စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပတ်ဝန်းကျင်ပညာ (အပိုင်း - ၁)

30/12/2025 15:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

စိုက်ပျိုးရေးပညာ သင်ကြားရေးအတွက် အခြေခံဘာသာရပ်များဖြစ်သော ရုက္ခဗေဒ (Botany) ထိုမှတစ်ဆင့် အပင်ဇီဝကမ္မဗေဒ (Plant Physiology)၊ အပင်ဂေဟဗေဒ (Plant Ecology) နှင့် ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental Science) တို့ကို လေ့လာ သင်ကြား သင်ယူရင်း ခေတ်မီ ဤပညာရပ်ကို ဆက်လက်လေ့လာ ရအောင်ပါ။

အပင်ဇီဝကမ္မဗေဒ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၈၁၊ ၈၂)  တို့ တွင်၎င်း၊ အပင်ဇီဝဗေဒ (Plant Biology) အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉၇၊ ၉၈)  တို့တွင်၎င်း၊ သီးနှံဇီဝကမ္မဗေဒ (Crop Physiology) အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉၉၊ ၁၁၀၊ ၁၁၆၊ ၁၄၆)  တို့တွင်၎င်း၊ စီးပွားရေး ရာရုက္ခဗေဒ (Economic Botany) အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် စဉ် (၁၅၄၊ ၁၅၅)  တို့တွင်၎င်း၊ ရေးသား ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်၊ 

ထိုဘာသာရပ်များအားလုံးပေါင်းစည်း၍ စိုက်ပျိုးမွေးမြူရေးဆိုင်ရာဂေဟဗေဒ အကြောင်း ကို ဆက်လက် ဆွေးနွေးပါမည်၊ 

စိုက်ပျိုးမွေးမြူရေးဆိုင်ရာပတ်ဝန်းကျင်ပညာ၏အဓိပ္ပာယ်

စိုက်ပျိုးမွေးမြူရေးဆိုင်ရာပတ်ဝန်းကျင်/ဂေဟဗေဒ (Agroecology) ဆိုသည်မှာ ပတ်ဝန်း ကျင်/ဂေဟဗေဒ (Ecology) ၏ အခြေခံအယူအဆများကို စိုက်ပျိုး မွေးမြူ ရေးစနစ်များ တွင် လက်တွေ့အသုံးချ၍ ရေရှည်တည်တံ့နိုင်သော (Sustainable)၊ ရာသီဥတုဒဏ် ခံနိုင်သော (Climate Smart)၊ လူမှုရေးနှင့် စီးပွားရေးအလုံးစုံ (Social and economic Factors) ပါဝင်သည့် စိုက်ပျိုးရေးနှင့် အစားအစာစနစ်များ (Agriculture and Food Systems) ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။

ဤဘာသာရပ်/ပညာရပ်သည်

သဘာဝသိပ္ပံ (Natural Science) ဥပမာ - မြေဆီလွှာ၊ အပင်၊ ပိုးမွှား၊ ပတ်ဝန်းကျင်

လူမှုသိပ္ပံ (Social Science) ဥပမာ - မူဝါဒ၊ စီးပွားရေး၊ ကျေးလက်ဖွံ့ဖြိုးရေး

လက်တွေ့လယ်ယာလုပ်ငန်းအတွေ့အကြုံတို့ကို ပေါင်းစည်းထားသော  ဘာသာရပ် (Interdisciplinary Subject) ဖြစ်ပါသည်။

ပုံ - ၁ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပတ်ဝန်းကျင်သဘောတရားများ

မြေဆီလွှာ (Soil/Landscapes) - ဂေဟဗေဒ၊ ဇီဝနှိမ်နှင်းမှု၊ ပေါင်းများစီမံခန့်ခွဲမှု၊ လယ်ယာသီးနှံ

လူသား (Human/People) - မနုဿဗေဒ၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ကိုအလေးထားသော စီးပွားရေးပညာ

သဘောတရားများ (Concepts/Principles) - မတူကွဲပြားမှု၊ အကျိုးရှိမှု၊ ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ ပြန်လည်အသုံးပြုနိုင်မှု၊ ပူးပေါင်းပါဝင်မှု စသည်တို့စုစည်းထားပါသည်။

ပြည်သူများ၊ တောင်သူများအတွက် အရေးပါသော ဤဘာသာရပ်ဖြစ်ပေါ်လာရခြင်းက -

(က) သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးရေး (Monoculture) တိုးချဲ့မှုရဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု

သီးနှံတစ်မျိုးတည်း အကွက်ကြီးများ ဆက်တိုက် စိုက်ပျိုးရာမှာ မြေဆီလွှာ၊ သစ်တော၊ တိရစ္ဆာန်များတို့အကြား သဘာဝဆက်စပ်မှုတွေ ပိုမို ပြတ်တောက်သွားပြီး ပြန်လည်အသုံးချမှုဆိုင်ရာစနစ် ဥပမာ - အပင်အတွက်လိုအပ်သောဓာတ်ငွေ့၊ ရေ၊ သဘာဝပစ္စည်းများ စသည် (Recycle Processes) တို့ ပိုပြီးကျဆင်းသွားနိုင်ပါသည်။

ပိုးမွှားများနဲ့ ရောဂါများအတွက် အစားအစာ ရရှိနိုင်သော အပင်၊ အရွက်၊ အသီး၊ အပွင့် များက နှစ်စဉ် တစ်မျိုးထည်းဖြစ်နေ၊ ဧရိယာအကြယ်ကြီး ရှိနေလို့ ပိုးမွှား၊ ရောဂါကျ ရောက်မှု အလွန်လွယ်ကူပြီး သဘာဝအကျိုးပြု ပိုးမွှားအဏုဇီဝများ (Beneficial Insects and Microbes) အတွက် နေစရာ၊ စားစရာနည်းပါးသွားနိုင်ပါသည်။ 

ပုံ - ၂ သီးနှံတစ်မျိုးထည်းစိုက်ပျိုးမှု၏အားနည်း၊ အားသာချက်များ

(ခ) စိုက်ပျိုးဓာတုပစ္စည်းများ (Agrochemical) အလွန်အကျွံသုံးစွဲမှု

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးစွဲပမာဏ လွန်လွန်းလာပေမယ့် တကမ္ဘာလုံး၊ နိုင်ငံ အားလုံးနီးပါး လယ်ယာဒေသ များစွာမှာ ပိုးမွှား၊ ရောဂါ၊ ပေါင်းများကြောင့် ဖျက်စီးဆုံးရှုံးမှု ၂၀–၃၀% တောင် မလျော့နည်းဘဲ ရှိနေဆဲ ဖြစ်ပါသည်။ ဓာတုဆေး သုံးစွဲရင်း မူလဇီဝမျိုး ကွဲတွေ လျော့နည်း၊ မကျန်းမာဖြစ်မှု၊ ဇီဝပိုး၊ သတ္တဝါ အချင်းချင်း သတ်ဖြတ်ဖျက်ဆီးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလို အနုတ်လက္ခဏာ အကျိုး ဆက်တွေ အလွန်များ လာပါသည်။ 

ဓာတ်မြေဩဇာများကို အလွန်အကျွံ သို့မဟုတ် ထိန်းသိမ်းမှုမရှိဘဲ အသုံးပြု၍ သောက် သုံးရေသိုလှောင်ကန်တွေ အဆိပ် (Eutrophication) ဖြစ်၊ မြေအောက်ရေအတွင်း နိုက်တြိတ်ဓာတ် (Nitrate) မြင့်တက်ပြီး လူသားများ ကျန်းမာရေးချို့တဲ့စေခြင်း၊ မြေဧရိယာ အတော် များ များ ဆားပေါက်၊ အချဉ်ပေါက် (Salinization/Acidification) ခြင်းများ ဖြစ်စေပါသည်။ 

ပုံ - ၃ ဓာတုဆေး၊ ဓာတ်မြေဩဇာများ၏အားနည်းချက်များ

(ဂ) ပြုပြင်ထားသောဗီဇ/ဇီဝနည်းပညာ (GMO/ Biotechnology) ပြဿနာများ

ကမ္ဘာကြီးတွင် ဇီဝနည်းပညာ (Biotechnology) ကို “နောက်ဆုံးပေါ်နည်းပညာ” ကဲ့သို့ စိုက်ပျိုးရေးမှာ ပိုမိုရေရှည် ဖြေရှင်းမယ်လို့ ကြော်ငြာသော်လည်း လက်တွေ့မှာ ကုမ္ပဏီ ကြီးတွေ ထိန်းချုပ်လို့ ပိုပြီး  ဗဟိုပြုစနစ်ကို ခိုင်မာစေပြီး သဘာဝအန္တရာယ်အသစ်တွေ တိုးပွားစေတယ်လို့ သတိပေးထားပါသည်။ ဥပမာ - ဗီဇပြောင်းသီးနှံ (Bt crops) ကဲ့သို့ သက်ရောက်မှု တစ်မျိုး တည်းအပေါ် မူတည်သည့် ဗီဇပြောင်း-GM စိုက်ပျိုးခင်းတွေက ပိုးမွှား၊ ရောဂါ ဒါဏ်ခံ နိုင်ရည်ဖြစ်လွယ်၊ ဆိုးဝါးပေါင်းပင်များ (super weeds) ပိုများ လာ လို့ ပိုမို ပေါင်းသတ်ဆေး အားကိုးရအောင် စနစ်ထဲမှာ ပိုနက်ရောက်စေပါသည်။ 

ပြဿနာက သီးသန့် နည်းပညာတစ်ခုတည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘဲ စိုက်ပျိုးရေးစနစ် ဖွဲ့စည်း တည်ဆောက်ပုံ၊ နိုင်ငံရေး–စီးပွားရေးမူဝါဒ၊ အာဏာပိုင်လုပ်ငန်းအဖွဲ့အစည်းတွေ ရဲ့ တာဝန်နဲ့ ချိတ်ဆက်နေတယ်လို့ သတ်မှတ်ထားပါသည်။ တောင်သူလုပ်ကွက်ငယ် သေးသေး၊ သီးနှံမျိုးစုံမစိုက်ပျိုးမှု၊ လယ်ယာပေါ်မူတည်မနေသည့် စီးပွားရေးမူဝါဒ၊ လယ် သမား–လယ်ယာသိုလှောင်အရင်းအမြစ်များကို အခွင့်အလမ်းပေးတဲ့ စနစ်တွေနဲ့ ပူးပေါင်း ပြောင်းလဲဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပါသည်။ 

ပုံ - ၄ ဗီဇပြောင်းသီးနှံများ၏ အားသာ၊ အားနည်းချက်များ

(ဃ) အလှည့်ကျလယ်ယာနည်းပညာများ (Alternatives Farming Systems)

အနာဂတ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် သင့်တော်လွယ်ကူသော၊ ကုန်ကျ စရိတ်နဲပါးသော နည်းပညာတွေထဲမှာ

သီးနှံအလှည့်ကျစိုက်ပျိုးခြင်း (Crop rotation)၊ မြေဖုံးသီးနှံစိုက်ပျိုးခြင်း (Cover crops)၊ သီးညှပ်စိုက်ပျိုးခြင်း (Intercropping, Strip/Double cropping)၊ တိရိစ္ဆာန်–အပင်/စိုက် ပျိုးမြေ ပေါင်းစပ်စနစ်များ (Mixed crop–livestock systems) တို့ကို အသုံးချ ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး မြေဆီလွှာ ပျက်စီးမှုလည်း မဖြစ်စေပါ။ 

ဤကဲ့သို့ စုပေါင်းလယ်ယာနည်းစနစ် (Diversified Agroecosystems) တွေက အပင် အတွက် လိုအပ်သော ဩဂဲနစ်၊ အဟာရဓာတ်များပြန်လည် အသုံးပြုနိုင်မှု (Nutrient/ Organic Matter Recycling) ကောင်းမွန်စေပါသည်၊ ဖျက်ပိုးများကို နှိမ်နှင်းပေးသော  သဘာဝအကျိုးပြုပိုးမွှားများ (Pest-natural Enemy/Beneficial Insects) က ဖျက်ပိုး အချိုးအစား ထိန်းသိမ်းပြီး ပိုးသတ်ဆေးလိုအပ်ချက် လျော့နည်းစေပါသည်၊ မြေ၊ ရေ ထိန်းသိမ်းမှု မြှင့်တင်ပြီး ရေရှည် သီးနှံထွက်ရှိမှု (Sustainable Yield) ကို တည်ငြိမ် စေပါသည်။ 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) မှ သတ်မှတ်ထားသော စိုက်ပျိုးရေးဆိုင်ရာပတ်ဝန်းကျင် ပညာ၏ အခြေခံအချက်အလက် (10 Elements of Agroecology) (FAO – Food and Agriculture Organization)

(က) မျိုးစုံလင်မှု (Diversity)

အပင်၊ တိရစ္ဆာန်၊ မျိုးဗီဇနှင့် ဂေဟစနစ်အဆင့်များတွင် မျိုးစုံလင်မှုကို မြှင့်တင်ခြင်းဖြင့် စိုက်ပျိုးရေးစနစ်၏ တည်တံ့ခိုင်မြဲမှုနှင့် ထုတ်လုပ်နိုင်စွမ်းကို တိုးတက်စေပါသည်။

(ဥပမာ – အပင်မျိုးစုံစိုက်ခြင်း၊ အပင်စုပေါင်းစိုက်ပျိုးခြင်း၊ သီးနှံ၊ သစ်တော–လယ်ယာ စနစ်)

(ခ) အသိပညာ ပူးပေါင်းဖန်တီးခြင်းနှင့် ဗဟုသုတမျှဝေခြင်း (Co-creation and Sharing of Knowledge)

သုတေသနပညာရပ်နှင့် လယ်သမားများ၏ ဒေသအလိုက် အတွေ့အကြုံ၊ ရိုးရာ အသိ ပညာများကို ပူးပေါင်းအသုံးချခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပါသည်။

(ဂ) အပြန်အလှန်အကျိုးကျေးဇူးပြုခြင်း (Synergies)

အပင်၊ တိရစ္ဆာန်၊ မြေဆီလွှာ၊ မြေဆီဩဇာနှင့် အနုဇီဝပိုးများကြားရှိ အပြန်အလှန် အကျိုး သက်ရောက်မှုများကို အသုံးချကာ သဘာဝလုပ်ငန်းစဉ်များကို အားပေးမြှင့်တင် ပေးပါ သည်။

(ဃ) ထိရောက်မှုရှိခြင်း (Efficiency)

ရေ၊ မြေဆီဩဇာ၊ သဘာဝစွမ်းအင်တို့ကို ထိရောက်စွာ အသုံးပြုပြီး ဓာတုပစ္စည်းများနှင့် ဓာတုဆေး သွင်းအားစု (Input) များအပေါ် မှီခိုမှုကို လျှော့ချပေးပါသည်။

(င) ပြန်လည်အသုံးချနိုင်ခြင်း (Recycling)

စိုက်ပျိုးပင်အကြွင်းအကျန်များ (Crop Residue)၊ တိရစ္ဆာန်အညစ်အကြေး (Animal Manure)၊ မြေဆွေး (Compost) စသည် တို့ကို ပြန်လည်အသုံးချကာ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် စက်ဝိုင်းကို လည်ပတ်စေပြီး မြေဆီလွှာကို ကောင်းမွန်စေပါသည်။

(စ) ကြံ့ကြံ့ခံနိုင်၊ ပြန်လည်တည်တံ့နိုင်စွမ်းရှိခြင်း (Resilience)

ရာသီဥတုပြောင်းလဲမှု (Climate Change)၊ ပိုးမွှားရောဂါများ (Pests and Diseases) နှင့် စီးပွားရေးဒဏ် (Economic shock) အန္တရာယ်များကို ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးစနစ် များကို ဖော်ဆောင်ပေးပါသည်။

(ဆ) လူမှုရေး၊ လူ့တန်ဖိုးများအလေးထားခြင်း (Human and Social Values)

တောင်သူလယ်သမားများ၏ လူ့ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှု၊ အမျိုးသမီးများ ပါဝင်နိုင် မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ကောင်းမွန်ရေးကို အားပေးထောက်ခံပေးပါ သည်။

(ဇ) ယဉ်ကျေးမှုနှင့် အစားအစာရိုးရာများဦးစားပေးခြင်း (Culture and Food Tradition)

ဒေသအလိုက် ယဉ်ကျေးမှု၊ ရိုးရာအစားအစာများနှင့် လူမှုဘဝနှင့်ကိုက်ညီသော စား သောက်မှု ပုံစံများကို ထိန်းသိမ်းအားပေးပါသည်။

(ဈ) တာဝန်ခံအုပ်ချုပ်ရေးရှိခြင်း (Responsible Governance)

မြေဆီလွှာ၊ မြေယာစနစ်၊ ရေ၊ မျိုးစေ့နှင့် သဘာဝအရင်းအမြစ်များကို တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင် သာသော အုပ်ချုပ်မှုစနစ်ဖြင့် စီမံခန့်ခွဲပေးပါသည်။

(ည) လူမှုအကျိုးစီးပွား စီးပွားရေးစက်ဝန်းကိုအားပေးခြင်း (Circular and Solidarity Economy)

ဒေသအခြေပြု စျေးကွက်များ၊ တိုတောင်းသော တန်ဖိုးကွင်းဆက်များနှင့် လူမှုအကျိုးပြု စီးပွားရေးစနစ်များကို ဖော်ဆောင်အားပေးပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Altieri, M.A. (1995) Agroecology: The Science of Sustainable Agriculture, Westview Press. 448p.

Altieri, M.A. and Nicholls, C.I. (2005) Agroecology and The Search for a truly sustainable agriculture. UNEP. 291p.

Gliessman, S.R. (1998) Agroecology: Ecological Processes in Sustainable Agriculture, Ann Arbor Press.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်