ဤပညာရပ်များအကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါးအမှတ်စဉ် (၁၇၄) တွင် ဩစတေလျနိုင်ငံရှိ ကျောင်းများကို အခြေခံ၍ တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ တောင်သူဦးကြီးများအတွက် တိုက်ရိုက် အထောက်အကူမပြုသော်လည်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျောင်းသား/ကျောင်းသူ များ၊ သုတေသနပညာရှင်များအတွက် အသုံးဝင်ပါက တောင်သူလယ်သမား ဦးကြီးများ သီးနှံတိုးထုတ်လုပ်ရေးအတွက် သွယ်ဝှိုက်အသုံးပြုနိုင်ရန် ဆက်လက်ဆွေးနွေးကြည့်ရအောင်ပါ။
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသက်မွေးဝန်းကျောင်းသင်တန်းများအဓိပ္ပာယ် (Definition of Agricultural Vocational Training - ATVET)
စိုက်ပျိုးမွေးမြူရေးဆိုင်ရာကွင်းလုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများ စာသင်ခန်း၊ လက်တွေ့သင်တန်းများနှင့် ပူးတွဲပြီး လက်ရှိဘဝ အခြေ အနေနှင့်လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်သင်တန်းပေးခြင်းဖြစ်ပါသည်၊ (Practical education blending classroom learning with hands-on training, equipping learners with skills for farming, agribusiness, and agricultural Services)
အဓိကအကျိုးကျေးဇူးနှင့်စိန်ခေါ်မှုများ (Key Benefits and Challenges)
(က) အကျိုးကျေးဇူးများ (Benefits) ချက်ချင်းလွယ်ကူ၊ အလုပ်ရနိုင်သော နည်းပညာများ (Job-ready skills)၊ စွန့်ဦးတီထွင်လုပ်ငန်းများ (Entrepreneurships) ဖြစ်ပြီး ကျေးလက်ဝင်ငွေများ (Rural incomes) တိုးပွားစေပါသည်။
(ခ) စိန်ခေါ်မှုများ (Challenges) ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရန်ပုံငွေနည်းပါးပြီး (Underfunding) လျစ်လျူရှုထားခံရသော (Neglect) နည်းပညာများဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးက အဆင့်မြင့်ပညာ၊ အသက်မွေးဝန်းကျောင်းပညာများတွင် ခေတ်စား၊ ပေါ်ပြူလာဖြစ်နေသော ဘာသာရပ်များ မဟုတ်ပါ။
ခေတ်မီစက်ကရိယာများ အားနည်းပြီး (Lack of Modern Machinery) အချက်အလက် နည်းပညာများကလည်း (Poor access to ICT) ဤဘာသာရပ်များအတွက် ရှေ့တန်း ရောက်မနေပါ။
စိုက်ပျိုးမွေးမြူရေးအသက်မွေးဝမ်းကျောင်းပညာ လက်တွေ့အောင်မြင်စွာ ကျင့်သုံးနေသောနိုင်ငံများနှင့်နမူနာကောင်းများ (Best Agricultural Practices)
(၁) အဆင့်မြင့်နည်းပညာများပူးပေါင်းဆောင်ရွက်ထားခြင်းစနစ် (Technological Integration) သိပ္ပံ၊ နည်းပညာ ဘာသာတွဲများ (STEM – Science, Technology, Engineering and Mathematics Combination) နှင့် ဒီဂျစ်တယ်စိုက်ပျိုးမွေးမြူရေး (Digital Agriculture) ကို ပူးပေါင်းဆောင်ရွက်ကာ အောင်မြင်နေသည်။ ဥပမာ - ဩစတေလျ၊ ဖွံ့ဖြိုးပြီးနိုင်ငံအချို့ (Australia, Some Developed Countries)
(၂) ပြောင်းလဲလွယ်သော သင်တန်းပေးမှုစနစ် (Flexible Learning) သင်တန်းတိုများ (Short Courses)၊ ပညာပေးလုပ်ငန်းများ (Extension services)၊ ဒေသအစုအဖွဲ့အလိုက် သင်တန်းပေးသည့်စနစ် (Community Trainings) များကို ဆောင်ရွက်ရင်း အောင်မြင်နေပါသည်။ ဥပမာ - ဥပမာ - တရုတ်၊ ပြင်သစ် (China, France)
(၃) နိုင်ငံတော်အစိုးရမှ ရင်းနှီးမြုပ်နှံပေးသောစနစ် (Government Investment) စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများအား ရံပုံငွေပေးခြင်း (Funding of School Farms)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိရိယာများ ပေးထားခြင်း (Funding Farm Equipments)၊ အမတော်ကြေးစနစ်/ထောက်ပံ့ကြေး ချေးငွေပေးသောစနစ် ဆောင်ရွက်ခြင်း (Subsidized Loans) စသည်တို့ဖြင့် အောင်မြင်နေပါသည်၊ ဥပမာ - ဂျာမဏီနိုင်ငံ (Germany)
(၄) အစိုးရ-ပုဂ္ဂလိကကဏ္ဍများ ပူးတွဲဆောင်ရွက်သောစနစ် (Public-Private Linkages) စက်ရုံ၊ အလုပ်ရုံများ (Industries)၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs)၊ အစိုးရ ဝန်ကြီးဌာနများ (Government Ministries) နှင့် ပူးပေါင်းဆောင်ရွက်သော နည်းစနစ်များ ဖြစ်ပါသည်၊ ဥပမာ - အမေရိကန်အထောက်အပံ့ (USAid)၊ အီရတ် (Iraq)
ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတစ်ချို့ရှိ စိုက်ပျိုးမွေးမြူရေးဆိုင်ရာသင်တန်းကျောင်းများ
(က) အမျိုးသားအဆင့် စိုက်ပျိုးမွေးမြူရေးသင်တန်းအကယ်ဒမီ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (National Agriculture Training Academy, Bangladesh)
၁၉၇၆-ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ညွန်ကြားရေးမှူးချုပ် (Director General) အဆင့်ကကြီး ကြပ်အုပ်ချုပ်ပြီး နိုင်ငံတော်အဆင့် လွတ်လပ်စွာ ဆောင်ရွက်ရသော သင်တန်းကျောင်း (Autonomous National Research amd Training Institute) ကြီးဖြစ် ပါသည်၊ စိုက်ပျိုး၊ မွေးမြူရေး (Agriculture)၊ တိရိစ္ဆာန်ကုသရေး (Veterinary Clinics)၊ စက်မှု လယ်ယာ (Farm Machinery)၊ ရေသွင်း ရေထုတ်စနစ် (Irrigation and Drainage) စသည်တို့ကို သင်တန်းကျောင်း တစ်နေရာထဲတွင် ဆောင်ရွက်သည်။
ပုံ-၁ ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းနှင့် သင်တန်းဆင်းလက်မှတ်နမူနာ
(ခ) ရစ်ဖ်ချိုင့်ဝှမ်းနည်းပညာသင်တန်းကျောင်း၊ ကင်ညာနိုင်ငံ (Rift Valley Technical Training Institute, Kenya)
၁၉၆၂-ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်အဆင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးသင်တန်းကျောင်း အဖြစ်တည်ထောင်ခဲ့ရာ နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးနှင့် ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO) ၏ စီစဉ်မှုဖြင့် အကောင်းဆုံးပညာရေး သင်တန်းကျောင်း (UNEVOC – Center of Excellence) ဖြစ်ပေါ်လာခဲ့သည်။ ဤအသက် မွေးဝမ်းကျောင်း သင်တန်းကျောင်းတွင် စိုက်ပျိုးမွေးမြူရေးအပြင် အခြားဘာသာရပ်များ သင်ကြား၊ လေ့ကျင့်ပေးသော ဌာန ၈-ခုရှိသည်။ ၎င်းတို့မှာ -
(ခ-၁) စိုက်ပျိုးမွေးမြူရေးဌာန (Department of Agriculture)
(ခ-၂) စက်မှုအင်ဂျင်နီယာဌာန (Department of Mechanical Engineering)
(ခ-၃) စီးပွားရေးနှင့်လူမှုဗေဒဌာန (Department of Business and Liberal Studies)
(ခ-၄) လျှပ်စစ်နှင်အီလက်ထရောနစ်အင်ဂျင်နီယာဌာန (Department of Electrical and Electronics Engineering)
(ခ-၅) အဆောက်အဦနှင့် မြို့ပြအင်ဂျင်နီယာဌာန (Department of Building and Civil Engineering)
(ခ-၆) ဧည့်ဝတ်ကျေပွန်မှုနှင့် အဖွဲ့အစည်းများစီမံခန့်ခွဲမှုဌာန (Department of Hospitality and Institutional Management)
(ခ-၇) သတင်းအချက်အလက်နည်းပညာဌာန (Department of Information and Communication Technology)
(ခ-၈) ကျန်းမာရေးနှင့်အသုံးချသိပ္ပံများဌာန (Department of Health and Applied Sciences) စသည်တို့ဖြစ်ပါသည်၊
ဝန်ကြီးဌာနများက သီးခြားစီ ကြီးကြပ်မှု ပြုလုပ်ခြင်း မဟုတ်ဘဲ နိုင်ငံတော်/အမျိုးသား အဆင့် ဆောင်ရွက်သော သင်တန်းကျောင်းဖြစ်သည်။
ပုံ-၁ ကင်ညာနိုင်ငံ ရစ်ဖ်အသက်မွေးသင်တန်းကျောင်း
စာရေးသူ၏အတွေးတစ်စ
(က) နိုင်ငံတကာတွင် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်း၊ စက်မှုလယ်ယာစသည်ဖြင့် တောင်သူများ အတွက် သင်တန်းပေးနေသည်မှာ တစ်နေရာထဲ၊ သင်တန်းကျောင်း (အုပ်စု) တစ်ခုထဲကဖြစ်နေသည်ကိုသတိထားမိပါသည်။ သင်တန်းဌာနကို ညွန်ကြား ရေးမှူးချုပ်အဆင့်က စီမံကွပ်ကဲပြီး နေရာ၊ အဆောက်အဦ၊ ဓာတ်ခွဲခန်း၊ စိုက်ကွင်း၊ လယ်ယာသုံးကရိယာများ အချိန်ပြည့်အသုံးချနိုင်အောင် (Efficient Utilization of Resources e.g., Farm, Lab., Building, Training Hall, Equipments, etc.) ဆောင်ရွက်ပါသည်၊
(ခ) စာရေးသူတို့နိုင်ငံတွင်တော့ ဌာနပေါင်းစုံအကွဲကွဲအပြားပြား ရှိနေပြီး ဂျပန်၊ ကိုရီး ယား၊ တရုပ်၊ အိန္ဒိယ စသည့်နိုင်ငံများမှ ထောက်ပံ့ (Grant Aids, Projects) ပေးသည့် ဌာန အသီးသီးရှိ သင်တန်းကျောင်းများ တွင် သင်တန်း၊ လက်တွေ့လုပ်ငန်းများက ဥပမာ - တစ်လမှ တစ်ကြိမ်လောက်ဘဲရှိကြပြီး ကျန်အချိန်၊ ရက်များက သင်တန်းကျောင်း၊ အ ဆောင်၊ လူ့စွမ်းအား အရင်းအမြစ်များ အားလပ်နေကာ အချိန်ကအစ ဆုံးရှုံးနေကြသည်ဟူ၍ ထင်မြင်ယူဆမိပါသည်။ နိုင်ငံတော် ဘတ်ဂျက်တစ်ခုတည်းကိုပဲ အသုံးမပြုဘဲ ပုဂ္ဂလိကကဏ္ဍ (Private Sector)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ ဖွံ့ဖြိုးမှု မိတ်ဘက်နိုင်ငံများ/အဖွဲ့အစည်းများ (Development Partners) တို့၏ ငွေအား၊ လူအား၊ သူတို့၏နိုင်ငံတကာအတွေ့အကြုံများစွာ၊ စီမံခန့်ခွဲနိုင်မှုများစွာ အသုံးပြုလျှင်ကော ပိုမို ထိရောက်မှု ရှိနိုင်မည်လား ဟူ၍ အတွေးဝင်မိပါသည်။ သင်တန်းလေးတစ်ခု ပေးရန်အတွက် ညွန်ချုပ်၊ ဝန်ကြီး၊ ဒုဝန်ကြီးများ ပါဝင်ပတ်သက်မှုရှိသော ဗဟိုချုပ်ကိုင်မှု (Centralized management System) များပါကလည်း အကျိုးမရှိနိုင်ပါ။ သင်တန်းတာဝန်ခံလောက်က သင်တန်းဆိုင်ရာကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသော အခွင့်အလန်း (Academic Autonomy) တော့ရှိရပါမည်။ စာရေးသူအတွေးစတစ်ခုပါ။
(ငယ်စဉ်ဘဝ မူလတန်းပညာရေးမှစတင်၍ စာရေးသူအား စိုက်ပျိုးရေးပညာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များစွာကို သင်ယူခွင့်ရအောင် ဆုံးမသွန်သင်၊ ထောက်ပံ့ကူညီ၊ အားပေးခဲ့ပါသော စာရေးသူ၏ မူလတန်းဆရာ မိဘနှစ်ပါး - ဦးဆိုင်၊ ဒေါ်အေးတင်နှင့် စာရေးသူ ၏မိသားစုအား ကျေးဇူးတင်ရှိပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။