စိုက်ပျိုးရေးမိုးလေဝသပညာမိတ်ဆက် (အပိုင်း-၁) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် (၂၄) တွင် ဆွေးနွေးရေးသားခဲ့ပါသည်။
Meteorology (မိုးလေဝသပညာ) ၏ အဓိပ္ပာယ်
မိုးလေဝသပညာ (Meteorology) ဆိုသည်မှာ ကမ္ဘာ့လေထုနှင့် မိုးလေဝသဖြစ်စဥ်များကို သိပ္ပံနည်းဖြင့် လေ့လာသည့်ဘာသာရပ် ဖြစ်သည်။ (The scientific study of the Earth's atmosphere, its physical processes, and phenomena, with a particular focus on understanding and forecasting the weather)
ဤဘာသာရပ်သည် အနာဂတ်အတွက် မိုးလေဝသအခြေအနေများကို ခန့်မှန်း ကြည့်ရှုရန် အဓိကထားသည်။ လေ့လာသောအရာများ/အချက်အလက်များ: မိုးရွာမှု၊ အပူချိန်၊ လေတိုက် နှုန်း၊ စိုထိုင်းဆ၊ မုန်တိုင်း၊ မိုးကြိုး၊ လျှပ်စီးလက်မှုများ ကိုကြိုတင်ခန့်မှန်းသည်။
ရည်ရွယ်ချက်: နေ့စဉ် သို့မဟုတ် သီတင်းပတ်အတွင်း မိုးလေဝသခန့်မှန်းချက် ပြုလုပ်ခြင်း ဖြစ်သည်။
Climatology (ရာသီဥတုပညာ) ၏ အဓိပ္ပာယ်
ရာသီဥတုပညာ (Climatology) ဆိုသည်မှာ တစ်ဒေသဒေသအလိုက် ရာသီဥတု ပုံစံများကို ရာစုနှစ်အထိ တာရှည်ကြာမြင့်စွာ လေ့လာသည့် ဘာသာရပ် ဖြစ်သည်။ ယင်းသည် ရှည်လျား သောအချိန်အတွင်း (အနည်းဆုံး ၃၀ နှစ်) တည်ရှိနေသော ရာသီဥတုပုံစံများကို သိပ္ပံနည်းဖြင့် ဆန်းစစ်လေ့လာသည်။
ပါဝင်သောအရာများ: တာရှည်အပူချိန်ပြောင်းလဲမှုများ၊ ပျမ်းမျှမိုးရွာနှုန်းများ၊ မိုးခေါင်မှုနှင့် ရေကြီးမှုဒဏ်များ၊ ရာသီဥတုခွဲခြားထားသောဒေသများ (Climate Zones)၊ ကမ္ဘာကြီးပူနွေး လာမှု (Global Warming) စသည်တို့ဖြစ်သည်၊
ရည်ရွယ်ချက်: လေထု၏ ရာသီဥတုဆိုင်ရာ ရေရှည်ဖြစ်ပေါ်၊ ကျရောက်နိုင်သည့်ပုံစံများကို နားလည်ရန် ဖြစ်သည်။
မိုးလေဝသဘာသာရပ်များနှင့် ဆက်စပ်ဘာသာရပ်များမှာ -
(က) မိုးလေဝသပညာ (Meteorology)
(ခ) ရာသီဥတုပညာ (Climatology)
(ဂ) ဇလဗေဒ (Hydrology) ဥပမာ - မြစ်ချောင်းများရေကြီးနစ်မြုပ်မှု၊ ရေခမ်းခြောက်၍ ရေကြောင်းပို့ဆောင်ရေးအား စနစ်တကျ ညွှန်ကြားမှုကို လေ့လာခြင်း
(ဃ) ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံပညာ (Atmospheric Science)
(င) ပထဝီပညာ (Geography)
(စ) ရူပဗေဒ (Physics)
(ဆ) သင်္ချာ (Mathematics) စသည်တို့ဖြစ်သည်။
ပုံ - ၁ မိုးလေဝသနှင့်ဆက်စပ်ဘာသာရပ်များ
ထို့အပြင် မြေသိပ္ပံဘာသာကြီးများ (Earth Sciences) ဖြစ်သော -
(ဇ) ဘူမိဗေဒ (Geology)
(ဈ) သမုဒ္ဓရာပညာ (Oceanography)
(ည) နက္ခတ္တဗေဒပညာ (Astronomy) တို့ကိုလည်း ဆက်စပ် လေ့လာရမည်ဖြစ်ပါသည်၊
မိုးလေဝသနှင့်ရာသီဥတုကြိုတင်ခန့်မှန်းချက် (Weather’s Forcasting) ကြောင့် စစ်ရေး (Military)၊ သယ်ယူပို့ဆောင်ရေး (Transport)၊ ဆက်သွယ်ရေး (Communication)၊ လေ ကြောင်းပို့ဆောင်ရေးနှင့်ဆက်စပ်အရာများ (Aviation)၊ ဆောက်လုပ်ရေး (Construction)၊ သဘာဝဘေးအန္နရယ်စီမံခန့်ခွဲမှုများ (Disaster Management) နှင့် နောက်ဆုံး စိုက်ပျိုးမွေးမြူ ရေးပညာ (Agriculture) များအထိ ထိရောက်စွာ အသုံးချနိုင်မှုက အရေးပါလာပါသည်။
ထိုမှတစ်ဆင့် အသေးစိတ်၍ ဇီဝရာသီဥတုပညာ/ဇီဝမိုးလေဝသပညာ ဘာသာခွဲ (Bio-climatology/Biometeorology)၊ စိုက်ပျိုးရေးမိုးလေဝသပညာ ဘာသာခွဲ (Agro-meteorology/Agricultural Meteorology) စသည်တို့ လေ့လာသင်ယူ၊ သုတေသန ပြုရန် လိုအပ်လာပါသည်။
မိုးလေဝသဗေဒပညာရှင်များ (Meteorologists) သည် လက်ရှိ အချက်အလက်/ ဒေတာများအပေါ် အခြေခံပြီး ခန့်မှန်းခြင်းပြုလုပ်ကြသည်။
ရာသီဥတုပညာရှင်များ (Climatologists) သည် ယခင်အချက်အလက်သမိုင်းများကို မျှတစွာ သုံးပြီး ရာသီဥတုအနာဂတ်ကို ခန့်မှန်းကြသည်။
ဘာသာရပ်နှစ်ခုစလုံးသည် တစ်ခုကိုတစ်ခုအပြန်အလှန် အကျိုးပြုပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး (The UN – United Nations) ၏လက်အောက်တွင် ကမ္ဘာ့ မိုးလေဝသအဖွဲ့ (WMO - The World Meteorological Organization) တည်ရှိပါသည်၊
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) အောက်ရှိ အဓိကဌာနများ
(က) မိုးလေဝသနှင့် ဘေးအန္တရာယ်လျော့ချမှု ဝန်ဆောင်မှုဌာန (Weather and Disaster Risk Reduction Services Department) ဤဌာနသည် မိုးလေဝသ သတင်းထုတ်ပြန်မှုများ (Weather forecasting)၊ ဦးစွာ သတင်းပေးစနစ်များ (Early warning systems) နှင့် သဘာဝဘေးအန္တရာယ်လျော့ချရေး (Disaster risk management) တို့ပါဝင်ပါသည်။ ပါဝင်သည့်ဌာနခွဲများ: ပြည်သူ့မိုးလေဝသ ဝန်ဆောင် မှုဌာနခွဲ၊ ဘေး အန္တရာယ် လျော့ချခြင်း ဝန်ဆောင်မှုဌာနခွဲတို့ဖြစ်ပါသည်၊
(ခ) အခြေခံ အဖွဲ့အစည်းများ ဌာန (Infrastructure Department) ဤဌာနမှ ကမ္ဘာလုံး ဆိုင်ရာ လေ့လာရေးစနစ်များ (Global observing systems)၊ အချက်အလက်/ဒေတာ လွှဲပြောင်း လက်ခံမှုများ (data exchange)နှင့် စံသတ်မှတ်ချက်များ (standardization) တို့ကို ဆောင်ရွက်သည်။
ပါဝင်သည့်ဌာနခွဲများ: မြင်သာရေးကွန်ယက်နှင့်ဒေတာဌာနခွဲ (Observing Networks and Data Division)၊ အာကာသစနစ်များနှင့်အသုံးချမှုဌာနခွဲ (Space Systems and Utilization Division) နှင့် သတင်းအချက်အလက်စနစ်နှင့် ဝန်ဆောင်မှုဌာနခွဲ (Information Systems and Services Division) တို့ဖြစ်သည်။
(ဂ) သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုဌာန (Science and Innovation Department) မိုး၊ လေ၊ ရာသီဥတုနှင့်ရေအားဖြင့် စွမ်းဆောင်မှု တိုးတက်စေရန်သိပ္ပံနည်းပညာအပေါ် အခြေခံ၍ လေ့လာမှုများ ပြုလုပ်သည်။
ပါဝင်သည့်ဌာနခွဲများ: ကမ္ဘာ့လေထုစောင့်ကြည့်ရေးစီမံချက် (GAW - Global Atmosphere Watch)၊ သုတေသနဘုတ်အဖွဲ့နှင့် အကြံပေးအဖွဲ့များ၊ လေယာဉ်နှင့်လေကြောင်းဆိုင်ရာ မိုးလေဝသဌာနခွဲ တို့ပါဝင်သည်၊
(ဃ) ရာသီဥတုနှင့်ရေအရင်းအမြစ်ဌာန (Climate and Water Department)
ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသအလိုက်ရာသီဥတုဝန်ဆောင်မှု၊ ရေနှင့်ဆက်စပ်သော ဝန်ဆောင်မှု များကို ထောက်ပံ့သည်။ ပါဝင်သည့်ဌာနခွဲများရာသီဥတုဝန်ဆောင်မှုဌာနခွဲ၊ ရေအရင်းအမြစ် နှင့်ရေသုံးစနစ်ဌာနခွဲ၊ ရာသီဥတုဝန်ဆောင်မှုအတွက်ကမ္ဘာ့ဖွဲ့စည်း တည်ဆောက်မှုရုံး (GFCS – Global Frameworks for Climate Services) တို့ပါဝင်သည်၊
စိုက်ပျိုးရေးမိုးလေဝသပညာ၏ အဓိပ္ပာယ်
စိုက်ပျိုးရေးမိုးလေဝသပညာ (Agrometeorology/Agricultural Meteorology) သည် မိုးလေဝသဗေဒ၏ ဘာသာခွဲတစ်ခုဖြစ်ပြီး မိုးလေဝသ/ရာသီဥတုနှင့် စိုက်ပျိုးရေးကြား ရှိသည့် သက်ဆိုင်မှုများကို လေ့လာသည့်ဘာသာရပ် ဖြစ်သည်။
Agricultural meteorology (also called Agrometeorology) is the branch of meteorology that studies the interactions between weather/climate and agriculture.
ဤဘာသာရပ်တွင် မိုးရွာနှုန်း၊ အပူချိန်၊ စိုထိုင်းဆ၊ လေတိုက်နှုန်းနှင့် နေရောင်ခြည် စသဖြင့် ကမ္ဘာ့လေထုအခြေအနေများကြောင့်
သီးနှံကြီးထွားမှုနှင့် အထွက်နှုန်း၊ မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းမှု၊ မွေးမြူရေးတိရစ္ဆာန်များ၏ကျန်းမာရေး၊ ပိုးမွှားနှင့် ရောဂါဖြစ်ပွားမှုစိုက်ပျိုးမှုစီမံခန့်ခွဲမှု ဆိုင်ရာ ဆုံးဖြတ်ချက်များ စသည်တို့ ကို လေ့လာပါသည်။
ဤဘာသာရပ်သည် မိုးလေဝသဗေဒနဲ့ စိုက်ပျိုးရေးကို ပေါင်းစပ်ထား၍ ရာသီဥတု ပြောင်းလဲမှုများကို ကျွမ်းကျင်စွာဖြေရှင်းနိုင်ရန် ထောက်ပံ့ပေးသည်။
လေ့လာသည့် အဓိကအရာများ - လယ်ယာမိုးလေဝသပညာတွင် ထည့်သွင်းစဉ်းစားသော အချက်များ
မိုးရွာနှုန်းပုံစံများ၊ မိုးခေါင်ကာလကြာမြင့်မှုလေ့လာစောင့်ကြည့်ခြင်း၊
မြေဆီလွှာအပူချိန်နှင့် မြေအစိုဓာတ်မျှတခြေရှိမှု
ရေငွေ့ပြန်ခြင်းနှင့် သီးနှံအတွက် လိုအပ်သောရေပမာဏ
လေတိုက်နှုန်းနှင့် လေတိုက်ရာလမ်းကြောင်း (ဥပမာ – ပိုးသတ်ဆေးဖျန်းရန်)
နေရောင်ခြည် နှင့် အပင်များအစာချက်လုပ်မှု (Photosynthesis) အပေါ်ထိရောက်နိုင်မှု
စိုက်ပျိုးရေးအတွက် ဒေသရာသီဥတုဆိုင်ရာ ကြိုတင်ကြေညာပေးခြင်း (Seasonal Forecast) စသည်တို့ဖြစ်ပါသည်၊
ဇယား - ၁ လယ်ယာမိုးလေဝသပညာ၏ အကျိုးသက်ရောက်မှုများ
🌱 နယ်ပယ် 📌 သက်ရောက်မှု
👨🌾 စိုက်ပျိုးမှုစီမံခန့်ခွဲမှု စိုက်သီးနှံ၊ ရေပေးဝေမှု၊ ရိတ်သိမ်းချိန် တိကျစွာ ဆုံးဖြတ်နိုင်သည်
🌦️ မိုးလေဒဏ်ကြိုတင်ပြင်ဆင်မှု မိုးအန္တရာယ်ကြောင့် သီးနှံနှင့် တိရစ္ဆာန် ထိခိုက်မှု လျော့နည်းစေသည်
💧 ရေထိရောက်စွာသုံးစွဲမှု ရေပမာဏကို တိကြစွာအသုံးပြုနိုင်ပြီး ရေအားချွေတာစေနိုင်သည်
🐄 မွေးမြူရေးကျန်းမာရေး အပူလှိုင်း၊ ဆောင်းဦးကာလအတွင်း တိရစ္ဆာန်ထိခိုက်မှု လျော့နည်းစေသည်
🍚 စားသုံးကုန်လုံခြုံရေး ရာသီဥတုပြောင်းလဲမှုကြားတွင် သီးနှံအထွက် ပြောင်းလဲမှု မရှိရန်စီမံနိုင်သည်
📊 မူဝါဒရေးဆွဲမှု ရာသီဥတုသိပ္ပံအချက်အလက်အပေါ် အခြေခံ၍ စိုက်ပျိုးရေးမူဝါဒ ရေးဆွဲနိုင်သည်
(ဆက်ပါဦးမည်)
References (မှီငြမ်းစာအုပ်/စာတမ်းများ)
Ahmad, L., Kanth,R.H., Parvaze, S. and Mahdi, SS (2017) Experimental Agrometeorology: A Practical Manual. Springer
Mavi, H.S. and Tupper, G.J. (2004) Agrometeorology: Principles and Applications of Climate Studies in Agriculture, Food Products Press. 364p.
Kyaw Tha Paw, U (1991) Biometeorology. 6th Ed. Dept. Land, Air and Water Resources, Uni. California, Davis, US. 68p.
Smith, L.P. (1975) Methods in Agricultural Meteorology. Elsevier. 210p.
Srivastava, A.K. and Tyagi, P.K. (2011) Practical Agricultural Meteorology. New India Publishing Agency. 250p.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
