သီးနှံဇီဝကမ္မဗေဒ (Crop Physiology) နှင့် ပတ်သက်၍ ဩစတေလျနိုင်ငံ ကွင်းစလန် တက္ကသိုလ်တွင် ၁၉၈၇-ခုနှစ် စာရေးသူဟာစိုက်ပျိုးရေးသိပ္ပံ သင်တန်းတက်ခဲ့စဉ်က တက်ရောက်ခဲ့ရသော ဘာသာရပ်များကို ပြန်ပြောင်းသတိရနေမိပါသည်။ တကယ်တော့ သီးနှံပင် များ အထွက်ကောင်းရန် သီးနှံအပင်မျိုးမွေးမြူပညာရှင်များ (Crop Breeders) သာမက သီးနှံ ပင်များဇီဝကမ္မဗေဒပညာရှင်များ (Crop Physiologists) တို့ကလည်း အချိုးညီညီ ပါဝင်ရန် အရေးကြီးပါသည်။
စာရေးသူ၏ အပင်ဇီဝကမ္မဗေဒ (Plant Physiology) သင်ကြားမှု၏ လက်ဦးဆရာမမှာ ကွယ်လွန်သွားသော ဆရာမကြီး ပါမောက္ခဒေါက်တာလှတင်ဦး ဖြစ်ပါသည်။ စာရေးသူတို့ ဒုတိယနှစ်ကျောင်းသားဘဝမှာ ဤဘာသာရပ်ကို ဆရာမကြီးက မိတ်ဆက်သင်ကြားပေးခဲ့ပြီး စာရေးသူမဟာစိုက်ပျိုးရေးသိပ္ပံသင်တန်း ဆက်တက်တော့ အဆင့်မြင့် အပင်ဇီဝကမ္မဗေဒ (Advanced Plant Physiology) အကြောင်း ဆက်လက်သင်ကြားပေးခဲ့ပါသည်။ ထိုစဉ်က စာရေးသူ၏ ကြီးကြပ်ဆရာ (Supervisor) ဦးစံသိန်းမှ မြေပဲပင်ကြီးထွားမှုဆိုင်ရာ စိစစ်လေ့လာရေး (Groundnut Growth Analysis) ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်ပါသည်။
သို့သော် စာရေးသူ ဩစတေလျနိုင်ငံတွင် မဟာစိုက်ပျိုးရေးပညာ အပူပိုင်းသီးနှံသိပ္ပံ (Tropical Crop Science) အထူးပြုဘာသာ တက်ရောက်ရန် ပညာတော်သင်ဆုရသဖြင့် မြန် မာနိုင်ငံတွင် ဘွဲ့လွန် သင်တန်းမတက်ဖြစ်တော့ဘဲ ကွင်းစလန်တက္ကသိုလ်သို့ ရောက်ခဲ့ရပါသည်။ ၁၉၈၇-ခုနှစ်တွင် စတင်တက်ရောက်ကတည်းက ထိုတက္ကသိုလ်က ခရက်ဒစ်ယူနစ်စနစ် (Credit Unit System) စနစ်ကျင့်သုံး နေခဲ့ပါသည်။ မူလမယူမနေရဘာသာ (Core/ Compulsory Courses) စိတ်ကြိုက်ဘာသာ (Elective/Optional Courses) များကို ဘွဲ့လွန်သင်တန်း ဆရာ (Postgraduate Coordinator) လက်ရှိဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ရှူဖူကိုင်း (Professor Emeritus Dr. Shu Fukai) က လမ်းညွန်ပေးပါသည်။
မူလအထူးပြုဘာသာရပ် သဘောအရ အဲဒီ ၁၉၈၇-ခုနှစ်တုံးက စိုက်ပျိုးရေးဌာန (Department of Agriculture) မှာ သီးနှံသိပ္ပံ (Crop Science)၊ သီးနှံဇီဝကမ္မဗေဒ (Crop Physiology)၊ ဇီဝစာရင်းအင်းပညာ-၁ (Biometrics-1)၊ သုတေသနပြုလုပ်နည်း (Research Methods)၊ ထိုစဉ်က ရုက္ခဗေဒဌာန - Botany Department (ယခုတော့ ဘာသာရပ်တွေ ပေါင်းပြီး School of Biological/Life Sciences ဖြစ်သွားပါပြီ) ကနေ ဂေဟဆိုင်ရာဇီဝကမ္မ ဗေဒ-၁ (Ecophysiology-1) မယူမဖြစ်ယူခဲ့ရပြီး စိတ်ကြိုက်ဘာသာတွဲအနေနဲ့ ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်းက လေ့လာခိုင်းလို့ စားကျက်သိပ္ပံ (Pasture Science)၊ သီးနှံအ ပင်များစိုက်ပျိုးထုတ်လုပ်ရေး (Plant Production)၊ ဇီဝစာရင်းအင်းပညာ-၂ (Biometrics-2)၊ ရုက္ခဗေဒဌာနမှ အပင်ကြီးထွားမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု (Plant growth & Development)၊ ဂေ ဟဆိုင်ရာဇီဝကမ္မဗေဒ-၂ (Ecophysiology-2) စသည့် သီးနှံဇီဝကမ္မကို နွယ်မည့် ဘာသာရပ်များစွာကို လေ့လာသင်ယူခဲ့သည်ကို အမှတ်ရနေပါသည်။ သုတေသနကလည်း အပူပိုင်းသီးနှံ တစ်ခုဖြစ်သည့် မြေပဲပင်မျိုးများ၏နေရောင်ချည်စွမ်းအင်ကိုပြောင်းလည်း အစာချက်လုပ်မှု စွမ်းရည်ဖြစ်စဉ် (Solar Energy Conversion Efficiency of Queensland Groundnut Cultivars) ကိုလေ့လာသုတေသန ပြုခဲ့ရပါသည်။ သုတေသန ကြီးကြပ်ဆရာ (Research Supervisor) က တွဲဖက်ပါမောက္ခ ဒေါက်တာ ပက်စ်ဘလင်းမီး (Associate Professor Dr. Pax Blamey) ပါ၊ ယခုဆရာက အသက် ၈၀-နှစ်ကျော်နေသော်လည်း တက္ကသိုလ် အရေး တွေမှာ ဂုဏ်ထူးဆောင်ပါမောက္ခ (Professor Emeritus) အဖြစ် အခွင့် သာတိုင်း ဆောင်ရွက်နေဆဲပါ။
(ဩစတေလျလို ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းမှာ ပညာရှင်များသည် အငြိမ်းစားယူပြီးကြသော်လည်း မိမိတက္ကသိုလ်အတွက် ကျရာ ကဏ္ဍကထမ်းဆောင်နေဆဲပါ။ အားကျ အတုယူစရာကောင်းပါသည်။)
မြန်မာနိုင်ငံပြန်ရောက်တော့ ဆရာကြီးဆလိုင်းခိုင်းသော စားကျက်စိုက်ပျိုးထုတ်လုပ်ရေး (Pasture Production) ၊ ဆရာဦးစံသိန်း သင်ခိုင်းတဲ့ သီးနှံများကြီးထွားမှုကိုစိစစ်လေ့လာခြင်း (Crop Growth Analysis) နှင့် သီးနှံကြီးထွားမှုဆိုင်ရာ မဟာသိပ္ပံ၊ ပါရဂူ ကျောင်းသား/သူ များ ကို ကြီးကြပ်လမ်းညွန်ခဲ့ရပါသည်။ တကယ်တော့ သီးနှံဇီဝကမ္မပညာရှင်တွေ သီးနှံတစ်မျိုးတည်းကို တစ်စိုက်မတ်မတ် လေ့လာသုတေသနပြုပြီး အပင်မျိုးမွေးမြူရေးကို အထောက်အပံ့ပေးနိုင်ဖို့ စပါးဇီဝကမ္မပညာရှင် (Rice Physiologist)၊ မြေပဲဇီဝကမ္မပညာရှင် (Groundnut Physiologist)၊ ကြံဇီဝကမ္မပညာရှင် (Sugarcane Physiologist) စသည်ဖြင့် သီးနှံတစ်မျိုး ခြင်းအလိုက် ပညာရှင်တွေ ရှိသင့်ပါပြီဟူ၍ အကြံပြု လိုပါသည်။
တက္ကသိုလ်တွင် အပင်ဇီဝကမ္မဗေဒ သင်ကြားသုတေသနပြုနေသူများမှာ ရုက္ခဗေဒမှ ဒေါက်တာဒေါ်လှတင်ဦး (ကွယ်လွန်)၊ လက်ရှိအငြိမ်းစားဆရာမကြီး ဒေါက်တာဒေါ်ခင်လေးဆွေ၊ ဒေါက်တာမီမီအောင် (ကွယ်လွန်)၊ ဒေါက်တာကြည်တိုး၊ ဒေါက်တာမြင့်သူဇာ၊ ဒေါက်တာ အောင်ဝင်း စသည့်ဆရာ/မများ၊ လယ်ယာသီးနှံမှ ဆရာကြီးဦးစံသိန်း (အငြိမ်းစား)နှင့် စာရေး သူ (အငြိမ်းစား)၊ လက်ရှိ ဒေါက်တာဌေးဌေးဦး၊ ဒေါက်တာကြည်မိုးနှင့် ဆရာ/မငယ်များ၊ စိုက် သုမှ ဦးခင်စိုး (အငြိမ်းစား)၊ ဒေါက်တာထွန်းရွေ (အငြိမ်းစား)၊ လက်ရှိ ဒေါက်တာဥမ္မာမြင့်နှင့် သုတေသနပညာရှင် လူငယ်များ၊ စိုက်ပျိုးရေးဦးစီးဌာန ပြင်ပတက္ကသိုလ်များမှ သီးနှံဇီဝကမ္မ ဗေဒ သင်ယူခဲ့သူအချို့ (ဥပမာ - ဒေါ်ယမင်း၊ ဒေါ်ဇင်မော်နွယ် စသည့်ပညာရှင်များ) စုပေါင်း ဆောင်ရွက်ကြလျှင် အပင်မျိုးမွေးမြူရေးအတွက် အထောက်အပံ့တစ်ခုရရှိမည်ဟု မျှော်လင့် မိပါသည်။
(နိုင်ငံတကာတွင်တော့ အမျိုးသားအဆင့် - National Level - Agronomy Society, Crop Science Society, Horticulture Society, Soil Science Society, Plant Protection Association, etc. စသည်ဖြင့် တက္ကသိုလ်၊ သုတေသန၊ တောင်သူပညာပေး၊ အစိုးရ၊ ပုဂ္ဂလိက စသည်တို့ မခွဲခြားနေဘဲ ဘာသာရပ်တူရာတူရာ အဖွဲ့ငယ်များ စုစည်းပြီး အတွေးအခေါ် ပေါင်း စုံ၊ အကြံပြုချက်များစွာ စုစည်းပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ (Right Decision) ချမှတ်၊ အသုံးပြုပါက ယခုထက်ထိ ပိုမိုအကျိုးရှိလာနိုင်ပါလိမ့်မည်။)
အလင်းမှီစုဖွဲ့ခြင်း စွမ်းရည်နှင့် ဇီဝကမ္မ ဖြစ်စဉ်များ (Photosynthetic Capacity and Metabolic Efficiency)
အလင်းမှီစုဖွဲ့ခြင်း (Photosynthesis) သည် ဇီဝဒြပ်ထု ထုတ်လုပ်ရန် အဓိကဖြစ်သော်လည်း ဂျုံနှင့် စပါးကဲ့သို့သော စီ-၃ (C3) အပင်များတွင် ရူဗစ်ကိုအင်ဇိုင်း (Rubisco Enzyme) ၏ အလုပ်လုပ်ပုံ နှေးကွေးမှုကြောင့် အကန့်အသတ်များ ရှိနေပါသည်။
မကြာသေးမီက သုတေသနများအရ ရူဗစ်ကို ကို တိုက်ရိုက်မြှင့်တင်ခြင်းဖြင့် အထွက်နှုန်း တိုးတက်နိုင်ကြောင်း တွေ့ရှိရသည်။ ဥပမာ- စပါးတွင် ရူဗစ်ကို ကို ပိုမိုထုတ်လုပ် စေခြင်းဖြင့် စိုက်ကွင်းအတွင်း အထွက်နှုန်း ၁၇-၂၈% ထိ တိုးတက်လာကြောင်း သိရသည်။ ဤ ရလဒ်သည် နိုက်ထရိုဂျင် (Nitrogen) ရရှိမှု၊ ကျွေးမှုနှင့်လည်း တိုက်ရိုက်သက်ဆိုင်ပြီး နိုက်ထရိုဂျင် ၁၀၀-၁၇၀ ကီလိုဂရမ်/ဟက်တာ ကျွေးချိန်တွင် အထွက်နှုန်း အကောင်းဆုံး ဖြစ်သည်။
ထို့အပြင် စိမ်းလန်းမှု (Stay-green) ဟုခေါ်သော အရွက်များ စောစီးစွာ မညှိုးနွမ်းဘဲ စိမ်းလန်းနေသည့် လက္ခဏာသည်လည်း အရေးကြီးပါသည်။ ၎င်းသည် အစေ့အဆန် တည်ဆောက်ချိန်တွင် အလင်းမှီစုဖွဲ့ခြင်းကို ဆက်လက်လုပ်ဆောင်နိုင်စေသဖြင့် အစေ့အဆန်များ ပိုမိုပြည့်ဖြိုးစေပါသည်။
ထုတ်လုပ်မှုအရင်းအမြစ်နှင့် လက်ခံမှုအစိတ်အပိုင်း ဆက်စပ်ရာ နေရာများ (Source-Sink Relationships)
ထုတ်လုပ်မှုအရင်းအမြစ် (Source) မှာ အာဟာရ ထုတ်လုပ်ပေးသော/အစာချက်လုပ်ပေး သော အရွက်နှင့် ပင်စည်များ ဖြစ်ပြီး လက်ခံမှု (Sink) မှာ ထိုအာဟာရကို သိုလှောင်ထား မည့် အစေ့အဆန်များ ဖြစ်သည်။ အပင်ပုသော မျိုးများတွင် ဥပမာ - Sink (အစေ့အရေ အတွက်) များပြားသော်လည်း Source (အရွက်ဧရိယာ) နည်းပါးသွားပါက အစေ့များ သေး၊ အလေးချိန် နည်းသွားတတ်သည်။
သီးနှံအထွက်နှုန်း တိုးစေရန် သီးနှံပုံစံငယ်တွင် ပါဝင်သင့်သည်မှာ
ရိတ်သိမ်းမှုညွှန်းကိန်း (HI) မြင့်မားခြင်း: အစိမ်းရောင်တော်လှန်ရေးတွင် HI ကို ၀.၃ မှ ၀.၅ အထိ မြှင့်တင်နိုင်ခဲ့သည်။ အနာဂတ်တွင် ၀.၆ ထိ မြှင့်တင်ရန် ရည်မှန်းထား သော်လည်း ၎င်းအတွက် စုစုပေါင်း အပင်ဇီဝဒြပ်ထု (Total Biomass) ကိုလည်း အလေးချိန်တိုးရန် လိုက်ပါမြှင့်တင်ရပါမည်။
ပင်စည်မှ အာဟာရ ပြန်လည်အသုံးချမှု: အပင်ပင်စည်တွင် သိုလှောင်ထားသော ရေပျော် ကာဗိုဟိုက်ဒရိတ် (WSC- Water Soluble Carbohydrates) များကို အစေ့အဆန် ဖြစ်ပေါ်ချိန်တွင် ထိရောက်စွာ ပို့ဆောင်ပေးနိုင်ခြင်းသည် အထွက်နှုန်းကို အထောက်အကူ ပြုပါသည်။
လက်ခံနိုင်စွမ်းရည် (Sink Capacity): နှံခက်များတွင် အစေ့အရေအတွက်နှင့် အရွယ် အစားကို တိုးမြှင့်ခြင်းဖြင့် အထွက်နှုန်း အလားအလာကို မြှင့်တင်နိုင်ပါသည်။

ပုံ - ၁ အပင်ထုတ်လုပ်မှုအရင်းအမြစ်နှင့်လက်ခံမှု
အဓိက နှံစားသီးနှံများအတွက် ရုပ်သွင်ပြင်ဆိုင်ရာ ပုံစံငယ်များ (Morphological Ideotypes of Major Cereal Crops)
သီးနှံပုံစံငယ် သီအိုရီကို အခြေခံ၍ ကမ္ဘာ့အဓိက သီးနှံများအတွက် စံပြပုံစံများ (Ideotype Designs) ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
ဂျုံပင်အကောင်းဆုံးပုံစံငယ် (Wheat Ideotype)
ဒေါ်နယ်၏ ဂျုံပုံစံငယ်သည် ပင်စည်အတွက် အာဟာရ သုံးစွဲမှုကို လျှော့ချပြီး အနှံအတွက် အာဟာရ ခွဲဝေမှုကို အမြင့်ဆုံးဖြစ်စေရန် အာရုံစိုက်ထားပါသည်။
ဂျုံအထွက်နှုန်း တိုးစေမည့် အဓိကလက္ခဏာရပ်များ
ပု၍ ခိုင်ခံ့သော ပင်စည် (၉၀-၁၂၀ စင်တီမီတာ): အပင်ယိုင်လဲခြင်းကို ကာကွယ်ပြီး နိုက်ထရိုဂျင် မြေဩဇာ ကျွေးမှုကို ခံနိုင်ရည်ရှိစေသည်။ထောင်မတ်သော အရွက်ငယ်များ: အလင်းရရှိမှုကို ကောင်းမွန်စေပြီး ရေငွေ့ပျံမှုကို လျှော့ချပေးသည်။ ကြီး၍ ထောင်မတ်သော အနှံ: အလင်းကို ဘက်ပေါင်းစုံမှ ရရှိစေသဖြင့် အစေ့များ ညီညာစွာ ဖြစ်ပေါ်စေသည်။ နှံစားအမြီး/အမွေးရှည် (Awn) ပါရှိခြင်း: မိုးမွှားများသည် အလင်းမှီစုဖွဲ့ခြင်းကို လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် ခြောက်သွေ့သော အခြေအနေတွင် အထွက်နှုန်းကို အကျိုးပြုပါသည်။ ပင်စည်တစ်ခုတည်းရှိခြင်း (Uniculm): အပင်၏ အာဟာရကို မလိုအပ်သော သားတက်များတွင် မဖြုန်းတီးစေဘဲ အနှံတစ်ခုတည်းတွင် စုစည်းစေရန် ဖြစ်ပါသည်။
စပါးပင်ပုံစံငယ်နှင့် ပုံစံသစ်စပါး (Rice Ideotype & New Plant Type)
၁၉၉၀ ပြည့်နှစ်များတွင် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန (IRRI) က အထွက် နှုန်း အကန့်အသတ်ကိုကျော်လွှားရန် "ပုံစံသစ်စပါး" (New Plant Type - NPT) ကို ဒီဇိုင်း ထုတ်ခဲ့သည်။
IRRI ၏ ပုံစံသစ်စပါး လက္ခဏာရပ်များ
ပင်ပွား/သားတက်နည်းခြင်း (တစ်ပင်လျှင် ၉-၁၀ ပင်) Low Tillering: အနှံမထွက် သော ပင်ပွား/သားတက်များ မပါရှိဘဲ ပင်ပွားအားလုံးသည် အနှံကြီးများ ထွက်ပေါ်စေပါသည်။
အနှံကြီး၊ အစေ့များခြင်း (တစ်နှံလျှင် အစေ့ ၂၀၀-၂၅၀) Large Panicles: ယခင် မျိုးစိတ်များ ထက် လက်ခံနိုင်စွမ်း (Sink capacity) ကို ၂ ဆနီးပါး တိုးမြှင့်ပေးထားသည်။
ခိုင်ခံ့ပြီး ထူသော ပင်စည် Study & Thick Stems: အစေ့အလေးချိန်ကို ခံနိုင်ရည် ရှိရန်နှင့် မုန်တိုင်းဒဏ်၊ လေတိုက်နှုန်း ခံနိုင်ရန် ဖြစ်သည်။
အစိမ်းပုပ်ရောင်ရှိပြီး ထူထဲထောင်မတ်သော အရွက်များ Dark Green, Thick & Erect Leaves: ၎င်းတို့က အလင်းမှီစုဖွဲ့ခြင်းကို မြှင့်တင်ပေးသည်။
သန်စွမ်းပြီး နက်ရှိုင်းသော အမြစ်စနစ် Vigorous & Deep Root System: အာဟာရ စုပ်ယူမှုနှင့် ရေဝပ်၊ ရေနဲနေချိန်တွင် အပင်ကြီးထွားနိုင်ရန် တည်ငြိမ်မှုအတွက် အရေး ကြီးသည်။
စာရေးသူ၏အမြင်
နိုင်ငံတကာ၊ တက္ကသိုလ်၊ သုတေသနဌာနများသည် ပညာရပ်တစ်ခု၊ သီးနှံတစ်ခုကို တစ် စိုက်မတ်မတ် သင်ကြား၊ သုတေသနပြုနေပြီး ပြည်တွင်းပညာရှင် အချင်းချင်း၊ နိုင်ငံတကာပညာရှင် အချင်းချင်း အပတ်စဉ်၊ နေ့စဉ် စဉ်ဆက်မပြတ် ဆွေးနွေး၊ ဆောင်ရွက်လျက် ရှိနေပါသည်။
တက္ကသိုလ် ဆရာ၊ ဆရာမများကလည်း စာသင်နေမှ မိမိက အာစရိယ ကန်တော့ခံ ဖြစ် လိမ့်မယ် ဆိုသော အတွေးအခေါ်များထက် သုတေသနပြုလုပ်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုး တက်မှုကို တဖက်တလမ်းက လုပ်ဆောင်မည်၊ အကြီးအကဲ အဆင့်ဆင့်ကလည်း အားပေး မည် ဆိုတာတွေကို လုပ်ဆောင်သင့်ပါသည်။
စာရေးသူ ဆွေးနွေးထားသလို နယ်သာလန်ပုံစံ (Netherlands WUR Model) တက္ကသိုလ်၊ သုတေသန (အုပ်ချုပ်ရေး မဟုတ်ဘဲ လုပ်ငန်း သဘောရ ပူးပေါင်းပြီး) တက္ကသိုလ်ဘက် ကလည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် အနဲဆုံး သုတေသနတစ်ခု ပူးတွဲဆောင်ရွက်၊ သုတေသနဖက်ကလည်း စာမသင်နိုင် တောင်မှ ဘွဲ့လွန်ကျမ်း၊ သုတေသန ကြီးကြပ်မှု စတင်ဆောင်ရွက် နိုင်ပါက ယခုထက် ပိုမို တိုးတက်လာနိုင်မလား စသည်ဖြင့် တွေးနေမိပါသည်။
ယနေ့ခေတ် အင်တာနက်ခေတ်၊ ကမ္ဘာရွာ (Global Village) ကြီးတွင် အချင်းချင်း ခေတ်မီစနစ် (Zoom App.; MS Team App.; etc) စသည်တို့ဖြင့် လေ့လာနားထောင်၊ ဆွေးနွေး ရင်း မိမိပညာရေး တိုးတက်အောင် ဆောင်ရွက်နိုင်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။