တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄) နှင့်တိရစ္ဆာန်စာပဲမျိုးရင်းဝင်အပင်ကြီးများ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင် ရေးသားဆွေး နွေးခဲ့ပြီး ဖြစ်ပါသည်၊ ဤစားကျက်သီးနှံများ စိုက်ပျိုးပြုစုခြင်း အကြောင်းကို ဆက်လက် ဆွေးနွေးပါမည်၊
(စကားချပ် - တိရစ္ဆာန်စာ စားကျက်သီးနှံများ (မြက်/ပဲ) စသည်တို့ကို အိမ်းနီးနားချင်း အရှေ့တောင်အာရှနိုင်ငံများတွင် အောင်မြင်၊ တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိပါသည်။ နို့စား၊ အသားစား ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် နိုင်ငံသူ၊ နိုင်ငံသားများ အဟာရဓာတ် ဖွံ့ဖြိုး ရေး လိုအပ်သော အသားဓာတ် (Protein) ကို ပိုမိုဖြည့်စည်းပေးနေသော နို့၊ အသားများ အတွက် စားကျက်သီးနှံစိုက်ပျိုးရေးသည် ပုံမှန်အခြားသီးနှံ (Other Cultivated Crops) များစိုက်ပျိုးပြုစုပုံနှင့် မတူညီ ကွဲပြားပါသည်။ အများစုမှာ နှစ်ရှည် ပဲ/မြက်များဖြစ်ပြီး ကျွဲ နွား၊ စားမြုံ့ပြန်သတ္တဝါများနှင့် သဟဇာတဖြစ်စေသော စိုက်ပျိုးမည့် ဒေသ၊ ရေ၊ မြေ၊ ရာသီ ဥတုနှင့်အညီ လွတ်ကျောင်းဒဏ်ခံနိုင်ရည်ရှိမှု (Grazing Tolerance)၊ တောမီးလောင်မှု ဒဏ်ခံနိုင်ရည်ရှိမှု (Fire Tolerance)၊ သစ်ပင်ကြီးများ၏အရိပ်ကျဒဏ် ခံနိုင်ရည်ရှိမှု (Shade Tolerance)၊ မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိမှု (Drought Tolerance)၊ မျိုးစေ့ငုတ်ချိန် ပယ်ဖျက်ပေးမှု (Breaking Dormancy)၊ စားကျက်မြက်/ပဲများမှာ မျိုးစေ့အလွန်သေး ငယ်သဖြင့် ဤမျိုးများ၏ မျိုးစေ့သိပ္ပံနှင့်နည်းပညာ (Pasture Seed Science and Technology) စသည့် နည်းပညာများ စွာ သုတေသနပြုလုပ်ရန် ကျန်ရှိနေပါသည်။ စိုက်ပျိုးရေးကို ဆောင်ရွက်နေသည့် အစိုးရဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေ သနဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူကုသရေး သုတေသန ဦးစီးဌာန နှင့် ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများ သည် နိုင်ငံတော် အတွက်အရေးကြီးသီးနှံ တစ်ခုဖြစ်လာနိုင်သော စားကျက်မြက်/ပဲ သုတေသနများကို စတင်ဆောင်ရွက်သင့်ပါ ကြောင်း အကြံပြုလိုပါသည်)
မြက်မျိုးရင်းဝင်အပင်များ၏ အသုံးပြုမှုများ (Uses of Grasses) အဆက်
(ဂ) မြေဆီလွှာတိုက်စားမှုကိုထိမ်းသိမ်းပေးခြင်း (Soil Conservation)
မြက်ပင်အမြစ်များသည် မြေကို တင်းကျပ်စွာ ကုပ်တွယ်ထား၍ မြေဆီလွှာတိုက်စားခြင်း၊ လေတိုက်စားခြင်း မဖြစ်စေရန် ကာကွယ်ပေးသည်။ တောင်ခြေ၊ တောင်တန်းများတွင် ကွန်တိုစနစ်ပုံစံဖေါ်၍ (Terracing) အတွက် အသုံးများသည်။ ဥပမာ – ဗက်တီဗာမြက် (Vetiver grass) သည် မြေဆီလွှာပျက်စီး၊ တိုက်စားသွားမှုကို မဖြစ်စေရန် အတွက် အထူးအသုံးဝင်သည်။
(ဃ) အဆောက်အအုံ၊ အိမ်အမိုးအဖြစ် အသုံးပြုခြင်း
တချို့မြက်/သမန်းရွက်များကို အမိုးထုပ်၊ နံရံ၊ ထရံချပ်လိပ်၊ ထိုင်ခုံ၊ စားပွဲ စသည်ဖြင့် အ သုံးပြုကြသည်၊ ဥပမာ – ဝါး (Bamboo) – အိမ်၊ ပရိဘောဂ၊ နံရံတင်စင် များတွင် အသုံး များသည်၊ Imperata cylindrica၊ Themeda triandra – တဲအမိုးအဖြစ် အသုံးများ သည်။
(င) စက္ကူလုပ်ငန်းနှင့် လက်မှုပစ္စည်းများ
မြက်ပင်အချို့သည် စာရွက်စက္ကူ၊ ယပ်တောင်များ၊ လက်မှုပစ္စည်းများ ပြုလုပ်ရာတွင် အသုံးများသည်။ ဥပမာ – စပယ်မြက် (Sabai grass - Eulaliopsis binata)၊ ဝါး (Bamboo)၊ စပါးလင်ရွက်ခြောက် (Lemon grass residues) စသည် တို့ဖြစ်ပါသည်။
(စ) ပန်းခြံနှင့် အပန်းဖြေဥယျာဉ်များ အသုံးပြုမှု
အလှစိုက်မြက်ခင်း (Lawn)၊ ဂေါ့ဖ်ကွင်း (Golf Course)၊ ဘောလုံးကွင်း၊ ပန်းခြံများတွင် မြက်များကို အသုံးပြုနိုင်ပါသည်။ ဥပမာ – မြေဇာမြက် Cynodon dactylon (Bermuda grass)၊ Kentucky bluegrass၊ Tall Fescue၊ Rye grass။
(ဆ) စက်မှုနှင့် စွမ်းအင် အသုံးပြုမြက်မျိုးရင်းဝင်အပင်များ
ကြံ (Sugarcane) နှင့် ဆွစ်မြက် (Switchgrass - Panicum virgatum L.) တို့မှ ဘိုင်အီသနော/ဇီဝလောင်စာ (Bioethanol) နှင့် ဇီဝစွမ်းအင် (Biomass Energy) ထုတ်လုပ်နိုင်ပါသည်။ ဝါးနှင့် ရိမြက် (Reed grass - Phragmites australis) များကိုလည်း ဇီဝမီးသွေး (Biochar) သို့မဟုတ် ပြန်လည် အသုံးပြုနိုင်သော စွမ်းအင် (Renewable Energy) အဖြစ် အသုံးပြုကြသည်။
(ဇ) ဆေးဖက်နှင့် အနံ့ဆီ အသုံးမြက်မျိုးရင်းဝင်အပင်များ
တချို့မြက်များသည် ဆေးဖက်ဝင်ဓာတ် သို့မဟုတ် အနံ့ဆီ (Essential Oil) ထုတ်လုပ် ခြင်း အတွက် အသုံးများပါသည်။ ဥပမာ – စပါးလင်မွေးမြက် (Lemongrass) – လက်ဖက်ရည်၊ အနံ့ဆီ၊ ဆေးဖက်ဝင်အနေနှင့်အသုံးပြုပါသည်။ ဗက်တီဗာမြက် (Vetiver) – အနံ့ဆီ၊ အဖုအကြိတ်နာအနာကုသရာတွင် အသုံးဝင်ပါသည်။
(ဈ) ပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် အရေးပါသောမြက်မျိုးရင်းဝင်အပင်များ
မြက်များသည် အောက်ဆီဂျင်ထုတ်လုပ်ခြင်း (Oxygen production)၊ ကာဗွန်စုပ်ယူခြင်း (Carbon sequestration)၊ ဇီဝမျိုးကွဲများထိန်းသိမ်းခြင်း (Maintaining biodiversity) စသည်ဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးသည်။ သစ်တောပင်များနှင့်အတူ အပင်ဇီဝမျိုးစုံစနစ် (Biodiversity) ထိန်းသိမ်းရာတွင် အရေးပါသည်။
(ည) ယဉ်ကျေးမှုနှင့် စီးပွားရေး အသုံးများသောမြက်မျိုးရင်းဝင်အပင်များ
မြက်မျိုးရင်းဝင်အပင်များကို လက်မှုပညာ၊ အလှဆင်ခြင်း၊ ဗုဒ္ဓဘုရားလှူ၊ ဘာသာရေး ပွဲတော် များ တွင် အသုံးပြုကြပါသည်။ စီးပွားရေးအနေနဲ့လည်း စပါး၊ ဂျုံ၊ ပြောင်း စသည့် နှံစားသီးနှံ မျိုး များသည် ကမ္ဘာ့အဓိက စီးပွားရေး စားသောက်ကုန်အမျိုးအစားများ ဖြစ်ပါ သည်။

အပူပိုင်းစိုက်ပျိုးရေးစနစ်များ (Tropical Farming Systems) နှင့် စားမြုံ့ပြန်တိရစ္ဆာန်များ (Ruminant Animals) ၏ အရေးပါမှု
အပူပိုင်းဒေသအစားအစာသီးနှံများသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး စိုက်ပျိုးထား သော သီးနှံများဖြစ်ပြီး အပူပိုင်းဒေသတစ်လျှောက် မွေးမြူရေးထုတ်လုပ်မှုအတွက် အရေး ပါသော အခြေခံအုတ်မြစ်ဖြစ်သည်။ ဤကျယ်ပြန့်သော စိုက်ပျိုးမှုအခြေခံသည် လိုအပ်သော တိရစ္ဆာန်ထွက်ပရိုတင်းကို ပံ့ပိုးပေးရုံသာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ဇီဝ ဆိုင်ရာ အတားအဆီးများစွာကို ရင်ဆိုင်နေရသော ပတ်ဝန်းကျင်များတွင် စနစ် တစ်ခုလုံး ၏ ခံနိုင်ရည်အားကိုပါမြှင့်တင်ပေးရာတွင် အရေးပါပါသည်။ ဤနယ်ပယ်တွင် သုတေသန ပြုရန် အချက်မှာ အပူပိုင်းဒေသရှိ စိုက်ပျိုးရေးထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ခြင်းသည် ခက်ခဲသော ကမ္ဘာ့ပြဿနာတစ်ရပ် ဖြစ်ပါသည်။
အပူပိုင်း မြက်ခင်းများ၏ မဟာဗျူဟာမြောက် အရေးပါပုံကို နှစ်ပေါင်းများစွာကတည်း က နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုခဲ့ကြပါသည်။ ဥပမာအားဖြင့်၊ အပူပိုင်း စိုက်ပျိုးရေးနိုင်ငံတကာ ဗဟိုဌာန (CIAT – International Tropical Agriculture Center) သည် ၁၉၆၇ ခုနှစ်တွင် ၎င်း၏ 'ကျွေးမွေးစရာသီးနှံ-မွေးမြူရေး သုတေသနနှင့် လေ့ကျင့်ပညာပေးရေး အစီအစဉ်' ကို တည်ထောင်ခြင်းဖြင့် ဤနယ်ပယ်အတွက် ၎င်း၏ ရည်မှန်းချက်ကို တည်ထောင်ခဲ့ပါသည်။ အစပိုင်းကြိုးပမ်းမှုများသည် မျိုးဗီဇ အရင်းအမြစ် များ စုဆောင်းခြင်းနှင့်အကဲဖြတ်ခြင်း (germplasm collection and evaluation) အပေါ် အဓိကထား၍ အပူပိုင်းဒေသ သစ်မြက်များတွင် တွေ့ရလေ့ရှိသော မျိုးရိုးဗီဇအရင်း အမြစ် များ စုဆောင်းခြင်းနှင့် အကဲဖြတ်ခြင်း၊ အထူးသဖြင့် မျိုးရိုးဗီဇနှင့် စားကျက်မြက်/ပဲပင် မျိုးစိတ်များကို ရွေးချယ်ခြင်းအပေါ် အဓိကထားပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတွင် မွေးမြူရေးလုပ်ငန်းသည် အရေးပါသော ကဏ္ဍခွဲ တစ်ခု ဖြစ်ပြီး၊ အထူးသဖြင့် လယ်ယာသုံးခိုင်းနွား၊ ခိုင်းကျွဲများ၏ မရှိမဖြစ်အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားပါက၊ နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) အတွက် သိသိ သာသာ အထောက်အကူပြုလျက်ရှိသည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ တို့နှင့်အတူ အရှေ့တောင်အာရှတွင် အကြီးဆုံးသော စားမြုံ့ပြန် တိရစ္ဆာန် (Ruminant animals) အကောင်ရေကို ထိန်းသိမ်းထားရှိပြီး၊ နွား၊ သိုး၊ ဆိတ် စသည့် အကောင်ရေ သိပ်သည်းမှုများမှာ အထူးသဖြင့် မြေလတ်ပိုင်း အပူပိုင်းဒေသ (Central Dry Zone – CDZ) တွင် အဓိကအားဖြင့် စုစည်းနေသည်။ ထို့အပြင် ကျွဲ အကောင်ရေ အများအပြားကို စစ်ကိုင်း၊ ကချင်နှင့် ရှမ်းဒေသများတွင် မွေးမြူထားရှိသည်။
ဇယား - ၁ မြန်မာနိုင်ငံရှိ ကျွဲ၊ နွား၊ သိုး၊ ဆိတ် အရေအတွက်များ

Source – MoALI (2023) Agriculture in Brief.
ဇယား - ၂ အရှေ့တောင်အာရှနိုင်ငံအချို့၏ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရေအတွက်များ(သန်း) ၂၀၂၄-ခုနှစ်

Source – MoALI (2023) Agriculture in Brief.
ဇယား - ၂ အရှေ့တောင်အာရှနိုင်ငံအချို့၏ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရေအတွက်များ(သန်း) ၂၀၂၄-ခုနှစ်
စားကျက်သီးနှံများစိုက်ပျိုးနည်းစနစ် အမျိုးမျိုး
တစ်ဝက်/တစ်ခြမ်း စနစ်တကျ အမြဲတမ်းစိုက်ပျိုးနည်းစနစ်များ (Semi-Intensive Permanent Systems):
ဤစနစ်များသည် အရိပ်ရသစ်ပင်ကြီးများအောက်တွင် စိုက်ပျိုးသော စားကျက်သီးနှံများအဖြစ်၊ သီးနှံစိုက်ခင်းများ၏ ဘေးအနားတစ် လျှောက် သို့မဟုတ် သီးနှံစိုက်ပျိုးရေး ပုံစံများအတွင်း၌ စားကျက်သီးနှံများကို ပေါင်းစပ်ထည့်သွင်းသည်။
တစ်ဝက်/တစ်ခြမ်း စနစ်တကျ နှစ်ပတ်လည်စနစ်များ (Semi-Intensive Annual Systems):
ဤစနစ်များသည် အဓိက သီးနှံ ရိတ်သိမ်းပြီးနောက် မွေးမြူရေး အစာ အတွက် သီးနှံအကြွင်းအကျန်များကို အသုံးပြုခြင်းကဲ့သို့သော ဒုတိယအဆင့် အစာအရင်းအမြစ်များအပေါ် မှီခိုသည်။ အသေးစိတ်စနစ်တကျ အမြဲတမ်းစိုက်ပျိုးစနစ်များ (Intensive Permanent Systems):
ဤစနစ်များသည် စားကျက်မြက်ခင်းအရင်းအမြစ်များအတွက် ပိုမို ကြီးမားသော ရည်မှန်းချက်ကို ကိုယ်စားပြုပြီး စဉ်ဆက်မပြတ် အရည်အသွေးမြင့် တိရိစ္ဆာန်အာဟာရကို သေချာစေရန်အတွက် အထွက်နှုန်းမြင့်မားသော မြက်ခင်းပြင်များ နှင့် ပရိုတင်းများသော စားကျက်ပဲများကဲ့သို့သော အထူးပြု အခြေခံ စိုက်ပျိုးစနစ်များအပေါ် မှီခိုသည်။ အသေးစိတ်စနစ်တကျ ရေတိုစနစ်များ (Intensive Short-Term Systems): ဤစနစ်များသည် သီးသန့် အစာသီးနှံများကို စိုက်ပျိုးခြင်းအပေါ် အဓိကထားပြီး မကြာခဏဆိုသလို ရေတို သီးနှံအလှည့်ကျစနစ်များကို အသုံးပြုသည်။ (ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References) Bogdan, A.V. (1977) Tropical Pasture and Fodder Plants. Bor, N.L. (1960) The Grasses of Burma, Ceylon, India and Pakistan. Pergamon Press. 767p. Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p. Skerman, P.J. and Riveros, F. (1990) Tropical Grasses. FAO. 832p. Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p. ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်