စိုက်ပျိုးရေးအင်ဂျင်နီယာပညာ မိတ်ဆက် အပိုင်း (၁၊ ၂) နှင့် (၃) နှင့် (၄) ကောက်စိုက်စက်ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ အမှတ် (၁၇၊ ၁၈၊ ၁၉) နှင့် အမှတ် (၁၈၆) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
တဖန် စက်မှုလယ်ယာ (Farm Machinery/Farm Mechanization) အပိုင်းတွင်မှ စာရေးသူ မိတ်ဆွေ အငြိမ်းစားညွန်ကြားရေးမှူးချုပ်၊ ဦးခွန်အေးနိုင်နှင့် မကြာခဏဆွေးနွေး ဖြစ်နေသော စပါးမျိုးစေ့ချကရိယာ များ အကြောင်း စိုက်ပျိုးရေးရှုထောင့်မှ ဆက်လက်ဆွေးနွေးပါရစေ။ပထမဦးစွာ အစေ့မှမျိုးစေ့ချစိုက်ပျိုးခြင်း/ပျိုးပင်များမြေချစိုက်ပျိုးခြင်းအကြောင်း ဆွေးနွေးရအောင်ပါ။ စားသုံးသီးနှံများကို မျိုးစေ့ဘဝမှလည်းကောင်း ပျိုးပင်ငယ်ဘဝမှလည်းကောင်း အသင့်တော်ဆုံးသော မြေအစိုဓာတ်နှင့် မြေဆီလွှာအပူချိန် (Optimum Soil Moisture and Soil Temperature) တွင်
(က) အပင်ပေါက်ကောင်းရန် (Good Germination)
(ခ) မျိုးစေ့ဘဝမှ ရင့်မှည့်ရိတ်သိမ်းချိန်အထိ ကြီးထွားမှုနှုန်း (Maximum Growth Rate) ကောင်းမွန်ပြီး အထွက်ကောင်းရရှိရန် (Higher Grain/Seed Yield)
(ဂ) မြေဆီလွာအသင့်တော်ဆုံး မျိုးစေ့အနက် (Optimum Soil Depth) တွင်စိုက်ပျိုးနိုင်ရန်
(ဃ) မှန်ကန်သော ပင်ကြားတန်းကြား အကွာအဝေး (Optimum Plant Spacing) ရရှိနိုင်ရန် ဆောင်ရွက်ရပါမည်။
ပုံ - ၁ အတန်းလိုက်စိုက်ပျိုးနည်းအမျိုးမျိုး
စိုက်ပျိုးနည်းအမျိုးမျိုးများ (Methods of Sowing/Planting)
(၁) ကြဲပက်စိုက်ပျိုးနည်း (Broadcasting) မျိုးစေ့များကို ထယ်ရေး၊ ထွန်ရေးပြင်ဆင်ပြီး စပါး၊ နှမ်း၊ ပဲဒီစိမ်း၊ မတ်ပဲ စသည့်မျိုးစေ့များကို ကြဲပက်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ များသောအားဖြင့် လူအားဖြင့် တပိုင်တစ်နိုင် စိုက်ကွက်ငယ်များတွင် ပြုလုပ်လေ့ရှိပါသည်။ အချို့နိုင်ငံများတွက် စက်များဖြင့် ကြဲပက်စိုက်ပျိုးနေပါပြီ။
ပုံ - ၂ စက်ဖြင့်၎င်း၊ လူဖြင့်၎င်းကြဲပက်စိုက်ပျိုးခြင်း
(၂) စူးထိုးစိုက်ပျိုးခြင်း (Dibbling) ရှေးယခင်က တောင်ယာစပါး၊ ပြောင်းဖူးစေ့ စသည်များကို တောင်စောင်းများပေါ်တွင် မြေကြီးပေါ် စူးထိုး အပေါက်ဖေါက်ကာ မျိုးစေ့ ၂-၃ စေ့ခန့် ထည့်သွင်းပြီး၊ ခြေ (သို့မဟုတ်) လက်ဖြင့် မြေကြီးပြန်ဖုံးကာ စိုက်ပျိုးခြင်း ဖြစ်ပါသည်။ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်း စိုက်ပျိုးလေ့ရှိပါသည်။ စက်ဖြင့်လည်း စူးထိုးစိုက်ပျိုးလေ့ရှိပါသည်။
ပုံ - ၃ စက်ဖြင့်၎င်း၊ လူဖြင့်၎င်း စူးထိုး/ကျဉ်းတူးစိုက်ပျိုးခြင်း
(၃) ထယ်နောက်မှ မျိုးစေ့ချပေးခြင်း (Seed Dropping behind the Plough) ပြောင်းဖူး၊ ကုလားပဲစသည့် ကြီးမားသော မျိုးစေ့များတွင် အသုံးပြုလေ့ရှိပါသည်။ ကျွဲနွားဖြင့်လည်းကောင်း၊ စက်ဖြင့်လည်းကောင်း ထယ်ထိုးပြီးနောက်ပိုင်း နောက်မှ မျိုးစေ့က လိုက်ချပေးခြင်းဖြစ်ပါသည်။
ပုံ - ၄ စက်ဖြင့်၎င်း၊ လူဖြင့်၎င်း ထယ်ထိုးပြီးနောက် မျိုးစေ့ချစိုက်ပျိုးခြင်း
(၄) အတန်းလိုက်ကြဲပက်စိုက်ပျိုးခြင်း (Drilling) ဤနည်းက လက်ဖြင့်၎င်း၊ စက်ဖြင့်၎င်း မျိုးစေ့များကို အတန်းလိုက်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။ စပါးမျိုးစေ့ချကရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းသည် ဤနည်းစနစ်အောက်တွင်ပါဝင်ပါသည်။ မျိုးစေ့များက အတန်းလိုက်ကျပါသည်။
ပုံ - ၅ စက်ဖြင့်၎င်း၊ လူဖြင့်၎င်း အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးခြင်း
(၅) အတန်းလိုက်၊ အကွက်လိုက်စိုက်ပျိုးခြင်း (Hill Dropping) ဤစနစ်က ဝါ၊ ပြောင်းဖူး စသည့် တန်းကြား၊ ပင်ကြား ကျယ်ကျယ်စိုက်ပျိုးရသည့် သီးနှံများ အတွက် စိုက်တန်းဆွဲကာ သတ်မှတ်ထားသည့် ပင်ကြား အကျယ်အလိုက် အစေ့ချသွားသည့် နည်းစနစ်ဖြစ်ပါသည်။
ပုံ - ၆ စက်ဖြင့် အတန်းလိုက်၊ အကွက်လိုက် မျိုးစေ့ချစိုက်ပျိုးခြင်း
အခြား လယ်ယာသုံးစက်ကိရိယာများ
(က) မြေဩဇာ အရည် (သို့မဟုတ်) အလုံးအခဲများ ထည့်သွင်းပေးသောကရိယာများ (Fertilizers – Liquids or Pellets Distributors) လူနှင့်မြေဩဇာကြဲသည်က အချိန်ကုန်၊ လူပင်ပန်း၊ ခရီးမတွင်ပါ၊ စက်များဖြင့် အစားထိုး မြေဩဇာကျွေးသောစနစ်များဖြစ်ပါသည်။
(ခ) ရေသွင်း/ရေတင်စက်များ/ရေစုပ်စက်များ (Water pumps for irrigation) ရေသွင်း ရင်းမြေဩဇာအရည်ပါထည့်သွင်းပေးသောနည်းစနစ် (Fertigation) လည်းရှိပါသည်။
(ဂ) အပင်ကာကွယ်နှိမ်နှင်းဆေးဖြန်းကိရိယာများ (Plant Protection Equipments) အင်းဆက်ပိုး၊ အပင်ရောဂါ၊ ပေါင်းမြက်စသည့် ဖျက်ပိုး/ဖျက်အပင်များ ကို နှိမ်နှင်းပေးသော ကိရိယာများ ရှိပါသည်။
(ဃ) ရိတ်သိမ်း၊ ခြွေလှေ့စက်ကိရိယာများ (Harvesting and Threshing Equipments) မြန်မာနိုင်ငံ၏ လက်ရှိ စပါးသီးနှံတွင် အောင်မြင်စွာ အသုံးပြုနေသော ရိတ်သိမ်း၊ ခြွေလှေ့စက် (Combine Harvester) သည် နမူနာကောင်းဖြစ်ပါသည်။ ကျန်သီးနှံများ နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ၊ အာလူး၊ ကြံ၊ ဝါ စသည်ဖြင့် တစ်ပိုင်တစ်နိုင် စက်များပြားစွာ ရှိပါသည်။
(င) ရိတ်သိမ်းခြွေလှေ့ပြီးနောက် ပြုပြင်မွန်းမံပေးရသောစက်ကိရိယာများ (Processing Equipments) ရိတ်သိမ်း၊ ချွေလှေ့ပြီးနောက်ပိုင်းနည်းပညာ (Post-harvest Technology) ပေါ်ပေါက်လာပြီးနောက် အစားအစာပြုပြင်ပေးသောအင်ဂျင်နီယာပညာ (Food Process Engineering) အပါအဝင် လယ်ယာသုံးစက်ကိရိယာများစွာ ပေါ်ပေါက်လာပါသည်။
(စ) သီးနှံအခြောက်ခံစက်ကိရိယာများ (Grain Dryers and Drying equipments) ရိတ်သိမ်းပြီးပြီးခြင်း စပါးအပါအဝင် သီးနှံများတွင် အစိုဓာတ်များပြားစွာရှိနေ၍ ရိတ်သိမ်းခြွေလှေ့၊ သိုလှောင်ရာတွင် နေရောင်ခြည် တစ်ခုထဲ အခြောက်ခံ (Sun drying) ရုံသာမက စက်ကိရိယာများ ကူညီမှုဖြင့် အခြောက်ခံမှု ပြုလုပ်လာခြင်းဖြစ်ပါသည်၊
(ဆ) နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများ (Dairy Equipments) လူထုကျန်းမာရေး ခွန်အားရှိရန် နို့နှင့်နို့ထွက်ပစ္စည်းများ များများ သုံးနိုင်လေလေ ပရိုတင်း လိုအပ်မှု (Protein Requirements) ဖြည့်စည်းပေးနိုင်လေလေဖြစ်ပါသည်။
(ဇ) သိုလှောင်၊ သယ်ပို့စက်ကိရိယာများ (Farm Storage and Transport Equipments) သီးနှံများ၊ အစားအစာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ပြီးနောက် ဈေးကွက် မရောက်ခင် အရည်အသွေး ကျဆင်းမသွားအောင် စက်ကိရိယာများဖြင့် ဆောင်ရွက် ပေးခြင်းဖြစ်ပါသည်၊ ဥပမာ - အအေးခန်းတွင်သိုလှောင်ထားခြင်း (Cold Storage)
(ဇ) လယ်ယာသုံး လျှပ်စစ်ကဏ္ဍ (Farm Electricity) နောင်တစ်ချိန် နေရောင်ခြည် (Solar Power) မှသော်၎င်း၊ လျှပ်စစ်ဓာတ်အားလိုင်းများမှသော်၎င်း လျှပ်စစ်များ အသုံးပြုလာပါက တောင်သူလယ်သမားကြီးများ လွယ်ကူစွာ သုံးစွဲနိုင်စေရန် သိရှိသင့်သောပညာဖြစ်ပါသည်။
(အထက်ပါ လယ်ယာသုံးစက်ကိရိယာများ အကြောင်းကို နောင်ဆောင်းပါးများတွင် အလျင်းသင့်သလို ရေးသားဖော်ပြသွားပါမည်)
စပါး မျိုးစေ့ချကိရိယာ (Rice Drum Seeder) အကြောင်း
စပါးမျိုးစေ့ချကိရိယာ (Drum Seeder) သည် စပါးမျိုးစေ့များကို စနစ်တကျနှင့် အညီအမျှ ချပေးနိုင်သော စိုက်ပျိုးရေးကိရိယာတစ်မျိုးဖြစ်သည်။ ဤကိရိယာသည် စည်ပိုင်း/မြန်မာ့ဗုံ အသေးအရွယ် ဆလင်ဒါပုံသဏ္ဍာန် ဒရမ်တစ်ခုပါဝင်ပြီး ၎င်းအတွင်းတွင် စပါးမျိုးစေ့များ ထည့်သွင်းထားကာ စပါးခင်းအတွင်း ရွေ့လျားစေသောအခါ မျိုးစေ့ များကို ညီညာစွာ ချပေးနိုင်သည်။
Drum Seeder ၏ အလုပ်လုပ်ပုံ
ဤကရိယာ သည် ဒရမ်အတွင်းရှိ အပေါက်များမှတစ်ဆင့် မျိုးစေ့များကို စနစ်တကျ ထုတ်ပေးပြီး မြေကြီးပေါ်သို့ ညီညာစွာ ကျရောက်စေသည်။ ဤဖြစ်စဉ်သည် လယ်သမား အား လက်ဖြင့် မျိုးစေ့ချခြင်းထက် အချိန်ကုန်သက်သာစေပြီး အားစိုက်ထုတ်ရမှုလည်း နည်းပါးစေသည်။
Drum Seeder အမျိုးအစားများ
Drum Seeder များကို အရွယ်အစားနှင့် အသုံးပြုပုံပေါ် မူတည်၍ အနည်းငယ် ကွဲပြားမှုရှိနိုင်သော်လည်း ပုံမှန်အားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်သည်-
လက်တွန်း Drum Seeder : လူ့အားဖြင့် တွန်းရွှေ့အသုံးပြုရသော ကိရိယာ
စက်တပ် Drum Seeder : ထွန်စက် သို့မဟုတ် လှည်းတွဲ၍ အသုံးပြုရသော ကိရိယာ
ပုံ - ၇ စပါးမျိုးစေ့ချကိရိယာ အစိတ်အပိုင်းများ
Drum Seeder ၏ အားသာချက်များ (Advantages)
(က) အချိန်ကုန်သက်သာခြင်း - Drum Seeder ကို အသုံးပြုပါက ရိုးရိုးနည်းဖြင့် မျိုးစေ့ချခြင်းထက် အချိန်ကုန်သက်သာစေပါသည်။ တစ်နေ့လျှင် လယ် ၂ ဧက မှ ၄ ဧက အထိ စပါးမျိုးစေ့ချနိုင်သည်။
(ခ) ကုန်ကျစရိတ်သက်သာခြင်း - ဤနည်းဖြင့် မျိုးစေ့ချပါက ပျိုးထောင်ခြင်း၊ ပျိုးနုတ်ခြင်းနှင့် ပျိုးပြောင်းစိုက်ခြင်း စသော ကုန်ကျစရိတ်များ လျော့နည်းစေပါသည်။
(ဂ) လုပ်သားအား သက်သာခြင်း - လက်ဖြင့် မျိုးစေ့ချခြင်းထက် လုပ်သားအား သိသိ သာသာ သက်သာစေပါသည်။
(ဃ) မျိုးစေ့ညီညာစွာ ချပေးနိုင်ခြင်း - Drum Seeder သည် မျိုးစေ့များကို ညီညာစွာ ချပေးနိုင်သောကြောင့် အပင်၏ကြီးထွားမှုသည်လည်း ညီညာစေပါသည်။
(င) ရေအသုံးပြုမှု ထိရောက်ခြင်း - ဤနည်းဖြင့် စိုက်ပျိုးပါက ရေကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ပြီး ရေထိန်းသိမ်းမှုလည်း ကောင်းမွန်စေပါသည်။
Drum Seeder ၏ အားနည်းချက်များ (Disadvantages)
(စ) ကနဦးကုန်ကျစရိတ်မြင့်မားခြင်း - Drum Seeder ကို ဝယ်ယူရန်အတွက် ကနဦး ကုန်ကျစရိတ်မှာ မြင့်မားနိုင်ပါသည်။
(ဆ) ပြုပြင်ထိန်းသိမ်းရန် လိုအပ်ခြင်း - မည်သည့်စက်ပစ္စည်းကဲ့သို့ပင် ဤကိရိယာကို လည်း ပုံမှန်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ပါသည်။
(ဇ) မြေအမျိုးအစားကို ဂရုပြုရန် လိုအပ်ခြင်း - အလွန်စေးသောမြေ သို့မဟုတ် ညီညာမှုမရှိသော မြေပြင်တွင် ဤကိရိယာအား အသုံးပြုရန် မသင့်တော်ပါ။
(ဈ) အသုံးပြုနည်း လေ့လာရန် လိုအပ်ခြင်း - ဤကိရိယာအား အသုံးပြုရန်အတွက် အတိုင်းအတာတစ်ခုထိ လေ့လာရန် လိုအပ်ပြီး အစပိုင်းတွင် အခက်အခဲ ရှိနိုင်သည်။
(ည) ပိုးမွှားအန္တရာယ် - တိုက်ရိုက်မျိုးစေ့ချနည်းတွင် ငှက် (စာကလေး)၊ ကြွက် နှင့် ခရုကဲ့သို့သော အန္တရာယ်များ ရှိနိုင်သည်။
Drum Seeder အသုံးပြုနည်း အဆင့်ဆင့်
(၁) မြေပြင်ဆင်ခြင်း
စိုက်ခင်းအား ထယ်ရေးနက်နက် ထွန်ရေးညက်ညက် ထွန်ယက်ရမည်။ မြေပြင်ညီညာ စေရန် ကြမ်းတုံးရိုက်ညှိပေးရမည်။ စိုက်ခင်းမြေမျက်နှာပြင် ညီညာပြီး ရေပြောင်စင် အောင် ထုတ်ပစ်ရပါမည်။
(၂) မျိုးစေ့ရွေးချယ်ခြင်း
အထွက်ကောင်းပြီး ဒေသနှင့် ကိုက်ညီသော သက်လျင်မျိုးကို ရွေးချယ်ရမည်။ မျိုးစေ့ အညှောက်ဖောက်ရန် ၈၀% ထက်မနည်း အညှောက်ပေါက်စွမ်းရည် ရှိရပါမည်။
(၃) မျိုးစေ့ပြင်ဆင်ခြင်း
မျိုးစေ့များကို ၁၂ နာရီခန့် ရေစိမ်ပြီး ရေပေါ်ပေါ်သော မျိုးစေ့များကို ဖယ်ရှားရမည်။
မျိုးစေ့များကို စာပါးစပ်ပြူ (အညှောက်ထွက်ကာစ) အဆင့်အထိသာ ဖောက်ရပါမည်။
(၄) မျိုးစေ့ချခြင်း
မျိုးစေ့ချကိရိယာ၏ ပုံးထဲသို့ မျိုးစေ့ထည့်ရာတွင် ပုံးထုထယ် ၏ ၂ ပုံ ၃ ပုံထက် မပိုစေရပါ။ မျိုးစေ့ချပြီးချိန်မှ ၅ ရက်အတွင်း ကြွက်၊ ငှက်၊ တိရစ္ဆာန်တို့၏ ဖျက်ဆီးမှုမှ ကာကွယ်ရန် စီစဉ်ရပါမည်။
ဆက်ပါဦးမည်..
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Kepner, R. A.; Roy Bainer, E. L. Barger (1980) Principles of Farm Machinery. 3rd Ed. 527p.
Sahay, J. (2005) Elements of Agricultural Engineering. Standard Publishers Distribution. New Delhi. Elements of Agricultural Engineering. 460p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
