ခရီးသွားအတွေ့အကြုံများမှ ရရှိလာသော အတွေးတစ်စ (အပိုင်း-၅)

05/06/2025 17:04 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

ဩစတေးလျက စိုက်ပျိုး၊ မွေးမြူရေးမှာ ထိပ်တန်းရောက်နေပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များစွာ နိုင်ငံတကာ တင်ပို့လျက်ရှိနေပါသည်။

ဩစတေလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်၊ ဆစ်ဒနီမြို့ပတ်ဝန်းကျင်မှ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ (အသက်မွေးဝမ်း သင်တန်းကျောင်းများ) ဆက်လက်ဆွေးနွေးပါမည်။ နယူးဆောက်ဝေးလ်ပြည်နယ် (NSW State) တစ်ခုထဲတွင်ဘဲ တက္ကသိုလ် (၁၁) ကျောင်းရှိပါသည်။ 

(က) ဆစ်ဒနီတက္ကသိုလ် (The University of Sydney)

ပုံ - ၁ ဆစ်ဒနီတက္ကသိုလ်

၁၈၅၀ ခုနှစ် တွင်စတင်ခဲ့ပြီး ဩစတေလျနိုင်ငံ၏ အစောဆုံးတည်ထောင်ကဲ့သော တက္ကသိုလ်ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးပညာကို ၁၉၁၀ ခုနှစ် တွင်စတင်သင်ကြားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်၊ (မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ် သည် ၁၉၂၀ ခုနှစ်တွင် အစောဆုံးဖွင့်လှစ်ခဲ့သော တက္ကသိုလ်ဖြစ်ပြီး စိုက်ပျိုးရေးပညာကို ၁၉၂၄-ခုနှစ်တွင် စတင်သင်ကြားခဲ့ပါသည်)

ယခုလက်ရှိ စိုက်ပျိုးရေးပညာဘွဲ့ (Bachelor of Agricultural Science) အတွက် အထူးပြုဘာသာရပ်များမှာ -

(က-၁) သီးနှံ/အပင်စိုက်ပျိုးထုတ်လုပ်ရေး (Crop/Plant Production)

(က-၂) တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေး (Animal Production)

(က-၃) မြေဆီလွှာသိပ္ပံနှင့်ဇလဗေဒ (Soil Science and Hydrology) 

(က-၄) ပတ်ဝန်းကျင်၊ စိုက်ပျိုးမွေးမြူရေးနှင့်သယံဇာတအရင်းအမြစ်ဆိုင်ရာ စီးပွားရေး ပညာ (Environmental, Agricultural and Resources Economics)

(က-၅) အစားအသောက်သိပ္ပံ (Food Science)

(က-၆) စိုက်ပျိုးမွေးမြူရေးဆိုင်ရာဗီဇဗေဒနှင့် ဂျီနွန်းဆိုင်ရာလေ့လာခြင်း (Agricultural Genetics and Genomics/Genomic Study)

(က-၇) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အဏုဇီဝဗေဒ (Agricultural Microbiology)

(က-၈) စိုက်ပျိုးမွေးမြူရေးဆိုင်ရာဂေဟဗေဒနှင့်ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒ (Agricultural Ecology and Revolutional Biology) စသည်တို့ဖြစ်ပါသည်၊ 

(မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်တော့ အထူးပြုဘာသာရပ်များ ဖြင့်လေ့ လာရန် ဆောင်ရွက်ခဲ့ဘူးသော်လည်း အခြေအနေအကြောင်းကြောင်းကြောင့် စိုက်ပျိုး ရေးပညာ အထွေထွေဘွဲ့ကိုသာပေးနိုင်ပါသေးသည်)

ဆစ်ဒနီတက္ကသိုလ်မှ ပါမောက္ခ၊ သုတေသနပညာရှင်၊ ဘွဲ့လွန်ကျောင်းသား/သူများ နှင့် တွဲဖက် ဆောင်ရွက်နေသော အဖွဲ့များမှာ ဩစတေလျ သုတေသနကောင်စီ (ARC – Australian Research Council)၊ နှံစားသီးသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေး ရှင်း (GRDC – Grain Research and Development Corporation)၊ နယူးဆောက်ဝေး ပြည်နယ်အခြေခံလုပ်ငန်းများဌာန (NSW DPI - Department of Primary Industries)၊ ကွန်မွန်ဝဲလ်သိပ္ပံနှင့်စက်မှု သုတေသနအဖွဲ့အစည်း (CSIRO – Commonwealth Scientific and Industrial Research Organization) စသည်တို့နှင့် စိုက်ပျိုးမွေးမြူရေး သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်နေပါသည်၊

(ခ) နယူးဆောက်ဝေးလ်တက္ကသိုလ်၊ ကင်ဆင်တန် (University of New South Wales, Kesington)

ပုံ - ၂ နယူးဆောက်ဝေးလ်တက္ကသိုလ်

ဤတက္ကသိုလ်သည် ၁၉၄၉-ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးပညာ နှင့်သက်ဆိုင်သောဘွဲ့များမှာ -

(ခ-၁) သိပ္ပံဘွဲ့ (အစားအသောက်သိပ္ပံနှင့်နည်းပညာ) (Bachelor of Science – Food Science and Technology)

(ခ-၂) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုပညာဘွဲ့ (Bachelor of Environmental Management) တို့ဖြစ်ပြီး နယူးဆောက်ဝေးတက္ကသိုလ်မှ ပါမောက္ခ၊ သုတေသနပညာရှင်၊ ဘွဲ့လွန်ကျောင်း သား/သူများ နှင့်တွဲဖက် ဆောင်ရွက်နေသော အဖွဲ့များမှာ နယူးဆောက်ဝေး ပြည်နယ် အခြေခံလုပ်ငန်းများဌာန (NSW DPI - Department of Primary Industries)၊ ဆစ်ဒနီ တက္ကသိုလ်မှ စိုက်ပျိုးမွေးမြူရေးသုတေသနဌာန (Sydney Institute of Agriculture)၊ ဟော်ကာဘာရီ ပတ်ဝန်းကျင်ဆိုင်ရာသုတေသနဌာန (HIE - Hawkesbury Institute for the Environment) စသည်တို့နှင့် စိုက်ပျိုးမွေးမြူရေး သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်နေပါသည်။

(ဂ) နယူးအင်ဂလန်တက္ကသိုလ်၊ အာမီဒေးလ် (University of New England, Armidale)

ဤတက္ကသိုလ်သည် ၁၉၃၈-ခုနှစ်က အာမီဒေးလ်နယ်မြို့ကလေးတွင် ဆစ်ဒနီတက္ကသိုလ် ၏ကောလိပ်ကလေး အဖြစ်ပေါ်ပေါက်ခဲ့ပြီး ၁၉၅၄-ခုနှစ်တွင် သီးသန့်တက္ကသိုလ်အဖြစ် ပေါ်ထွက်ခဲ့ပါသည်။ 

စိုက်ပျိုး၊ မွေးမြူရေးပညာနှင့် သက်ဆိုင်သောဘွဲ့များမှာ -

(ဂ-၁) စိုက်ပျိုးမွေးမြူရေးပညာဘွဲ့ (Bachelor of Agriculture) ဤဘွဲ့များက စိုက်ကွင်း လက်တွေ့နှင့်ထုတ်လုပ်မှုကိုအခြေခံသောပညာကိုဦးစားပေးသည်၊ အဓိကအထူးပြု ဘာသာများမှာ အပင်/သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (Plant/Crop Production)၊ တိရစ္ဆာန် မွေးမြူထုတ်လုပ်ရေး (Animal Production)၊ ပေါင်းစည်းလယ်ယာလုပ်ငန်းပညာ (Mixed Farming) စသည်တို့ဖြစ်ပါသည်၊

(ဂ-၂) ကျေးလက်သိပ္ပံပညာဘွဲ့ (Bachelor of Rural Science) အပင်၊ တိရိစ္ဆာန်၊ မြေဆီ လွှာသိပ္ပံ၊ လယ်ယာသီးနှံပညာ တို့ စုပေါင်းဆောင်ရွက်ပြီး ပြဿနာကိုအခြေခံပြီး ဆောင်ရွက်ခြင်း (Proble-solving Skills)၊ ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ပျိုးမွေးမြူရေးစနစ် (Sustainable Agricultural Systems) တို့ကိုဦးစားပေးသည်၊  

(ဂ-၃) စိုက်ပျိုးမွေးမြူရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးဘွဲ့ (Bachelor of Agribusiness) အသုံးချကူးသန်းရောင်းဝယ်ရေးပညာ (Applied Business Skills) ဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရေးကို စုပေါင်းဆောင်ရွက်စေသောပညာဖြစ်သည်၊

(ဂ-၄) စိုက်ပျိုးမွေးမြူရေးပညာနှင့်ကူးသန်းရောင်းဝယ်ရေးပညာ - နှစ်ဘွဲ့ပေးစနစ် (Bachelor of Agriculture/Bachelor of Business – Double Degree) စိုက်ပျိုးမွေးမြူ ရေးပညာနှင့် ကူးသန်းရောင်းဝယ်ရေး/စီးပွားရေးပညာ ပေါင်းစပ်သင်ကြား ပညာပေး သောဘွဲ့စနစ်ဖြစ်သည်၊ 

(ဂ-၅) မွေးမြူရေးသိပ္ပံပညာဘွဲ့ (Bachelor of Animal Science) မွေးမြူရေးစီမံခန့်ခွဲမှု ပညာကို ခြံမွေးတိရိစ္ဆာန်မွေးမြူရေးသိပ္ပံ (Livestock Science)၊ မွေးမြူရေးဆိုင်ရာဇီဝသိပ္ပံ (Animal Bioscience) အထူးပြုဘွဲ့ နှစ်ခုပေးနေပါသည်။ (မြန်မာနိုင်ငံ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင်လည်း ဤဘွဲ့ကို ပေးအပ်နေပြီဖြစ်ပါသည်။)

(ဂ-၆) ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာဘွဲ့ (Bachelor of Environmental Science) ဤပညာရပ်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သစ်တောပညာရပ်များ အားလုံးနှင့် သက်ဆိုင် ပြီး သဘာဝအရင်း အမြစ်စီမံခန့်ခွဲမှု (Natural Resources Management) နှင့် ရေရှည် တည်တံ့ခိုင်မြဲမှု (Sustainability) ကို အခြေခံ၍ စိုက်ပျိုးမွေးမြူရေး ပညာရှုထောင့်မှ လေ့လာကာဘွဲ့ပေးခြင်းဖြစ်ပါသည်၊ 

(ဃ) အနောက်ပိုင်းဆစ်ဒနီတက္ကသိုလ် (Western Sydney University)

ဤတက္ကသိုလ်သည် ၁၈၉၁-ခုနှစ်က ဟော့ကဘာရီစိုက်ပျိုးရေးကောလိပ် (Hawkesbury Agricultural College) အဖြစ် ရစ်မွန်မြို့ကလေးတွင် ပေါ်ပေါက်ခဲ့ပြီး ၁၉၈၉-ခုနှစ်တွင် သီးသန့်တက္ကသိုလ် အဖြစ် ဘာသာရပ်များစုပေါင်းကာ ပေါ်ထွက်ခဲ့ပါသည်၊ 

စိုက်ပျိုး၊ မွေးမြူရေးပညာနှင့် သက်ဆိုင်သောဘွဲ့များမှာ -

(ဃ-၁) ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးမွေးမြူရေးပညာ နှင့် အစားအစာလုံခြုံမှု အာမခံချက်ဘွဲ့ (Bachelor of Sustainable Agriculture & Food Security) ဤဘွဲ့က စိုက်ပျိုးရေးပညာ၊ အစားအစာနှင့် ကျန်းမာရေးရှု့ဒေါင့် မှစုပေါင်းလေ့လာခြင်း၊

(ဃ-၂) သိပ္ပံဘွဲ့ - စိုက်ပျိုးမွေးမြူရေးဆိုင်ရာအစားအစာ (Bachelor of Science - AgriFood) စိုက်ပျိုးမွေးမြူရေးအစား အစာများမှနေ ဂေဟဗေဒ၊ ကူးသန်းရောင်းဝယ်ရေး၊ အချက်အလက်သိပ္ပံများ ပေါင်းစုပြီး ပိုမိုကောင်းမွန်သော အစားအစာများ ထုတ်လုပ် နိုင်ရန် သင်ကြားမွေးထုတ်ပေးခြင်း၊

(ဃ-၃) သဘာဝသိပ္ပံဘွဲ့ (Bachelor of Natural Science) ဤအထူးပြုဘွဲ့ကတော့ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေးဆိုင်ရာတည်ငြိမ်မှု (Social Stability) နှင့် ပေါင်းစပ်သင်ကြား ပေးခြင်း စသည်တို့ဖြစ်ပါသည်၊

(င) ချားလ်စတူးဝပ်တက္ကသိုလ် (Charles Sturt University)

ဤတက္ကသိုလ်သည် ၁၈၉၂-ခုနှစ်မှာ ဝက်ဂါစိုက်ပျိုးမွေးမြူရေးသုတေသနခြံ  (Wagga Experimental Farm) မှစခဲ့ပြီး ၁၉၈၉-ခုနှစ်တွင် သီးသန့်တက္ကသိုလ် အဖြစ် နယ်မြေများ၊ ဘာသာရပ်များစုပေါင်းကာ ပေါ်ထွက်ခဲ့ပါသည်၊ စိုက်ပျိုး၊ မွေးမြူရေးပညာ ကို ဝက်ဂါ ဝက်ဂါနယ်မြေ (Wagga Wagga Campus) နှင့် အော်ရိန့်နယ်မြေ (Orange Campus) များတွင် သင်ကြားသုတေသနပြု နေပါသည်၊ စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်းကျင်နှင့် တိရစ္ဆာန်ဆေးကုသရေး အဆင့်မြင့်ကျောင်း (School of Agriculture, Environment and Veterinary Science) အောက်တွင် စိုက်ပျိုး၊ မွေးမြူရေးပညာနှင့်သက်ဆိုင်သော/ပေးအပ် သောဘွဲ့များမှာ -

(ဃ-၁) စိုက်ပျိုးမွေးမြူရေးပညာဘွဲ့ (Bachelor of Agriculture) ခေတ်မှီစိုက်ပျိုးမွေးမြူ ရေး (Modern Agriculture)၊ ဒီဂျစ်တယ် စိုက်ပျိုးမွေးမြူရေး (Digital Agriculture) စ သည့်အထူးပြုဘွဲ့များပေးသည်၊

(ဃ-၂) စိုက်ပျိုးမွေးမြူရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) အထူးပြု ဘာသာရပ်များမှာ လယ်ယာသီးနှံ (Agronomy)၊ ခြံမွေးတိရစ္ဆာန်မွေးမြူထုတ်လုပ်ရေး (Livestock Production)၊ ရေသွင်းစိုက်ပျိုးနည်းစနစ် (Irrigation Agriculture)၊ ဥယျာဉ် ခြံသီးနှံ (Horticulture)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာဇီဝနည်းပညာ (Agricultural Biotechnology) စသည်တို့ဖြစ်ပါသည်၊

(ဃ-၃) မွေးမြူရေးသိပ္ပံဘွဲ့ (Bachelor of Animal Science)

(ဃ-၄) မြင်းမွေးမြူရေးသိပ္ပံဘွဲ့ (Bachelor of Equine Science)

(ဃ-၅) ဥယျာဉ်ခြံသိပ္ပံဘွဲ့ (Bachelor of Horticulture)

(ဃ-၆) စပျစ်စိုက်ပျိုးနည်းပညာဘွဲ့ (Bachelor of Viticulture)

(ဃ-၇) ဝိုင်သိပ္ပံပညာဘွဲ့ (Bachelor of Wine Science) စသည့်ဘွဲ့များ အပြင် လက်မှတ် ရသင်တန်းများ (Certificate Courses)၊ ဒီပလိုမာ/တွဲဖက်ဒီဂရီ (Diploma/Associate Degree) များ ဘာသာရပ် အတော်များများ ပေးအပ်၊ သင်ကြား လျှက် ရှိပါသည်၊ ဥပမာ - စိုက်ပျိုး၊ မွေးမြူရေးနှင့်ဆက်စပ်နေသော ခရီးသွားလာရေး (Agrotourism)၊ ဒေသန္နရ ခရီးသွားလာရေး (Ecotourism) စသည့် လက်မှတ်ရ သင်တန်းကို အွန်လိုင်း/အဝေးမှ အခမဲ့ (Free Online Courses) သင်ကြားပို့ချပေးပြီး တက္ကသိုလ်၏ဂုဏ်ဆောင်နေခြင်း ဖြစ်ပါသည်၊ 

ကျေးလက်ဒေသကျန်းမာရေးအဆင့်မြင့်ကျောင်း (School of Rural Medicine) အောက် တွင် ကျေးလက်ဒေသနေလူထု အတွက် လက်တွေ့ဆေးကုသပေးမှုပညာဘွဲ့ (Bachelor of Clinical Science) ကိုလည်းပေးအပ်ပါသည်၊ 

တက္ကသိုလ်ကကြီးကြပ်ပြီး နယူးဆောက်ဝေးလ်ပြည်နယ်နှင့် ဗစ်တိုးရီးယားပြည်နယ်အစပ် အထိ ကျေးလက်ကျန်းမာရေး သင်တန်းကျောင်း ကိုးကျောင်း (9-Clinical Schools) မှနေ မြို့နယ်/ကျေးရွာဌာနပေါင်း၃၅-နေရာ (35 Regional Locations) အထိဖွင့်လှစ်သင်ကြား၊ သုတေသနပြု၊ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်၊ 

စာရေးသူ၏အတွေးတစ်စ

(၁) ဩစတေလျနိုင်ငံအပါအဝင် နိုင်ငံအတော်များများက တက္ကသိုလ်များက လုံးဝလွတ်လပ်ခွင့် (Fully-Autonomous System) (သို့မဟုတ်) တစ်ဝက်တပျက် လွတ်လပ်ခွင့် (Semi-Autonomous Systems) ကိုကျင့်သုံးသော တက္ကသိုလ်များ ဖြစ်ကြပါသည်၊ စိုက်ပျိုးမွေးမြူရေးဖြင့် နိုင်ငံချမ်းသာအောင် ပြုလုပ်နေသောနိုင်ငံဖြစ်၍ ပြည်နယ်တိုင်း (Every States) တွင်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေသန၊ ဝန်ဆောင်မှုပေး နေသော တက္ကသိုလ်များစွာ ရှိနေပါသည်။

(၂) တက္ကသိုလ်တိုင်းတွင် သင်ကြားရေးအခြေပြုတက္ကသိုလ်များ (Teaching-based Universities) မဟုတ်ဘဲ အသုံးချသုတေသနအခြေပြုတက္ကသိုလ် (Applied Research-Oriented Universities) များဖြစ်နေသည်ကို သတိပြုမိပါသည်။

(၃) ၁၉၈၉-ခုနှစ်တွင် အချို့နံမည်ကြီးစိုက်ပျိုးမွေးမြူရေးကောလိပ်များ (Renowned Agricultural Colleges) က တက္ကသိုလ်များ အဖြစ်သို့ရောက်ရှိ၊ ဖွဲ့စည်းပုံပြောင်းလဲ ဖွင့်လှစ်သွားပါသည် (နောင် TVET အဖွဲ့အစည်းများအကြောင်းဆွေးနွေးပါဦးမည်)။ 

(၄) တက္ကသိုလ်ရှိ ပါမောက္ခ၊ သုတေသနပညာရှင်များ၊ ဘွဲ့လွန်ကျောင်းသား/ကျောင်း သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနများကို ဩစတေလျှနိုင်ငံတွင်း၊ အနီး အနား ပြည်တွင်း၊ ပြည်ပရှိ အခြားတက္ကသိုလ်၊ သုတေသနအဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက်သော အလေ့အကျင့်ရှိပါသည်။

(ငယ်စဉ်ဘဝ မူလတန်းပညာရေးမှစတင်၍ ကျွန်တော်အား စိုက်ပျိုးရေးပညာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များစွာကို သင်ယူခွင့်ရအောင် ဆုံးမသွန်သင်၊ ထောက်ပံ့ကူညီ၊ အားပေး ခဲ့ပါသော ကျွန်တော်၏ မိဘနှစ်ပါး - ဦးဆိုင်၊ ဒေါ်အေးတင်နှင့် ကျွန်တော်၏မိသားစုအား ကျေးဇူးတင်ရှိပါသည်။

ထို့အတူ ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အား ကျေးဇူးတင်ရှိပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်