ပြန်လည်သန်စွမ်းတိုးပွားလာစေသောစိုက်ပျိုးရေးနည်းလမ်း (RA _ Regenerative Agriculture)

12/03/2026 11:19 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ပြန်လည်သန်စွမ်းတိုးပွားလာစေခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သော စိုက်ပျိုးမွေးမြူရေး

(က) ပြန်လည်သန်စွမ်းတိုးပွားလာစေသောစိုက်ပျိုးရေး (RA _ Regenerative Agriculture) ဆိုသည်မှာ မြေဆီလွှာအာဟာရဓာတ် ပြန်လည်ကောင်းမွန်စေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင် မြှင့်တင်ခြင်းကို အဓိကထားသော စိုက်ပျိုးရေးနှင့် မြေယာစီမံခန့်ခွဲမှု နည်း လမ်း တစ်ရပ်ဖြစ်ပါသည်။

ဤနည်းလမ်း၏ အဓိကရည်ရွယ်ချက်များမှာ

  • မြေဓာတ်အရည်အသွေးကို ပြန်လည်တိုးတက်စေခြင်း (Restore and improve soil health)
  • ဇီဝမျိုးစုံလင်မှု ကို ပြန်လည်တိုးပွားမြှင့်တင်ခြင်း (Enhance Biodiversity) 
  • ရေစီးဆင်းမှုနှင့် ရေသိုလှောင်နိုင်စွမ်းကို ကောင်းမွန်စေခြင်း (Improve water cycles)
  • လယ်ယာစနစ်ကို မိုးလေဝသပြောင်းလဲမှုများနှင့် ခံနိုင်ရည်ရှိစေခြင်း (Increase farm resilience and productivity)
  • ကမ္ဘာပူနွေးမှုကို လျော့ချပေးခြင်း သို့မဟုတ် ပြန်လည်လျော့နည်းစေခြင်း (Reduce and reverse climate change impacts) တို့ဖြစ်ပါသည်။

ပုံ - ၁ ပြန်လည်သန်စွမ်းတိုးပွားလာစေသောစိုက်ပျိုးရေးစနစ်

ဤစနစ် Regenerative Agriculture ၏ အခြေခံမူဝါဒများ

(၁) အကျိုးရှိသော မြေဆီလွှာ၊ မြေဆီအဟာရဓာတ်ကို တည်ဆောက်ခြင်း (Build Living Soil) မြေတွင်ရှိသော အကျိုးပြု ပိုးမွှားများ၊ ဘက်တီးရီးယားများ၊ မှိုများ (Beneficial Microorganisms) ကို သန်စွမ်းလာအောင် ထောက်ပံ့ပေးခြင်း၊ မြေအဟာရဓာတ်များ ကြွယ်ဝလာလျှင် အပင်ကြီးထွားမှုကောင်းမွန်လာသည်

(၂) မြေဆီလွှာထက်သန်မှုကို အနှောင့်အယှက်မဖြစ်အောင်၊ ပျက်စီးမှုနဲပါးအောင်လုပ်ခြင်း (Minimize Soil Disturbance) ထွန်ယက်ခြင်းကို လျှော့ချ သို့မဟုတ် ရပ်ဆိုင်းခြင်း (Zero or Minimum Tillage)၊ မြေဖွဲ့ စည်းပုံကို (Protect soil structure) ထိန်းသိမ်းခြင်း၊

(၃) မြေကို အမြဲဖုံးအုပ်ထားခြင်း (Keep the Soil Covered)

မြေဖုံးသီးနှံ (Cover Crops) များစိုက်ပျိုးခြင်း၊ သီးနှံအကြွင်းအကျန်များ အသုံးပြုခြင်းတို့က မြေဆီလွှာတိုက်စားခြင်း (Soil Erosion)၊ ပေါင်းတိုးပွားလာမှုဖိနှိမ်ထားခြင်း (Weed Suppression)၊ မြေဆီလွှာအပူချိန်ကို ထိန်းသိမ်းထားခြင်း (Moderate Soil Temperature) တို့ကို ရရှိစေနိုင်ပါသည်။

(၄) အပင်မျိုးစုံ ရှင်သန်နိုင်မှု တိုးပွားလာခြင်း (Increase Plant Diversity)

အလှည့်ကျစိုက်ပျိုးခြင်း (Crop Rotation)၊ သီးညှပ်စိုက်ပျိုးခြင်း (Intercropping)၊ သီးနှံ မျိုးစုံမြေဖုံးစိုက်ပျိုးရှင်သန်နိုင်ခြင်း (Multi-species Cover Crops) တို့ကြောင့် အပင်မျိုးစုံ ရှင်သန် ပိုးမွှားမျိုးစုံ၊ အနုဇီဝမျိုးစုံ ပွားများလာကာ မြေဆီလွှာပိုမိုကောင်းမွန်လာခြင်း အကျိုးကျေးဇူးများရရှိပါသည်။

(၅) အပင်နှင့်တိရစ္ဆာန်များကို ပေါင်းစည်းဆောင်ရွက်ခြင်း (Integrate Livestock)

ထိန်းချုပ်ထားသော မွေးမြူရေးစနစ်အစား မွေးမြူထားသော တိရစ္ဆာန်များကို ကွင်းအတွင်း လွှတ်ကျောင်းစနစ်ဆောင်ရွက်ခြင်း (Grazing Systems) ဖြင့် မြေဆီလွှာ အဟာရဓာတ်များ ကွင်းအတွင်းရောက်ကာ အပင်အတွက်ပြန်လည် ဖြန့်ဝေပေးနိုင်သည်။

(ခ) သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်သောစိုက်ပျိုးမွေးမြူရေး (Conservation Agriculture _ CA)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သော စိုက်ပျိုးရေးဆိုသည်မှာ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံသည့် စိုက်ပျိုးနည်းစနစ်တစ်ခု ဖြစ်ပါသည်။ မိရိုးဖလာ ထယ်ထိုးထွန်ယက်ခြင်းကို လျှော့ ချကာ မြေဆီလွှာကို အမြဲတမ်း ဖုံးအုပ်ထားပြီး သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းဖြင့် မြေဆီ လွှာ အဟာရဓာတ်ပြန်လည် သန်စွမ်းလာစေရေးကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဤ စနစ်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် မြေဆီလွှာပျက်စီးဆုံးရှုံးမှု၊ ရေရှား ပါးမှုနှင့် ရာသီဥတုပြောင်းလဲမှုစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အရေးပါသော နည်းလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။

ပုံ - ၂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သောစိုက်ပျိုးရေး

ဤစနစ်တွင် အဓိကျသော ကျင့်သုံးရမည့် လုပ်ငန်းစဉ် (၃) ရပ် ရှိပါသည်။

(ခ-၁)  မြေဆီလွှာ ထွန်ယက်မှု အနည်းဆုံးပြုလုပ်ခြင်း (Minimum Soil Disturbance): မြေကြီးကို ထွန်ယက်မှု အနည်းဆုံးဖြစ်အောင် ပြုလုပ်ခြင်း သို့မဟုတ် လုံးဝမထွန်ယက်ဘဲ (No-Till Farming) တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်း ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ မပျက်စီးဘဲ မြေတွင်းရှိ အဏုဇီဝပိုးမွှားများ ရှင်သန်နိုင်ကာ ရေတိုက် စားမှုနှင့် လေတိုက်စားမှုတို့ ကြောင့် မြေဆီအဟာရ ဆုံးရှုံးမှုတို့မှလည်း ကာကွယ်ပေးနိုင် ပါသည်။

(ခ-၂) မြေဆီလွှာကို အမြဲမပြတ် ဖုံးအုပ်ထားခြင်း (Permanent Soil Cover): ယခင်ရိတ်သိမ်းပြီးသော သီးနှံအကြွင်းအကျန်များ (ဥပမာ - ကောက်ရိုး၊ နှမ်းရိုး) သို့မ ဟုတ် မြေဖုံးသီးနှံများ (Cover Crops) စိုက်ပျိုးခြင်းဖြင့် မြေမျက်နှာပြင်ကို ဖုံးအုပ်ထား ရပါသည်။ ဤနည်းဖြင့် မြေဆီလွှာအစိုဓာတ် အငွေ့ပျံခြင်းကို လျှော့ချနိုင်ပြီး ပေါင်းမြက် ပေါက်ရောက်မှုကိုလည်း ကာကွယ်ပြီးသားဖြစ်ပါသည်။

(ခ-၃) သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း (Crop Rotation):

တစ်မျိုးတည်းသော သီးနှံကို ဆက်တိုက်မစိုက်ပျိုးဘဲ သီးနှံမျိုးစုံကို အလှည့်ကျ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရ ထိန်းညှိပေးပြီး သီးနှံတစ်မျိုးအတွက် သက် ရောက်တတ်သော ရောဂါနှင့် ပိုးမွှားကျရောက်မှုကို လျော့ကျစေပါသည်။

ကောင်းကျိုးများ (Advantages)

မြန်မာနိုင်ငံ၏ အလယ်ပိုင်း၊ ပူပြင်းခြောက်သွေ့ဒေသများတွင် ပြုလုပ်ခဲ့သော လေ့လာမှု များအရ ထိန်းသိမ်းရေး စိုက်ပျိုးရေးသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိကြောင်း တွေ့ရှိရသည် ။

စီးပွားရေးအရ ကောင်းကျိုးများ-

*   ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း- ထယ်ထိုးထွန်ယက်ရန် လိုအပ်သော လောင်စာဆီနှင့် လုပ်အားစရိတ်များ သက်သာလာနိုင်ပါသည်။

*   ရေရှည်သီးနှံအထွက်နှုန်း တည်ငြိမ်ခြင်း- မြေဆီလွှာ ကျန်းမာလာခြင်းနှင့် ရေထိန်း သိမ်းနိုင်စွမ်း ကောင်းလာခြင်းတို့ကြောင့် မိုးခေါင်ရှားပါးသည့် ကာလမျိုးတွင်ပင် သီးနှံ အထွက်နှုန်း မကျဆင်းဘဲ တည်ငြိမ်မှုရှိလာနိုင်ပါသည်။

သဘာဝပတ်ဝန်းကျင်အရ ကောင်းကျိုးများ

*   မြေဆီလွှာတိုက်စားမှု လျော့ကျခြင်း - မြေဆီလွှာ မြေဖုံးလွှာရှိခြင်းက လေနှင့်ရေတိုက် စားမှုမှ ကာကွယ်ပေးသည်။

*   မြေဆီဩဇာတိုးပွားခြင်း - မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းဓာတ်များ (Soil Organic Matter) တိုးပွားလာပြီး မြေဆီဩဇာ ပိုမိုကောင်းမွန်လာသည် ။

*   ရေထိန်းသိမ်းနိုင်စွမ်း မြင့်မားလာခြင်း - မြေဆီလွှာတွင် ရေစုပ်ယူထိန်းသိမ်းနိုင်စွမ်း ကောင်း လာသောကြောင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှုကို အထောက်အကူပြုပြီး ရေရှားပါးမှုဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။

*   ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝလာခြင်း - မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ၊ တီကောင် များနှင့် အခြားသတ္တဝါငယ်များ ပေါက်ဖွားရှင်သန်ရန် သင့်တော်သော ပတ်ဝန်းကျင် ဖန် တီး ပေးပါသည်။

ဆိုးကျိုးများ / စိန်ခေါ်မှုများ (Disadvantages / Challenges)

သို့သော်လည်း ဤစနစ်တွင် လက်တွေ့ကျင့်သုံးရာတွင် ကြုံတွေ့ရနိုင်သော စိန်ခေါ်မှုများနှင့် လူမှုရေးအရ ဆိုးကျိုးအချို့လည်း ရှိပါသည်။

*   လူမှုရေးအရ ထိခိုက်မှုများ- အချို့ဒေသများတွင် ဤစနစ်သို့ ကူးပြောင်းခြင်းသည် ဒေသခံ ကျေးလက်နေ၊ လူမှုအသိုင်းအဝိုင်း၏ လူမှုရေးကဏ္ဍအပေါ် အနှုတ်လက္ခဏာ သက်ရောက်မှု ရှိနိုင်သည်ဟု လေ့လာတွေ့ရှိချက်များ ရှိပါသည်။ ဥပမာအားဖြင့် အလေ့ အကျင့်ပြောင်းလဲရန် ခက်ခဲခြင်း၊ ရိုးရာ ပြုလုပ်မှု ဆိုင်ရာ တောင်သူလယ်သမား၊ အလုပ် သမားများ အလုပ်အကိုင် ဆုံးရှုံးနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည် ။

*   အစပိုင်းတွင် အသိပညာနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ခြင်း- မိရိုးဖလာစနစ်မှ ပြောင်းလဲ ကျင့်သုံးရန် တောင်သူများအတွက် အသိပညာဗဟုသုတ အသစ်များ သင်ယူရန်နှင့် မြေဖုံး သီးနှံမျိုးစေ့၊ မျိုးစေ့ချစက်အသစ်များ ဝယ်ယူရန် ကနဦးရင်းနှီးမြှုပ်နှံမှု လိုအပ်ပါသည်။

*   မြေဖုံးလွှာစီမံခန့်ခွဲမှု ခက်ခဲခြင်း- သီးနှံအကြွင်းအကျန်များကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပြီး မဟုတ်ပါက ရောဂါကျရောက်မှုကို အားပေးသည့် အခြေအနေမျိုး ဖန်တီးမိ နိုင်ပါသည်။

*   ပေါင်းမြက်ကာကွယ်ရေး စိန်ခေါ်မှု- ထယ်ရေးမဲ့စနစ်တွင် ထယ်ထွန်မသုံးသည့် အ တွက် ပေါင်းမြက်များကို ကာကွယ် နှိမ်နှင်း ထိန်းချုပ်ရန် ပိုမိုခက်ခဲလာပြီး ဓာတုပေါင်း သတ်ဆေး ပိုမိုအားကိုးရသည့် အခြေ အနေမျိုး ကြုံတွေ့ရနိုင်ပါသည်။

စာရေးသူ၏ထင်မြင်ချက်

ဤစနစ်သည် မြေဆီလွှာနှင့် ရေကို ထိန်းသိမ်းကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေး (Sustainable Agriculture) အတွက် အလားအလာကောင်းများ ပေးစွမ်းနိုင်သော်လည်း အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် ဒေသခံတောင်သူများ၏လူမှုစီးပွား အ ခြေအနေ၊ အသိပညာဗဟုသုတနှင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ထည့် သွင်းစဉ်းစားကာ သင့်လျော်သော နည်းပညာအကူအညီနှင့် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှုများ လိုအပ်ကြောင်း တွေ့ရှိရပါသည်။

ဤစနစ်ကို စိုက်ပျိုးရန် နေရာ၊ ဒေသအားလုံး ဆောင်ရွက်သည်ထက် အဆင်ပြေ ချောမွေ့ သော နေရာများတွင်သာ စမ်းသပ်ကျင့်သုံးသင့်ပါကြောင်း ထင်မြင်ယူဆမိပါသည်။ 

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Dent, D. and Boincean, B. (2021) Regenerative Agriculture. Springer. 351p.

Kassam, A.; Jat, R. and Sahrawat, K. (2014) Conservation Agriculture: Global Prospects and Challenges. CABI.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်