းကအစ အဖွဲ့အစည်းတစ်ခုထဲက ဆောင်ရွက်ပါသည်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များတွင် မလိုအပ်ဘဲ ဝန်ထမ်း၊ အဆောက်အဦများ များပြားပြီး အကျိုးမရှိ ဖြစ်နေသည်များကို ပယ်ရှားပြီး ဖြစ်ပါသည်၊
(င) အရည်အတွက်သာမက အရည်အသွေးပါ အာရုံစိုက်ထားခြင်း (Focus on Quality over Quantity)
ဩစတေလျစပါးစိုက်ပျိုးထုတ်လုပ်ခြင်း (Australian Rice production) က အရေအတွက်များများ ထုတ်လုပ်ခြင်းထက် အရည်အသွေးမြင့် စပါးများထုတ်လုပ်ခြင်း (Focus on Quality and Sustainability) ကို အဓိကထားပါသည်။ အထွက်ကောင်း ရရှိခြင်းသည် အသေးစိတ်၊ စေ့စပ်တိကျသော စနစ်ကြောင့် (Meticulous Field Management) ဖြစ်ပါသည်၊
(စ) သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးစနစ်က များစွာထောက်ပံ့ပေးခြင်း (Support from Research and Development)
အလွန်ကောင်းမွန်၊ အကျိုးရောက်စေသော စပါးတောင်သူများနှင့် သုတေသန ပညာရှင် များ၏ ထိရောက်စွာ ဆက်သွယ်နိုင်မှု (Collaboration between Farmers and Research Institutions) က စပါး တဟက်တာ အထွက်ကို ကမ္ဘာ့ထပ်ဆုံးနိုင်ငံ ဖြစ်အောင် တွန်းတင်သွားပါတော့သည်။
အီဂျစ်နိုင်ငံကလည်း မြန်မာနိုင်ငံလို အပူပိုင်းနိုင်ငံ (One of the Tropical Countries) တစ်နိုင်ငံဖြစ်သော်လည်း တစ်ဟက်တာ စပါးအထွက်မှာ ကမ္ဘာ့ဒုတိယအများဆုံး ဖြစ်နေပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် သင်ခန်းစာယူစရာတွေချည်းပဲဖြစ်ပါလိမ့်မည်။
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Bhuiyan, S.I.; Abedin, M.Z.; Singh, V.P. and hardy, B. (2004) Rice Research and Development in the Flood-Prone Ecosystem. IRRI. 283p.
Su Mon, Serota, Lauren and Chipchase, Jan (2016) Paddy to Plate: Myanmar Rice Report. Proximity Designs. 337p.
Wang, H.; Pandey, S.; Velarde, O. and Hardy, B. (2012) Patterns of Varietal Adoption and Economics of Rice production in Asia. IRRI. 130p.
Yoshida, S. (1981) Fundamentals of Rice Crop Science. IRRI. 279p.
မြန်မာနိုင်ငံ စိုက်ပျိုးရေး, သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့ (၂၀၀၄) မြန်မာ့ ဆန်စပါးစာတန်းများ၊ ၃၀၈-စာမျက်နှာ
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ တို့အား ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။