ဩစတေလျက စိုက်ပျိုး၊ မွေးမြူရေးမှာ ထိပ်တန်းရောက်နေပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များစွာ နိုင်ငံတကာတင်ပို့လျက်ရှိနေပါသည်၊ ဒုတိယနိုင်ငံခြားဝင်ငွေရရှိသော စိုက်ပျိုး မွေးမြူရေးထုတ်ကုန်မှာအသား (Meat) ဖြစ်ပါသည်၊ အသားထုတ်လုပ်ငန်းအတွက်လိုအပ် သော တိရစ္ဆာန်အစာ (Animal Feeds) (သို့) စားကျက်သီးနှံများ (Pasture Land/ Grazing Lands) အကြောင်းဆက်ဆွေးနွေးပါမည်။
(၃) လွတ်ကျောင်းစိုက်ခင်းများ (Grazing Land)
ဩစတေလျအသားထုတ်လုပ်ငန်း (Australian Livestock Industry) အတွက် အဓိက အစားအစာ စားကျက်သီးနှံကတော့ ကျယ်ပြန့်သောလွှတ်ကျောင်းစနစ် (Extensive Grazing Systems) ကိုပဲ အသုံးပြုပြီး ရိတ်ကျွေးစနစ် (Cut-and-carry Systems/Zero Grazing Methods) ကတော့ အသုံးပြုမှု အလွန်နည်းပါသည်။ စားကျက်သီးနှံသိပ္ပံ (Pasture Science) အကြောင်း အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း ၁၅၊ ၁၆ တွင်လည်းကောင်း၊ ပဲမျိုးနွယ်ပင် နှစ်ရှည်သစ်ပင်များ အကြောင်း (Tree Legumes) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း ၇၂၊ ၇၃ တွင်လည်း ရေးသားခဲ့ပြီးဖြစ်ပါသည်။
ယခုတော့ မြက်ခင်းစနစ်၊ လွတ်ကျောင်းစနစ်အကြောင်း ခရီးသွားအတွေ့အကြုံအပါအဝင် ဆွေးနွေးပါမည်။ ဩစတေလျနိုင်ငံ၏ ကျယ်ဝန်းထူပြောလှသောမြေ (Australia’s Vass Landmass)၊ ရာသီဥတု အမျိုးမျိုး (Diverse Climates) အကြားမှာ လွတ်ကျောင်း မြက်ခင်းစနစ်ဆောင်ရွက်ရန် အလွန်အကောင်းဆုံးဖြစ်ပါသည်။
ပုံ - ၁ ဩစတေလျလွှတ်ကျောင်းမြေများ
အဓိကလွှတ်ကျောင်းစနစ် ၃ မျိုးမှာ
(က) ဆက်တိုက် လွှတ်ကျောင်းစနစ် (Continuous Grazing) တိရစ္ဆာန်များကို မြေအလှည့်ကျမထားဘဲ ကွင်းနေရာတစ်ခုမှာ တောက်လျှောက်ထားခြင်းစနစ် ဖြစ်ပါသည်။
(ခ) အလှည့်ကျ လွှတ်ကျောင်းစနစ် (Rotational Grazing) တိရစ္ဆာန်များကို တစ်နေရာတည်းမထားဘဲ ကွင်းနေရာရွှေ့ပြောင်း ထားခြင်းစနစ်ဖြစ်ပါသည်။
(ဂ) စိုက်ကွင်းတစ်ခုထဲမှာ အကွက်ငယ်များရိုက်ပြီး အလှည့်ကျစနစ် (Cell Grazing) တိရစ္ဆာန်များကိုကွင်းတစ်ခုထဲတွင် အကွက်ငယ်ကလေးများအတွင်း အလှည့်ကျလွတ်ကျောင်း ပေးခြင်းဖြစ်ပါသည်၊
(ဃ) လွတ်ကျောင်းခြင်းမပြုသောစနစ် (Zero Grazing) တိရစ္ဆာန်များကို ကွင်းထဲတွင်ထားပြီး ရိတ်ကျွေးသောစနစ် ဖြစ်ပါသည်။ ဩစတေးလျတွင် ဤစနစ်ကို ၅-၁၀% ခန့်သာ အသုံးပြုပါသည်။ အထူးသဖြင့် ဩစတေလျနိုင်ငံအတွင်း မြေတန်ဖိုးမြင့်မားနေသော နေ ရာများ၊ လွတ်ကျောင်းစားကျက်ပင်များ ရှားပါးနေသောနေရာများ၊ သီးနှံအခြေပြုတိရစ္ဆာန် စာ (Grain-based Diets) တွင် ရိတ်ကျွေးစနစ် (Cut-and-Carry Systems) ကို အသုံးပြုပါသည်။
ပုံ - ၂ လွတ်ကျောင်းစနစ်အမျိုးမျိုး
ဩစတေလျနိုင်ငံအတွင်း စုစုပေါင်းမြေဧရိယာ ၏ ၄၃ ရာခိုင်နှုန်း (၃၃၂ ဟက်တာသန်း ခန့်) သည် လွတ်ကျောင်းဧရိယာများ ဖြစ်ပါသည် (တိရစ္ဆာန်ကျွေးမှုစုစုပေါင်း ၉၀-၉၅%)၊
မွေးမြူရေးတိရစ္ဆာန် စုစုပေါင်း၏ ၅-၁၀ ရာခိုင်နှုန်းသာ အနည်းငယ်သာရိတ်ကျွေးစနစ် သုံးနေပါသည်။
ပုံ - ၃ ဩစတေလျရိတ်ကျွေးစနစ်
နောက်လွတ်ကျောင်းမြေများနှင့် ပတ်သက်၍ အခြားအဓိပ္ပာယ်ဖော်မှု တစ်ခုကိုလည်း သိစေချင်ပါသည်။
တိရစ္ဆာန်အားလုံးနေထိုင်ကျက်စားမြေ (Rangelands) ဆိုသည်မှာ မွေးမြူထားသော တိရစ္ဆာန်များ (Domestic Livestocks) နှင့် တောရိုင်းတိရစ္ဆာန်များ (Wild Animals) နေထိုင် စားသုံးနိုင်သော မြက်ခင်းမြေ (Grasslands)၊ ခြုံပုတ်မြေ (Shrublands)၊ အပင်အနည်းငယ် ရှိသောမြေ (Woodlands)၊ ရေတိမ်ဒေသမြေ (Wetlands)၊ သဲကန္တာရ (Deserts) အားလုံးပါဝင်ပါသည်။
ဇယား-၁ သစ်တော (Forest) နှင့် အပင်အနည်းငယ်ရှိသောမြေ (Woodland) ကွာခြားချက်
ကျွန်တော်တို့မြန်မာနိုင်ငံ၏ မြေယာအသုံးပြုမှု (Land Utilization) အနေအထားအရ လွတ်ကျောင်းစနစ်ထက် ရိတ်ကျွေးစနစ်အသုံးပြုသည့် မွေးမြူရေးတိရစ္ဆာန် အရေအတွက် ပိုများနိုင်ပါသည်။
ဇယား - ၂ မွေးမြူရေးတိရစ္ဆာန်များ ကျွေးမွေးရေးစနစ် အားသာချက်/အားနည်းချက်များ
ဩစတေလျနိုင်ငံ စားကျက်စိုက်ပျိုးရေးနှင့်လွတ်ကျောင်းမွေးမြူရေး သင်ကြား/ သုတေသနပြုနေသော တက္ကသိုလ်များ
(က) ဆစ်ဒနီတက္ကသိုလ် (University of Sydney)
သင်ကြားနေသောဘာသာရပ် အချို့ -
(က-၁) စိုက်ပျိုးရေးဂေဟစနစ်စီမံခန့်ခွဲမှု (Plant Management in Agroecosystems)
(က-၂) သီးနှံနှင့်စားကျက်စိုက်ပျိုးပြုစုရေး (Crop and Pasture Agronomy)
(က-၃) ဒီဂျစ်တယ်နည်းနှင့်စားကျက်ထုတ်လုပ်ရေး (Digital Crop and Pasture Production)
(က-၄) ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးမွေးမြူထုတ်လုပ်ရေးစနစ်များ (Sustainable Agricultural Systems) စသည်တို့ ဖြစ်ပြီး ပြုလုပ်နေသောသုတေသနများ မှာ -
ဒေသအသိနှင့်ခေတ်မှီစနစ်ပေါင်းစပ်ပြီးမြက်စိုက်ပျိုးထုတ်လုပ်ရေး (Integration of Indigenous Knowledge with Modern Systems in Grassland Husbandry)၊ ဒေသမျိုးများ မျိုးစေ့ထုတ်လုပ်ရေး (Seed Production for Native Grass Species)၊ ဒေသမျိုး များ ပတ်ဝန်းကျင်၊ စီးပွားရေး၊ စိုက်ပျိုးထုတ်လုပ်ရေး (Environmental, Economic and Cultural Variability of Growing Native Species)၊ အဆင့်မြင့် အာရုံခံကရိယာနှင့် စာရင်းဇယားအသုံးပြု ပြီး စားကျက်အခြေပြုနို့စားနွားထုတ်လုပ်ရေး (Advanced sensor and data Analytics in Pasture-based dairy systems) စသည်တို့ဖြစ်ပါသည်၊
(ခ) နယူးအင်ဂလန်တက္ကသိုလ် (University of New England)
ဤတက္ကသိုလ် က စိုက်ပျိုးမွေးမြူရေးသိပ္ပံဘွဲ့များအပြင် ကျေးလက်ဒေသသိပ္ပံဘွဲ့ (Bachelor of Rural Science) ကိုပါပေးအပ်ပါသည်၊
သင်ကြားနေသောဘာသာရပ် အချို့ -
(ခ-၁) စားကျက်စိုက်ပျိုးရေးနှင့်စီမံခန့်ခွဲမှု (Pasture Production and Management)
(ခ-၂) စမတ် ခေတ်မှီစနစ်ကျစိုက်ကွင်းများ (SMART Farm)
(၃) လွတ်ကျောင်းနည်းစနစ်များ (Grazing Systems) စသည်တို့ ဖြစ်ပြီး ပြုလုပ်နေသော သုတေသနများ မှာ -
စားကျက်ဂေဟဗေဒနှင့်အဟာရဓာတ် (Pasture Ecology and fertilization)၊ တိရိစ္ဆာန် အစာများကြာရှည်ခံအောင်ထိမ်းသိမ်း နည်း (Forage Conservation)၊ အမျိုးမျိုးကွဲပြား သောဩစတေလျှပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေရှိသော လွတ်ကျောင်းစနစ်စီမံ ခန့်ခွဲမှု (Grazing management across diverse Australian environment) စသည် တို့ဖြစ်ပါသည်၊
(ဂ) ကွင်းစလန်တက္ကသိုလ် (UQ - University of Queensland)
ဤတက္ကသိုလ် က စိုက်ပျိုးမွေးမြူရေးသိပ္ပံဘွဲ့များအပြင် အပင်သိပ္ပံဘွဲ့ (Bachelor of Plant Science)၊ တောရိုင်းဒေသ ဆိုင်ရာသိပ္ပံဘွဲ့ (Bachelor of Wildlife Science)၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုဘွဲ့ (Bachelor of Environmental Management) များကိုပါပေးအပ်ပါသည်၊
သင်ကြားနေသောဘာသာရပ် အချို့ -
(ဂ-၁) စားကျက်သိပ္ပံနှင့်စီမံခန့်ခွဲမှု (Pasture Production and Management)
(ဂ-၂) ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးနှင့်မွေးမြူရေးစနစ် (Sustainable Agriculture and Animal Systems)
(ဂ-၃) စားမြုံ့ပြန်တိရစ္ဆာန်များမွေးမြူထုတ်လုပ်ရေး (Ruminant Animal Production) စသည်တို့ဖြစ်ပါသည်။
သုတေသနများမှာ -
လွတ်ကျောင်းနွားများ၏မီသိန်းထုတ်လုပ်မှုလျော့နည်းစေခြင်း (To reduce emission from Grazing Cattle)၊ အပူပိုင်းနှင့်အပူလျော့ပိုင်း မြက်ခင်းများစီမံခန့်ခွဲမှု (Tropical and Sub-tropical Grassland Management)၊ ရိတ်ကျွေးစနစ်အမျိုးမျိုး၏ ဂေဟပြောင်းလဲမှု စနစ်များ (Ecosystems response and changes under all grazing systems) စသည်တို့ဖြစ်ပါသည်။
ပုံ - ၄ ကွင်းစလန်တက္ကသိုလ် လွတ်ကျောင်းစနစ်သင်ကြားရေးနှင့်သုတေသန
ဩစတေလျနိုင်ငံ၏ပြည်နယ်မြို့တော်များဖြစ်သော ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ်စဘိန်း၊ အဲဒီလိတ်၊ ပါတ်သ် စသည့်မြို့ကြီးများ တွင် ပြည်နယ်အခြေပြုအဓိကတက္ကသိုလ် ကြီးများ တွင် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ပြည်နယ်တိုင်း၊ မြို့ကြီးတိုင်းတွင် သင်ကြား၊ သုတေသနပြုပေးနေပါသည်၊
တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ နိုင်ငံခြားဝင်ငွေရရှိနိုင်သော၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို တိုက်ရိုက်အထောက်အကူပြုသော ဘာသာရပ်များ ပြောင်းလဲ သင်ကြား၊ သုတေသနပြု နိုင်စေရန် မေတ္တာဖြင့်...
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
