စိုက်ပျိုးရေးပညာ သင်ကြားရေးအတွက် အခြေခံဘာသာရပ်များဖြစ်သော ရုက္ခဗေဒ (Botany) ထိုမှတစ်ဆင့် အပင်ဇီဝကမ္မဗေဒ (Plant Physiology)၊ အပင်ဂေဟဗေဒ (Plant Ecology) နှင့် ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental Science) တို့ကို လေ့ လာ သင်ကြား၊ သင်ယူရင်း ခေတ်မှီ ဤပညာရပ်ကို ဆက်လက်လေ့လာ ရအောင်ပါ၊
စိုက်ပျိုးရေးတွင် အပင်ဂေဟဗေဒ၏ အရေးကြီးပုံ (The Role of Plant Ecology in Agriculture)
အပင်ဂေဟဗေဒ (Plant Ecology) သည် အပင်များနှင့် ပတ်ဝန်းကျင် (Plant and Environment) ကြား ဆက်နွှယ်မှုများကို လေ့လာသည့် ပညာရပ်ဖြစ်ပြီး၊ စိုက်ပျိုးရေး ၏ တည်တံ့ခိုင်မြဲမှု၊ ထိရောက်မှုနှင့် သဘာဝအလျောက် စီမံခန့်ခွဲမှု အတွက် အလွန် အရေးကြီးပါသည်။
၁️။ သင့်လျော်သော သီးနှံရွေးချယ်နိုင်စေခြင်း
အပင်ဂေဟဗေဒအရ မြေဆီလွှာအမျိုးအစား၊ မိုးရေချိန်၊ အပူချိန်၊ အလင်းရောင်တို့နှင့် ကိုက်ညီသော သီးနှံများကို ရွေးချယ်နိုင်စေပြီး သီးနှံများ အထွက်နှုန်း တိုးတက်စေပါသည်။
၂️။ သဘာဝအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ခြင်း
ရေ၊ အာဟာရဓာတ်၊ နေရောင်ခြည်တို့ကို အပင်များ မည်သို့အသုံးချနိုင်သလဲကို နားလည်ခြင်းအားဖြင့် ရေချွေတာနိုင်ခြင်း၊ ဓာတ်မြေသြဇာလျော့သုံးနိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။
၃️။ ပေါင်းပင်များကို သဘာဝနည်းလမ်းဖြင့် ထိန်းချုပ်နိုင်ခြင်း
အပင်များအကြား ယှဉ်ပြိုင်မှု (Competition) ကို နားလည်ခြင်းကြောင့် ပေါင်းပင်များက သီးနှံပင်အပေါ် လွမ်းမိုးမှုကို လျှော့ချနိုင်ခြင်း၊ ဓာတုပေါင်းသတ်ဆေး (Chemical herbicide/Weedicide) အသုံးပြုမှု လျော့နည်းစေခြင်း တို့ကို ဆောင်ရွက်နိုင်ပါသည်။
၄️။ ပိုးမွှားနှင့် ရောဂါများကို စနစ်တကျ ထိန်းချုပ်နိုင်ခြင်း
အပင်ဂေဟဗေဒသည် သီးနှံ၊ ပိုးမွှား၊ အသုံးဝင်သော သက်ရှိများ အကြားဆက်နွှယ်မှုကို ဖော်ပြပေးပြီး ဘက်စုံပိုးမွားရောဂါကာကွယ်ရေး (Integrated Pest Management - IPM) ကို အထောက်အကူပြုပါသည်။
၅️၊ မြေဆီလွှာကောင်းမွန်မှုကို မြှင့်တင်နိုင်ခြင်း
အပင်နှင့် မြေဆီလွှာ ဆက်နွှယ်စေမှု၊ အမြစ်စနစ် (Root System)၊ အနုဇီဝပိုးများ (Micro-Organisms) အကြောင်းကို နားလည်ခြင်းအားဖြင့် မြေဆီလွှာ အာဟာရဓာတ်မြင့်မားမှု၊ အာဟာရ တည်တံ့မှု တိုးတက်စေပါသည်။
၆။ သီးနှံမျိုးစုံ အသုံးပြုနိုင်ခြင်း (Biodiversity)
အပင်မျိုးစုံပါဝင်သည့် လယ်ယာစနစ်များ (Diversified Farming System) က ပိုးမွှား ရောဂါခံနိုင်ရည် မြင့်တက်စေခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး စနစ်တည် ငြိမ်မှု ပိုမိုကောင်းမွန်စေခြင်း တို့ကို ဖြစ်စေပါသည်။
၇️။ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်နိုင်ခြင်း (Climate Change)
အပင်ဂေဟဗေဒအရ မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ ရာသီဥတုမမှန်ခြင်း များ အပေါ် သီးနှံများ၏ တုံ့ပြန်မှုကို နားလည်နိုင်ပြီး ပြောင်းလြနေသောရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေသော စိုက်ပျိုးရေး (Climate-Smart Agriculture) အတွက် အရေးပါပါသည်။
၈️။ စိုက်ပျိုးရေးဆိုင်ရာပတ်ဝန်းကျင်ပညာ နှင့် အပင်ဂေဟဗေဒ တိုက်ရိုက်ဆက်နွှယ်မှု
အပင်ဂေဟဗေဒ (Plant Ecology) သည် စိုက်ပျိုးရေးဆိုင်ရာပတ်ဝန်းကျင်ပညာ (Agroecology) ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သဘာဝစနစ်အခြေခံ စိုက်ပျိုးရေး၊ လယ်ယာ ပတ်ဝန်းကျင် တည်တံ့ခိုင်မြဲမှု၊ လယ်သမားနှင့် သဘာဝ အကျိုးတူဖြစ်ထွန်းမှု တို့ကို အထောက် အကူပြုပါသည်။

ပုံ - ၁ စိုက်ပျိုးရေးတွင် အပင်ဂေဟဗေဒ၏အရေးပါမှု
စိုက်ပျိုးရေးတွင် ပတ်ဝန်းကျင်သိပ္ပံ၏ အရေးပါမှု (Importance of Environmental Science in Agriculture)
ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental Science) သည် ခေတ်မှီစိုက်ပျိုးရေး အတွက် အလွန်အရေးပါသော သိပ္ပံပညာတစ်ရပ်ဖြစ်ပြီး၊ အပင်များ၊ တိရစ္ဆာန်များ၊ မြေဆီလွှာ၊ ရေ၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်စနစ်များ အချင်းချင်း ဆက်နွယ်မှုကို နားလည်စေရန် ကူညီပေးပါသည်။ စိုက်ပျိုးရေးတွင်ပတ်ဝန်းကျင်သိပ္ပံကို အသုံးချလေ့လာခြင်းဖြင့် ရေရှည် တည်တံ့သော အစားအစာထုတ်လုပ်မှု (Sustainable Food Production)၊ သဘာဝ အ ရင်းအမြစ်များထိန်းသိမ်းမှု (Natural Resources Conservation) နှင့်ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိသော စနစ်များ (Climate Change Resilience) ကို ဖော်ဆောင်နိုင်ပါသည်။
(က) သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ခြင်း (Sustainable Use of Natural Resources)
ပတ်ဝန်းကျင်သိပ္ပံသည် အောက်ပါအရင်းအမြစ်များကို ထိရောက်စွာ အသုံးချရန် လမ်းညွှန်ပေးပါသည်။
မြေဆီလွှာ (Soil) ဥပမာ - မြေဆီလွှာတိုက်စားပျက်စီးခြင်း (Soil Erosion)၊ မြေဆီလွှာ အဟာရဓာတ်များဆုံးရှုံးခြင်း (Nutrient Depletion) ကို ကာကွယ်ခြင်း)
ရေ (Water) ဥပမာ - ရေသုံးစွဲမှု ထိရောက်စေရန်၊ ရေမပြုန်းတီးစေရန်
ဇီဝမျိုးစုံမှု (Biodiversity) ဥပမာ - အကျိုးပြု သဘာဝသက်ရှိများ (Beneficial Micro-organisms) ဝတ်မှုကူးအင်းဆက်များ - ပျား (Pollinators - Bees)၊ မြေဆီလွှာ အဏုဇီဝ များ (Soil Microbes) ကို ထိန်းသိမ်းခြင်း
ဤအကြောင်းအရာများကြောင့် အနာဂတ်မျိုးဆက်များ (Future Generations) အတွက် သဘာဝအရင်းအမြစ်များ မပျက်စီးစေရန် ဤပညာ၊ ဘာသာရပ်က အထောက်အကူ ပြုပါသည်။
(ခ) မြေဆီလွှာကျန်းမာရေးနှင့် မြေဆီလွှာဓာတ်အင်အား စီမံခန့်ခွဲမှု (Soil Health and Fertility Management)
ပတ်ဝန်းကျင်သိပ္ပံဘာသာအရ
မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဆိုင်ရာ၊ ဇီဝဆိုင်ရာ လက္ခဏာများကို နားလည် စေပါ သည်၊ မြေဆီလွှာအော်ဂဲနစ်ပစ္စည်းများ တိုးတက်စေပါသည်၊ မြေဖုံးအုပ်စိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်းသိမ်းရေးနည်းလမ်းများဖြင့် မြေဆီလွှာပျက်စီးမှုကို လျော့နည်းစေပါသည်
ကောင်းမွန်သန့်ရှင်းသောမြေဆီလွှာသည် သီးနှံအထွက်နှုန်း မြင့်မားစေပြီး ဓာတ်မြေဩဇာအသုံးပြုမှုကိုလည်း လျော့နည်းစေပါသည်။
(ဂ) ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေ ခံနိုင်ရည်ရှိခြင်း (Climate Change Adaptation and Mitigation)
စိုက်ပျိုးရေးသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို ခံရသလို၊ သင့်တော်မှု မရှိ သော စိုက်ပျိုးရေးစနစ်များကြောင့် ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေသော အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါသည်။ ပတ်ဝန်းကျင်သိပ္ပံသည်–
ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သီးနှံများ ရရှိရေး၊ စိုက်ပျိုးရေးမှ ထွက်ပေါ်သော ဖန်လုံအိမ် ဓာတ်ငွေ့၊ အပူချိန်တိုးစေသော ဓာတ်ငွေ့များ လျော့နည်းစေခြင်း၊ သီးနှံ သစ်တောစိုက်ပျိုးရေး၊ ထိန်းသိမ်းစိုက်ပျိုးရေး စနစ်များ ဖော်ဆောင်ခြင်း တို့ကို ကူညီပေးပါသည်။
(ဃ) ရေစီမံခန့်ခွဲမှုနှင့် ရေထုအရည်အသွေး ထိန်းသိမ်းမှု (Water Quality and Management)
ပတ်ဝန်းကျင်မပျက်စီးအောင် ထိမ်းသိမ်းမှု (Environmental Conservation) သည်– ဥပမာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများကြောင့် ရေညစ်ညမ်းမှုကို ကာကွယ်ပေးခြင်း၊ မြေအောက်ရေ (Ground Water) စနစ်တကျ စီမံခန့်ခွဲခြင်း၊ မြေပေါ်ရှိ ရေအရင်းအ မြစ်များ (Surface Water Resources) ကို ထိရောက်စွာ အသုံးချခြင်း တို့အတွက် အရေးပါပါသည်။
စိုက်ပျိုးရေးဆိုင်ရာပတ်ဝန်းကျင်ပညာ (Agroecology Subjects) အထူးပြုဘာသာရပ်အတွက် လိုအပ်နေသော၊ ဆက်စပ်ဘာသာရပ်များ
(၁) အစားအစာထုတ်လုပ်မှုမိတ်ဆက် (Introduction to Food Systems)
(၂) စိုက်ပျိုးမွေးမြူရေးအပေါ် လူမှုရေးသိပ္ပံနှင့်ပတ်ဝန်းကျင်ဆိုင်ရာရှုဒေါင့် (Social Science and Ecological Perspectives in Agriculture)
(၃) ဒေသ၊ တိုင်းရင်းသားများ အစားအစာထုတ်လုပ်မှုစနစ် (Indeginous Food Systems Perspectives and Practices)
(၄) စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒသဘောတရားများ (Principles of Agroecology)
(၅) စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒဆိုင်ရာသီးနှံကာကွယ်ရေး (Agroecological Crop Protection)
(၆) သီးနှံမျိုးစုံအကြောင်း (Crop Diversification)
(၇) ဆေးဝါးဆိုင်ရာစိုက်ပျိုးမွေးမြူရေးဂေဟဗေဒ (Medicinal Agroecology)

ပုံ - ၂ နှစ်အလိုက် စိုက်ပျိုးမွေးမြူရေးပြုပြင်ပြောင်းလဲမှု
ဘီစီ ၁၀၀၀၀ - ဝမ်းစာဖူလုံစိုက်ပျိုးရေးစနစ် (Subsistence Agriculture)
၁၈၅၀ - သမရိုးကျစိုက်ပျိုးရေးစနစ် (Traditional/Input Agriculture)
၁၉၆၀ - အစိမ်းရောင်တော်လှန်ရေး ၁.၀ (Green Revolution 1.0)
၁၉၈၀ - ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သော စိုက်ပျိုးမွေးမြူရေး (Conservation Agriculture)
၂၀၀၀ - အစိမ်းရောင်တော်လှန်ရေး ၂.၀ (Green Revolution 2.0)
ယခု - ဩဂဲနစ်၊ ပြန်လည်ပြည့်ဖြိုးစွမ်းအင်စိုက်ပျိုးမွေးမြူရေး (Organic and Regenerative Agriculture)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Gurevitch, J. (2020) The Ecology of Plants. Oxford University Press. 464p.
Altieri, M.A. (1995) Agroecology: The Science of Sustainable Agriculture, Westview Press. 448p.
Altieri, M.A. and Nicholls, C.I. (2005) Agroecology and The Search for a truly sustainable agriculture. UNEP. 291p.
Gliessman, S.R. (1998) Agroecology: Ecological Processes in Sustainable Agriculture, Ann Arbor Press.
Mendes, V.E.; Bacon, C.M.; Cohen, R. and Gliessman, S.R. (2016) Agroecology: A Transdisciplinary, Participatory and Action-oriented Approach. CRC Press. 282p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်