ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးပညာမိတ်ဆက်နှင့် ဟင်းသီးဟင်းရွက်သိပ္ပံ (အပိုင်း-၁၊ ၂၊ ၃) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် (၂၅၊ ၉၅ နှင့် ၉၆၊ ၁၈၃၊ ၁၈၄၊ ၁၈၅) တွင် ဆွေးနွေး ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအများဆုံးအသုံးပြုသော ခရမ်းချဉ်သီး အကြောင်း စတင်ဆွေးနွေးပါမည်။
ခရမ်းချဉ်သီးသည် ကမ္ဘာသစ် (New World) တောင်အမေရိက အန်းဒီးစ်တောင်များ (Andes Mountains) မှ မူရင်းဒေသအသီးတစ်မျိုးဖြစ်သော်လည်း ယင်း၏ဇာတိမြေကို ကျော်လွန်ကာ တစ်ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် အစားအစာ ဟင်းလျာများ၏ အဓိကအသီးအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။
၂၀၂၄-ခုနှစ် ကမ္ဘာ ထုတ်လုပ်မှုပမာဏသည် မက်ထရစ်တန် ၁၈၆ သန်းကျော်ရှိပြီး နှစ်စဉ် ဈေးကွက်တန်ဖိုးမှာ ဒေါ်လာဘီလီယံနှင့်ချီ၍ ရှိနေပါသည်။
ဇယား - ၁ ကမ္ဘာ့နှင့်မြန်မာ ခရမ်းချဉ်သီးစိုက်ပျိုးမှုနှင့်အထွက်အများဆုံးနိုင်ငံများ (၂၀၂၄)*
* https://ourworldindata.org/grapher/tomato-yields
** DoP – MoALI (2023) Myanmar Agriculture Sector in Brief.
ကမ္ဘာ့ခရမ်းချဉ်သီး အထွက်ဆုံးနိုင်ငံများ တွင် ဘယ်လဂျီယမ်နှင့်နယ်သာလန်နိုင်ငံများက တဟက်တာ ၄၅၁-၄၁၀ တန်များဖြင့် ထိပ်ဆုံးကပြေးနေပါသည်။ (Conversion factor – 1 ton/ha = 251 viss/acre ဖြစ်၍ တစ်ဧက ပိဿာချိန် တစ်သိန်းကျော်ထွက်ပါသည်) ဤနိုင်ငံများ၏ ပျမ်းမျှအထွက်က မြန်မာနိုင်ငံခရမ်းချဉ်သီးအထွက်ထက် အဆ ၄၀ လောက် များပါသည်။ အိမ်နီးချင်းထိုင်းက ၂-ဆခန့်၊ မလေးရှားက ၈-ဆခန့် အထွက်ပိုပါသည်။ လေ့လာ ဆန်းစစ်ကြည့်ရအောင်ပါ။
ပုံ - ၁ ခရမ်းချဉ်အပင်နှင့်အသီး
ခရမ်းချဉ်သီးပင်၏ရုက္ခဗေဒ (Botany of Tomato)
Family – Solanaceae
Genus – Lycopersicon
(အရင်ခေါ်သည့်အမည် Lycopersicon esculentum Mill.)
Species – L. esculentum Mill – Tomato (ယခု Solanum lycopersicum L)
L. pimpinellifolium (L.) Mill – Current Modern Tomato
L. esculentum var. cerasiforme – Cherry Tomato
(က) ခရမ်းချဉ်အမြစ်စနစ် (Root System)
အမျိုးအစား: စေ့ရွက်စုံပင် (Dicotyledon) ဖြစ်၍ Taproot (အဓိက ရေသောက်အမြစ်) နဲ့ ထွက်ပေါ်တဲ့ အခြားဘေးမြစ်များ (Lateral roots) ရှိပါသည်။ အမြစ်အနက် ၁–၁.၅ မီတာ အထိ ရှိနိုင်ပေမယ့် အမြစ် များများ ကို မြေအောက် ၃၀–၄၀ စင်တီမီတာ အတွင်း တွေ့ရှိနိုင်ပါသည်။ တစ်ခါတလေ ထူးခြားမြစ်တွေ (Adventitious roots) လည်း ထပ်ထွက်နိုင်ပါသည်။
ပုံ - ၂ ခရမ်းချဉ်ပင်အမြစ်အမျိုးမျိုး
(ခ) ခရမ်းချဉ်ပင်စည် (Stem)
အမျိုးအစား: ခြုံပုတ်ပုံစံစနစ် (Herbaceous Types)၊ ပင်စည်အဝိုင်းပုံ၊ ပျော့ပြောင်းပြီး အမွေးပါ (cylindrical, weak, and hairy) ပြီး သေးသေးလေးအမွှေးများ (Glandular hairs) ကပ်ပါလျက်ရှိပါသည်။ ခရမ်းချဉ်အပင်ပုံစံ: အပင်သက်တန်း တစ်လျှောက်လုံး Determinate (အပင်ကြီးထွားမှု ရပ်တံ့၊ ပိတ်) သို့မဟုတ် Indeterminate (ကြီးထွားမှု ဆက်တိုက်ရှိ) အမျိုးအစား နှစ်မျိုး လုံး ရှိပါသည်။
(ဃ) ခရမ်းချဉ်ပန်းခိုင် (Inflorescence) နှင့် ပန်းပွင့် (Flower)
အမျိုးအစား: Cyme (ပန်းခိုင်အစု) အများအားဖြင့် ၃–၁၂ ပွင့် ပါဝင်ပါသည်။ ပုံစံ: အချိုး ညီပွင့် (Actinomorphic)၊ အတွင်းအပြင်လိင်စုံ အားလုံးပါဝင် (Complete, bisexual) ပါသည်။ ပွင့်ချပ် (Calyx - Sepals): အစိမ်းရောင် ၅ ခု၊ အမြဲတန်း (Persistent) ရှိနေ သည်။ ပွင့်ဖတ် Corolla (Petals): အဝါရောင် ၅ ခု၊ ချုပ်ထား၊ စိုက်ဝိုင်းပုံ (Rotate) လည် နေပါသည်။ ဝတ်မှုံခံတိုင် Androecium (Stamens): ၅ ခု၊ အလုံးစုံ တစ်တံတည်းလို ပတ်ထားသည့် ဝတ်မှုံတိုင်များ (Anther cone)။ Gynoecium (Carpels): အခန်း ၂-ခန်း (bilocular)၊ အပေါ်အင်္ဂါအုံ (superior ovary)၊ အတွင်းသီးသား အလယ်တွင် အသီး အခန်း များ (axile placentation) ရှိပါသည်။ ဝတ်မှုံကူးခြင်း (Pollination) အဓိက အားဖြင့် ပင်ထီးဝတ်မှုံကူးခြင်း (Self-pollination) ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ ပိုးမွားများ (ဥပမာ – ပျား) က ပင်ခြားဝတ်မှုံကူးမှု (Cross-pollination) ပြုလုပ်ပေး နိုင်ပါသည်။
(င) ခရမ်းချဉ်သီး (Fruit)
အမျိုးအစား: Berry (အသီးဖျော့)။ ပုံစံ: အရှည်ပုံ၊ အလုံးပုံ၊ ဒယ်ပိုင်းပုံ သို့မဟုတ် သစ်တော်သီးပုံ (Pear-shaped) စသည်ဖြင့် အမျိုးအစားပေါ်မူတည်ပါသည်။ အသီး အရောင်: အစိမ်း (အလုံးသေး)၊ အနောက်ပိုင်းမှာ (Lycopene, Carotenoids ကြောင့်) အနီ၊ အဝါ၊ လိမ္မော်အရောင် ဖြစ်လာသည်။ အတွင်းသီးခန်း: ၂–၁၀ လောက် ပါဝင်ပါသည်။
(စ) ခရမ်းချဉ်အစေ့ (Seed)
အရေအတွက်များ၊ သေးငယ်၍ ကျစ်ကျစ်လစ်လစ်ရှိ၊ လက်ဖက်စိမ်း–အညိုဖျော့ရောင် ဖြစ်ပါသည်။ ပုံစံ: လိပ်ပုံ၊ ကျောက်ကပ်ပုံ (Kidney-shaped), ၂–၃ မီလီမီတာခန့် ရှိပါသည်။ အစေ့အပေါ်မှာ အမွှေးသေးသေးလေးကပ်ပြီး၊ အတွင်းမှာ ပျော့ပျော့အနှစ် (mucilage) ထဲမှာ နစ်ဝင် နေပါသည်။
ခရမ်းချဉ်သီး၏အာဟာရဓာတ်တန်ဖိုးများ (Nutritional value of Tomato)
Source: RDA – Postharvest handling of Tomato in Asia.
ခရမ်းချဉ်သီးတွင်ပါဝင်သော ဗီတာမင်-စီ က စိတ်ဖိစီးမှု/စိတ်ပူပင်သောကများ (Stress) နှင့် ခန္နာကိုယ်ယောင်ယမ်းခြင်း/အိုမင်းရင့်ယော်ခြင်း (Inflammation) ကိုလျှော့ချပေး သည်၊ ရောဂါပိုးမွားများတိုက်ခိုက်မှုဒါဏ်ကိုကာကွယ်ပေးသည် (Resistance against Infectious Agents)၊ ဗီတာမင်-အေက အမြင်ကြည်လင်မှု (Healthy Vision) ကို အားပေး သည်၊ ဗီတာမင်-ကေ က အရိုးကျန်းမာရေး (Bone health) ကို ထိန်းသိမ်းပေးသည်၊ ပိုတက်ဆီယမ်ဓာတ်က ဆိုဒီယမ်ကြောင့် နှလုံးခုံနှုန်း (Control Heart Rate)၊ သွေးတိုး နှုန်း (Blood Pressure) ကို ထိန်းချုပ်ပေးသည်။
ခရမ်းချဉ်သီး၏စီးပွားရေးဆိုင်ရာ အခန်းကဏ္ဍအပြင် ခရမ်းချဉ်သီးသည် လိုင်ကူပင်း (lycopene) နှင့် အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသည့် အာဟာရ ဓာတ်များပြည့်ဝသော အစားအစာ လည်းဖြစ်သည်။ ၎င်းသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါနှင့် အချို့သော ကင်ဆာများ အပါအဝင် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သိရပါသည်။ သို့သော် ဤကမ္ဘာလုံးဆိုင်ရာ အဓိကအစားအစာ သည် မကြုံစဖူးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ၎င်း၏စိုက်ပျိုးမှုသည် ပြောင်း လဲလာသော ရာသီဥတုအခြေအနေ ကြောင့် ထုတ်လုပ်မှုကို အလွန်အမင်း ထိခိုက်လွယ် သဖြင့် ရာသီဥတုပြောင်းလဲမှု၏ မတည်ငြိမ်စေသော အကျိုးသက် ရောက်မှုများ ကြောင့် အကြီးအကျယ်ထိခိုက်နိုင်သည်။ အပူချိန်မြင့်တက်လာခြင်းနှင့် ခန့်မှန်းရခက်သော ရာသီ ဥတုပုံစံများသည် အဓိက စိုက်ပျိုးရေးဒေသများတွင် အထွက်နှုန်းများ သိသိသာသာ လျော့ ကျခြင်းနှင့် ပိုးမွှားများ ကျရောက်ခြင်းကို ဖြစ်ပေါ်နေသည်ကို သတိပြုရမည်ဖြစ်ပါသည်။
စာရေးသူ၏အတွေး
ဘယ်လဂျီယမ်နှင့်နယ်သာလန် တို့အထွက်ကောင်းနေခြင်းက ခရမ်းချဉ်သီးကို တစ်နှစ် ပတ်လုံး မှန်ခြံ (Glass House) သို့မဟုတ် ကြီးထွားနှုန်းထိန်းအခန်း (Growth Chamber)၊ မြေမဲ့စိုက်ပျိုးခြင်း (Hydroponics) စသည်တို့အထဲတွင်ရေ၊ အဟာရဓာတ်၊ လိုအပ်သော အလင်းရောင်၊ အပူချိန်ကိုအပင်ကလိုအပ်သ လောက် ပေးနိုင်သော တိကျသောစိုက်ပျိုး ရေး (Precision Agriculture) ကိုသုံး၍ စိုက်ပျိုး နေခြင်းကြောင့် ဖြစ်ပါသည်၊
တစ်ဟက်တာ အများဆုံး တန်ငါးရာကျော် (၅၀၀-တန်/ဟက်တာ) ထွက်ခဲ့သည့်မှတ်တမ်း ကြောင့် တစ်ဧက တစ်သိန်းနှစ်သောင်းငါးထောင်ပိဿာကျော်ကျော် ရရှိသည်ဖြစ်နေပါ သည် (တနှစ်ပတ်လုံးစိုက်ပျိုးခြင်းဖြစ်မည်ထင်ပါသည်)၊
စိုက်ကွင်းထဲတွင် စိုက်ပျိုးသည့်အထွက်ကတော့ တစ်ဟက်တာ ပျမ်းမျှ (၅၀-၇၀ တန်/ ဟက်တာ) ထွက် ကြောင့် တစ်ဧက ပိဿာတစ်သောင်းနှစ်ထောင်မှ တစ်သောင်း ခုနှစ်ထောင်ပိဿာကျော်ကျော် ထွက်ရှိတာတွေ့ရှိရပါသည်၊
မှတ်တမ်းများအရ တကမ္ဘာလုံး ခရမ်းချဉ်သီးအထွက်နှုန်း ၃၆-တန်/ဟက်တာဟူ၍ တွေ့ရှိ ရပါသည်။
ကျန်းမာရေးအရလည်း နေ့စဉ်စားသုံးရန် လိုအပ်နေသော ခရမ်းချဉ်သီး ပိုမိုထွက်ရှိရန်နှင့် တနှစ်ပတ်လုံးစိုက်ပျိုးနိုင်ရန်၊ ပိုလျှံသော ခရမ်းချဉ်သီးများကို ခရမ်းချဉ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးအနှစ် စသည်ဖြင့် ပြုလုပ်နိုင်သော ရိတ်သိမ်းချိန်လွန်နည်းပညာ (Post-harvest Technology of Tomato) များလည်း သုတေသနပြုလုပ်ရန်လိုအပ်ပါဦးမည်၊ ခရမ်းချဉ်သီးကိုချည်း တစ်စိုက်မတ်မတ်သုတေသနပြုနေသော ပညာရှင် (Tomato Specialists/Scientists) များကိုလည်း သီးသန့်မွေးထုတ်ထားရန် လိုအပ်ပါဦးမည်။
အပိုင်း (၁-ခ) ဆက်ပါဦးမည်။
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Benton Jones, J. Jr. (1999) Tomato Plant Culture. CRC Press 199p.
Decoteau, D.R. (2000) Vegetable Crops. Prentice-Hall, Inc. 463p.
Serrano, E.P. and Ji Gang Kim (2013) Postharvest Handling of Tomato in Asia. RDA, Korea. 141p.
စိုက်ပျိုးရေးဦးစီးဌာန (၂၀၁၁) ကျေးလက်မိသားစုများအတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရေး ပညာပေးစာစောင်၊ (Vegetable Production Guide for Villagers by JICA)
(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး (ငြိမ်း) ဒေါက်တာခင်သီတာမြင့်၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာစောထိုလွီထူး၊ ပါမောက္ခ၊ ဒေါက်တာမင်းဇာနီအောင်၊ အပင်မျိုးမွေးမြူရေး၊ ဇီဝကမ္မဗေဒ၊ ဂေဟဗေဒဌာန၊ ကထိက၊ ဒေါ်တင်လဲ့လဲ့ထွေး တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်)
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
