တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉၊ ၂၀၀၊ ၂၀၁) နှင့်တိရစ္ဆာန်စာပဲမျိုး ရင်းဝင် အပင်ကြီး များ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ စားကျက်ပဲသီးနှံများ၊ ပဲနွယ်ပင်များ စိုက်ပျိုးပြုစုခြင်းအကြောင်း ကို ဆက်လက် ဆွေးနွေးပါမည်။
စားကျက်ပဲမျိုးများကို ရုက္ခဗေဒအမည် အက္ခရာစဉ်အလိုက် ရေးသားတင်ပြပါမည်။
သမပိုင်းစားကျက်ပဲမျိုးများ (Temperate Pasture Legumes)
(ဏ) မက်ဒီကာဂိုအုပ်စု (Medicago L. Group)
တစ်နှစ်ခံ (သို့) နှစ်ရှည်ခံပဲမျိုး ၃ ရွက်မွှာ ရွက်ပေါင်းမျိုး ဖြစ်သည်။ ပန်းပွင့်အရောင်က အဝါ (သို့) အပြာရောင်ဖြစ်သည်။ ထိုအထဲမှ နာမည်ကြီးသောမျိုးမှာ -
(၂၄) လူဆန်/အယ်ဖာဖာ (Lucerne/Alfalfa – Medicago sativa L.) အရေးကြီးသော နှစ်ရှည်ခံ သမပိုင်းဒေသစားကျက်ပဲမျိုး ဖြစ်ပါသည်။ တကမ္ဘာလုံး စိုက်ဧရိယာ ဟက်တာ ၅-သန်းကျော် စိုက်ပျိုးပြီး မြန်မာနိုင်ငံ တောင်ပေါ်ဒေသများ အတွက်စိုက်ပျိုးရန် သင့်တော်သောမျိုးဖြစ်ပါသည်။ နာမည်ကြီးမျိုးများမှာ အမွေးပါပီရူးမျိုး (Hairy Peruvian Cultivar)၊ ဟန်တားမြစ်မျိုး (Hunter River Cultivar)၊ ချောမွေ့ပီရူးမျိုး (Smooth Peruvian Cultivar)၊ ဆလာဒီနာ (Saladina Cultivar) စသည်တို့ဖြစ်ပါသည်။
ပဲအထွက်က တစ်ဟက်တာ ၁၂-၂၅ တန်အထိထွက်နိုင်ပြီး ပရိုတိန်းကြမ်း ၁၄-၂၅ ရာခိုင် နှုန်းအထိ ရရှိနိုင်ပါသည်။

ပုံ - ၁ လူဆန်/အယ်လဖါဖါ အပင်၊ အရွက်၊ အပွင့်များ
(န) တြိုင်ဖိုလီယမ်/ကလိုဗာအုပ်စု (Trifolium L. Clover group) တစ်နှစ် (သို့) နှစ်ရှည်ခံ သမပိုင်းစားကျက်ပဲမျိုးဖြစ်သည်၊ အတောင့်ကတိုပြီး ၁-၁၀ စေ့အထိပါသည်၊ ဤမျိုးစုက မျိုးစိတ် ၃၀၀-ခန့်ရှိသည်။
(၂၅) အီဂျစ်ကလိုဘာ (Egyptian Clover – Trifolium alexandrinum L.) တနှစ်ခံပင် ၁-၃ ပေခန့်အထိရှိသည်။ အီဂျစ်နိုင်ငံ မူရင်းဒေသ ဖြစ်ပြီး အပူလျှော့ပိုင်းဒေသများစွာ စိုက်ပျိုး နိုင်သည်၊ ဘာဆင်းမျိုး (Berseem Cultivar) သည်နာမည်ကြီးသည်။ ဤပဲကို ကြဲပက် (Broadcast)၊ အတန်းလိုက်မျိုးစေ့ချ (Drill) ဆောင်ရွက်လေ့ရှိသည်၊ သီးသန့်ရိုက်ဇို ဘီယမ် (Rhizobium trifolii) ကို အသုံးပြုရမည်။
အစိုထွက် (Fresh Fodder Yield) တဟက်တာ ၃၀-၄၅ တန်အထိထွက်သည်၊ ပရိုတိန်း ကြမ်း ၁၇-၂၃ ရာခိုင်နှုန်းပါဝင်သည်။

ပုံ - ၂ အီဂျစ်ကလိုဘာ အပင်၊ အရွက်၊ အပွင့်များ
(၂၆) ကလိုဗာအနီ (Red Clover – Trifolium pretense L.) သက်တန်းတို ထောင်မတ် သော နှစ်ရှည်ပဲပင်ဖြစ်သည်၊ အပူပိုင်းဒေသတွင် ပေ ၆၀၀၀-အထက်တွင်စိုက်လေ့ရှိသည်။
သမပိုင်းမြက်များနှင့်ပူးတွဲစိုက်ပျိုးနိုင်ပါသည်။

ပုံ - ၃ ကလိုဘာအနီ အပင်၊ အရွက်၊ အပွင့်များ
(၂၇) ကလိုဗာအဖြူ (White Clover – Trifolium repens L.) တွားသွားနှစ်ရှည်ပဲမျိုး (Creeping perennials) ဖြစ်ပြီး သမပိုင်းနိုင်ငံများမှာ တွင်ကျယ်စွာ စိုက်ပျိုးနေပါသည်။

ပုံ - ၄ ကလိုဘာအဖြူ အပင်၊ အရွက်၊ အပွင့်များ
(၂၈) ကင်ညာကလိုဗာအဖြူ (Kenya White Clover – Trifolium semipilosum Fresen.) ကြီးထွားမှုနှေးနှစ်ရှည်ပဲမျိုး (Low-growing perennials) ဖြစ်ပြီး တစ်ပေခန့်ဘဲ အပင်အမြင့်ရှိသည်။ ကဘက်တီ-၄ (Cultivar – Kabete-4) မျိုးသည်နာမည်ကြီးပြီး နောက်ပေါ် ဆာဖာရီ (Cultivar - Safari) မျိုးက ဩစတေလျနိုင်ငံတွင် စိုက်ပျိုးနေပါသည်။ ပင်ခြားဝတ်မှုံကူး (Cross-pollinated Plant) တတ်၍ ပျားမျိုးများ အခင်းဘေးတွင်ရှိရန် လိုအပ်ပါသည်။

ပုံ - ၅ ကင်ညာကလိုဘာအဖြူ အပင်၊ အရွက်၊ အပွင့်များ
(၂၉) ဆပ်တိရန်နီယမ်ကလိုဗာ (Subterranren or SubClover – Trifolium subterraneum L.) ပြန့်နှံ့သွားတတ်သောတနှစ်ခံပင် (Spreading annual plant) ဖြစ်ပြီး တပင်လျှင် ၃-၆ ပွင့် မျိုးအောင်အစေ့ရရှိသောမျိုးဖြစ်ပါသည်။

ပုံ - ၆ ဆပ်တိရန်နီယမ်ကလိုဘာအဖြူ အပင်၊ အရွက်၊ အပွင့်များ
(ပ) ဗီစီယာ-ဗက်ချ်အုပ်စု (Vicia L. Vetch Group) တနှစ်ခံ (သို့) နှစ်ရှည်ခံ သမပိုင်းဒေသစိုက် စားကျက်ပဲမျိုး ဖြစ်သည်၊ ဤမျိုးစုတွင် မျိုးစိတ်ပေါင်း ၁၂၀-ခန့်ပါဝင်ပါသည်။
(၃၀) ပုံမှန်ဗက်ချ် (Common Vetch – Vicia sativa L.) နှာတံ (Tendrils) သော တစ်နှစ်ခံနွယ်တက်ပင် (annual Climbing Plants) ဖြစ်သည်။

ပုံ - ၇ ပုံမှန်ဗက်ချ်အပင်၊ အရွက်၊ အပွင့်များ
(၃၁) ခရမ်းရောင်ဗက်ချ် (Purple Vetch – Vicia benghalensis L.) တနှစ်ခံ၊ ၂-နှစ်ခံ (သို့) သက်တန်းတိုနှစ်ရှည်မျိုးဖြစ်နိုင်သည်၊ ပန်းပွင့်အရောင် ခရမ်းရောင် (Purple) ဖြစ်သည်၊

ပုံ - ၈ ခရမ်းရောင်ဗက်ချ်အပင်၊ အရွက်၊ အပွင့်များ
(အခြားသီးနှံများအကြောင်းဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bogdan, A.V. (1977) Tropical Pasture and Fodder Plants. Longman, London. 475p.
Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.
Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p.
Skerman, P.J.; Cameron, D.G. and Riveros (1988) Tropical Forage Legumes.
FAO. 692p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်