ဩစတေးလျနိုင်ငံသည် မိုးမမှန်ခြင်း/မိုးခေါင်ခြင်း (Drought)၊ မြေဆီလွှာအာဟာရ နည်းပါးခြင်း (Poor Soils)၊ ရာသီဥတု ပြောင်းလဲမှုများ (Climate variability) ကဲ့သို့ သဘာဝ အခက်အခဲများ (Harsh Natural Constraints) ရှိသော်လည်း နည်းပညာ အဆင့်မြင့်၊ ထုတ်ကုန်တင်ပို့မှုကို အခြေခံထားသော စိုက်ပျိုးရေးစနစ် (The most advanced, export-oriented, and technology-driven agricultural systems in the world) ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါသည်။
အဓိက လက္ခဏာများ (Key Characteristics)
- စက်မှုနည်းပညာအလွန်မြင့်သော စိုက်ပျိုးမွေးမြူရေးစနစ်ရှိခြင်း (Highly-Mechanized Farming)
- စိုက်ခင်းအရွယ်အစားကြီးမားမှုဖြစ်ခြင်း (Large-scale Farm Sizes)
- သုတေသနနှင့် နည်းပညာအပေါ်အခြေခံမှုရှိခြင်း (Strong integration of agricultural research on Science, Technology and Policy)
- ပြည်ပတင်ပို့မှုကို အဓိကထားသော စနစ်ဖြစ်ခြင်း (Export-focused production) တို့က ဩစတေလျနိုင်ငံ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရခြင်း အဓိကလက္ခဏာများ ဖြစ်ပါသည်။
ဩစတေလျနိုင်ငံ၏အဓိက စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ
(က) သီးနှံစိုက်ပျိုးရေး
(က-၁) ဂျုံ (Wheat – Triticum aestivum)
ဩစတေးလျနိုင်ငံသည် ကမ္ဘာ့အဆင့် ဂျုံထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံကြီးများ (One of World Wheat Exporting countries) ထဲမှ တစ်နိုင်ငံ ဖြစ်ပြီး အနာဂတ်တွင်လည်း ဂျုံစိုက်ပျိုးရေး အလားအလာများမှာ အလွန်ကောင်းမွန်နေဆဲ ဖြစ်ပါသည်။ ဩစတေလျနိုင်ငံတွင် ဂျုံစိုက်ပျိုးရန် သင့်လျော်သော မြေပြန့်ယာမြေများ များစွာ ကျန်ရှိနေပါသေးသည်။
အနောက်ဩစတေးလျပြည်နယ် (Western Australia)၊ နယူးဆောက်ဝေး ပြည်နယ် (New South Wales)၊ ဝိတိုရိယပြည်နယ် (Victoria) စသည့် ဒေသများတွင် မိုးအခြေ အနေသင့်တော်ခြင်း၊ ဆောင်းရာသီဂျုံ (Winter wheat) စိုက်ပျိုးရန် အထူးသင့်တော်ခြင်း၊ အပူချိန်ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိသော မျိုးကွဲများ ဖွံ့ဖြိုးလာခြင်းနှင့် ရာသီဥတု ဆိုးဝါးသောကြောင့် ဂျုံထွက်လျော့ကြခြင်း အန္တရာယ်ကို လျော့နည်းစေနိုင် ပါသည်။
ဩစတေးလျတက္ကသိုလ်နှင့် သုတေသနဌာန (Australian Universities & Research Institutes) များမှ ရေငတ်ဒဏ်ခံနိုင်သော ဂျုံမျိုးကွဲများ (Drought Tolerant)၊ ရောဂါဒဏ်ခံနိုင်သော ဂျုံမျိုးကွဲများ (Disease Resistant)၊ အရည်အသွေးမြင့် ဂျုံမျိုးကွဲများ (Protein quality) ကိုဆက်လက်မျိုးမွေးထုတ်ပေး (Wheat Breeding) နေပါသည်။ ထိုအချက်သည် ပြည်တွင်းဂျုံအသုံးပြုမှုသာမက ဂျုံပို့ကုန် (Wheat Export) အတွက်ပါ အားသာချက် ဖြစ်လာပါသည်။ ဩစတေးလျဂျုံသည် အာရှနိုင်ငံများ (အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်)၊ အရှေ့အလယ်ပိုင်းဒေသများသို့ အဓိက တင်ပို့နေပါသည်။ ကမ္ဘာ့အစားအစာ လိုအပ်ချက် တိုးတက်လာမှုကြောင့် ဂျုံလိုအပ်ချက်လည်း ဆက်လက်တိုး မြင့်လာပါမည်။ ထို့ကြောင့် ရေရှည် ပို့ကုန်စျေးကွက် အလားအလာ ကောင်းမွန်ပါသည်။

ပုံ - ၁ ဩစတေးလျပြည်နယ်အလိုက်ထိပ်တန်းဆောင်းသီးနှံ ၃-မျိုးအထွက် (၂၀၂၁)
၂၀၂၅-ခုနှစ်အတွက် ဩစတေးလျဂျုံအထွက်မှာ ၃၀.၆-၃၆.၈ တန်သန်းပေါင်းရရှိနိုင်ပြီး နိုင်ငံခြားသို့ ဂျုံနှင့်ဂျုံထွက် ပစ္စည်း ၂၄.၅ တန်သန်းပို့ပါမည်။
(က-၂) ဘာလီ (Barley – Hordeum vulgare)
ဩစတေးလျနိုင်ငံသည် ကမ္ဘာ့အဆင့် ဘာလီထုတ်လုပ်မှုနှင့် ပို့ကုန်အများဆုံးပို့သောနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ဂျုံပြီးလျှင် ဒုတိယအရေးကြီးဆုံး ဆောင်းရာသီသီးနှံ (Second most important winter crops) အဖြစ် ဘာလီကို စိုက်ပျိုးလျက်ရှိပါသည်။
ဘာလီ/မုယောစပါး သည် အပူချိန်အနည်းငယ်နည်းသော ဒေသများ၊ မိုးရေမများလွန်းသည့် ဒေသတွင် ကောင်းစွာ ကြီးထွားနိုင်သော သီးနှံဖြစ်ပါသည်၊ အနောက်ဩစတေလျ၊ တောင် ဩစတေလျ၊ ဝိတိုရိယ၊ နယူးဆောက်ဝေးလ် ပြည်နယ်များသည် ဘာလီ အဓိက စိုက်ပျိုး ဒေသများ ဖြစ်ပါသည်။ ဘာလီသည် ဂျုံထက် ရာသီဥတုဒဏ် ပိုခံနိုင်ရည်ရှိခြင်း ကြောင့် ရာသီဥတုပြောင်းလဲမှုရှိလာသော အနာဂတ်တွင် အလားအလာ ပိုမိုကောင်းမွန်ပါသည်။ ဩစတေလျတွင် စိုက်ပျိုးသော ဘာလီကို မော်လ့်ဘာလီ (Malting Barley) – ဘီယာ၊ ဝိုင်လုပ်ငန်းများအတွက် မုယောစပါး၊ တိရစ္ဆာန်အစာအတွက် ဘာလီ (Feed Barley)၊ လူသုံးအစားအစာ များအတွက် ဘာလီ (Food Barley) အသုံးပြုနိုင်ခြင်းကြောင့် စျေးကွက်လိုအပ်ချက် အမျိုးမျိုးရှိပြီး ရောင်းဝယ်ရေး ဈေးကွက်တွင်ကျယ်ပါသည်။

ပုံ - ၂ ဩစတေလျနိုင်ငံတွင်ဘာလီ/မုယောစပါးရိတ်သိမ်းနေပုံ
(က-၃) ကနိုလာဆီမုံညင်း (Canola/Rapeseed – Brassica napus L.)
၂၀၂၅–၂၀၂၆ စိုက်ပျိုးရာသီတွင် ဩစတေးလျနိုင်ငံ၏ ကန်နိုလာ/မုံညင်းဆီ ထုတ်လုပ်မှုကို ခန့်မှန်းအား ဖြင့် တန်ချိန် ၅.၇ သန်း ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ ယခင် နှစ်များနှင့် နှိုင်းယှဉ်ပါက မိုးခေါင်မှု၊ မြေထုအစိုဓာတ်လျော့နည်းမှု၊ စိုက်ဧရိယာ လျော့နည်းမှု တို့ကြောင့် ထုတ်လုပ်မှုအနည်း ငယ် လျော့ကျလာပါသည်။ စုစုပေါင်း စိုက် ဧရိယာမှာ ဟက်တာ ၃.၄ သန်းခန့် ဖြစ်ပါသည်။
အနောက်ဩစတေးလျပြည်နယ် (Western Australia – WA) သည် အဓိက ကန်နိုလာ ထုတ်လုပ်ရေးဒေသဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးထုတ်လုပ်မှု၏ ၅၀% ကျော်ကို စိုက်ပျိုးထုတ် လုပ်ပေးနေပါသည်။ ဆီအရည်အသွေး (Quality of Oil Content) ကောင်းမွန်မှုကြောင့် ကမ္ဘာ့စျေးကွက်တွင် ယုံကြည်မှုမြင့်မားပါသည်။ ထုတ်လုပ်မှုကို ထိခိုက်စေသော အချက် များမှာ မိုးခေါင်မှုနှင့် မိုးရာသီ မမှန်ကန်ခြင်း (Drought)၊ မြေဆီလွှာအစိုဓာတ် နည်းပါးမှု (Low Soil Moisture Content)၊ ရာသီဥတု မတည်ငြိမ်မှု (Climate variability) တို့ဖြစ် ပါသည်၊

ပုံ - ၃ ဩစတေလျနိုင်ငံရှိဆီမုံညင်းခင်း
(က-၄) ပဲမျိုးစုံ - ကုလားပဲ၊ ပဲနီလေး (Chickpea, Lentil)
ဩစတေးလျနိုင်ငံ၏ ကုလားပဲ (Gram/Chick Pea – Cicer arietinum) ထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်း အလွန်မြင့်မားလာပါသည်။ ၂၀၂၄-၂၅ စိုက်ပျိုးရေးရာသီ တွင် ကုလားပဲ ထုတ်လုပ်မှု ~၂.၂၇ မီလီယံတန် (မှတ်တမ်းအရ အများဆုံး) အထိရှိနေပါသည်၊
၂၀၂၄ အောက်တိုဘာလမှ (၁ နှစ်) အတွင်း ကုလားပဲ တင်ပို့မှု ~2.1 မီလီယံ တန်နှင့် ဩစတေးလျ၏ သမိုင်းတလျှောက် အများဆုံး တင်ပို့မှု ဖြစ်ပါသည်။
ပဲနီလေး/ပဲရာဇာ (Lentil – Lens culinaris (formerly Lens esculenta)) သည် ပဲမျိုးစုံ (Legume / Pulse crop) အုပ်စုဝင် စိုက်ပျိုးသီးနှံတစ်မျိုးဖြစ်ပြီး လူစားသုံးရန်အတွက် အဓိက စိုက်ပျိုးကြပါသည်။ အာဟာရရှု့ဒေါင့်အရ ပရိုတိန်းဓာတ် မြင့်မားပြီး အမျှင်ဓာတ် (Dietary fibre) များစွာပါဝင်ပါသည်၊ စိုက်ပျိုးရေးအရ မြေဆီလွှာအတွင်း နိုက်ထရိုဂျင် (Nitrogen) ကို လေထဲမှဖမ်းယူပေးနိုင်သော သီးနှံ ဖြစ်ပြီး ဂျုံ၊ ဘာလီ စသည့် နှံစား သီးနှံများနှင့် သီးလှည့်လည်စိုက်ပျိုး (Crop rotation) ရန် အလွန်အသုံးဝင်ပါသည်။ ဩစတေးလျတွင် အနီရောင်ပဲ (Red Lentil) ကို အများဆုံး စိုက်ပျိုးကြပြီး အစိမ်းရောင် နှင့် အခြားမျိုးများ (Other Cultivars) ကိုလည်း ဈေးကွက်လိုအပ်ချက်အလိုက် စိုက်ပျိုးကြပါသည်။

ပုံ - ၄ ဩစတေလျနိုင်ငံရှိကုလားပဲနှင့်ပဲရာဇာ
(က-၅) ဝါ (Cotton)၊ ကြံ (Sugarcane)
ဝါ (Cotton – Gossypium hirsutum L.) သည် ဩစတေးလျနိုင်ငံ၏ အရေးပါသော စက်မှုသီးနှံ (industrial crop) တစ်မျိုးဖြစ်ပြီး အများစုကို ပြည်ပသို့ တင်ပို့ရောင်းချပါ သည်။ ဩစတေးလျဝါသည် အရည်အသွေးမြင့်၊ သန့်ရှင်းပြီး ပတ်ဝန်းကျင် ထိန်းသိမ်း မှုကို အထူးအလေးထားသော ဝါ (High-quality, Contamination-free cotton) ဟု ကမ္ဘာကအသိအမှတ် ပြုထား ပါသည်။ ဝါစိုက်ပျိုးရာတွင် ရေသွင်းစနစ် (Irrigation) ကို အဓိကထားနေရ၍ ရေကို သုံးစွဲမှု လျော့ချနိုင်ရန် နည်းပညာများကို တိုးတက်အသုံးပြု နေပါသည်၊
ဩစတေးလျသည် ကမ္ဘာပေါ်တွင် ဝါအထွက်နှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ (World’s Highest-yielding Cotton Producers) ဖြစ်သည်၊ ၂၀၂၄-ခုနှစ်တွင် တစ်ဟက် တာလျှင် ဝါအထွက် ဘေထုတ် ၉.၉ ပေါင်း (တစ်ဘေထုတ် ၂၂၀-၂၄၀ ကီလို = ၂၁၇၈-၂၃၇၆ ကီလို/ဟက်တာ) အထိ ရရှိနိုင်သည် (ကမ္ဘာ့ပျမ်းမျှဝါအထွက် တဟက်တာ ၇၅၀-၈၀၀ ကီလို ဂရမ်)။
ကြံ (Sugarcane – Saccharum officinarum L.) သည် ဩစတေးလျနိုင်ငံ၏ အရေး ပါဆုံး အပူပိုင်းသီးနှံ (Most Important Tropical Crops) ဖြစ်ပြီး အထူးသဖြင့် ကွင်းစလန် ပြည်နယ် (Queensland State) (တစ်နိုင်ငံလုံး ၉၅% စိုက်ပျိုး) ၏ စီးပွားရေးအတွက် အခြေခံ အရေးပါသော သီးနှံ ဖြစ်ပါသည်။
ကြံစိုက်ပျိုးချိန်ကာလက ၁၂–၁၈ လ ခန့် ကြာမြင့်ပါသည်၊ နှစ်စဉ် ကြံ ၃၀–၃၅ သန်း တန်ချိန်ခန့် ထုတ်လုပ်နိုင်သည်၊ သကြား (Raw & Refined Sugar)၊ ကြံမြုတ်ချေး (Molasses)၊ အီသနော (Ethanol) နှင့် ဇီဝစွမ်းအင် (Bioenergy) ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ပါသည်။
စိုက်ပျိုးရေးတွင် သစ်သီးဝလံ (Fruits)၊ ဟင်းသီးဟင်းရွက် (Vegetables)၊ ဝိုင်အတွက် စပျစ် (Grapes for Wine) အကြောင်း နှင့် မွေးမြူရေးတွင် နွားမွေးမြူရေး (အသားစား နှင့်နို့စားနွား - Beef and Dairy Cattle)၊ သိုးမွေးမြူရေး (အသားနှင့် သိုးမွှေး - Lamb and Wool)၊ ကြက်မွေးမြူရေး (Poultry Production) တို့ဆက်ပါဦးမည်။
ဩစတေလျနိုင်ငံစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနိုင်ငံခြားတင်ပို့မှု
နိုင်ငံစုစုပေါင်းထုတ်လုပ်မှု၏ ၇၀% ကျော်ကို ပြည်ပသို့ တင်ပို့ပါသည်၊ အဓိက စျေးကွက် များမှာ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အရှေ့အလယ်ပိုင်း၊ ဥရောပနိုင်ငံများ ဖြစ်ပါသည်၊
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Henzell, T. (2007) Australian Agriculture: Its History and Challenges. CSIRO Publishing. 321p.
McKerrow, P. (1986) Australian Agriculture: A Broad Introduction. DPI, Western Australia. 39p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်