စားကျက်သီးနှံများ (Forage Crops) နှင့် စားကျက်သိပ္ပံ (Pasture Science) အကြောင်း ကို ဆက်လက်ဆွေးနွေးရအောင်ပါ။
တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉၊ ၂၀၀၊ ၂၀၁၊ ၂၀၂) နှင့်တိရိစ္ဆာန် စာ ပဲမျိုးရင်းဝင် အပင်ကြီး များ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေး သိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။
ယခု တိရစ္ဆာန်စာအနေနှင့် ဘောစကိုင်းပင်များ စိုက်ပျိုးပြုစုခြင်းအကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။
|
|
|
ပုံ - ၁ ဘောစကိုင်းစိုက်ခင်းများ နွားစားနေပုံ
ကမ္ဘာတစ်ဝှမ်း ဘောစကိုင်းပင် (Leucaena) စိုက်ပျိုး၊ ထုတ်လုပ်မှုနှင့် ဖြန့်ချိမှု
မူရင်းဒေသနှင့် ပျံ့နှံ့မှု - မူလဒေသမှာ အလယ်ပိုင်းအမေရိက၊ မက္ကဆီကိုနိုင်ငံ ဖြစ်သည်၊ ယနေ့တွင် လက်တင်အမေရိက (ဘရာဇီး၊ ကျုးဘား)၊ အာရှ (အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ)၊ ဩစတေးလျ၊ ကွင်းစလန်ပြည်နယ် (Queensland)၊ အာဖရိကစသည့် အောက်ပါဒေသများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးအသုံးပြုနေပါသည်။
အဓိကအားဖြင့် ဤအပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ တွင် ကောင်းစွာ ကြီးထွားနိုင်သည်။ ဤအပင်သည် အပူဒဏ်ခံနိုင်၊ မိုးခေါင်ဒဏ်ခံနိုင်ပြီး အမြစ်နက်ရှိုင်းသောအပင်ဖြစ်သည်။
စားကျက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်များ
(က) သီးနှံသစ်တောရောနှော၊ သစ်ပင်-မြက်-တိရစ္ဆာန် ပေါင်းစည်းစနစ် (Silvopastoral system)
လက်တင်အမေရိကနှင့် ဩစတေးလျတွင် အသုံးများပါသည်။ ဘောစကိုင်းနှင့်မြက်များ ရောစပ်စိုက်ပျိုးသောစနစ် (Agroforestry System) ဖြစ်ပါသည်။
အကျိုးကျေးဇူးများမှာ တိရစ္ဆာန်အစာအရည်အသွေး တိုးတက်ပါသည်။ မြေဆီဓာတ် တိုးတက်လာပါသည်။ တိရစ္ဆာန်မွေးမြူမှု ကောင်းမွန်လာပြီး အသားထုတ်လုပ်မှု (Meat Production) တိုးတက်လာပါသည်။
(ခ) ရိတ်ဖြတ်ယူကျွေးမွေးစနစ် (Cut-and-carry system)
မြန်မာနိုင်ငံအပါအဝင် အာရှနှင့် အာဖရိကတွင် အသုံးများပါသည်။ လယ်သမားများက မြက်ရွက်များကို ဖြတ်ယူပြီး တိရစ္ဆာန်ကို တိုက်ရိုက်ကျွေးသောစနစ်ဖြစ်ပါသည်၊
ထွက်ရှိမှုမှာ တစ်နှစ်လျှင် မြက်ခြောက် ၁၂–၂၀ တန် (အခြောက်/ဟက်တာ Dry matter ha-2) ရနိုင်ပြီး ပရိုတင်းပါဝင်မှု ၂၂–၃၀% အထိရရှိနိုင်ပါသည်။
(ဂ) တိုက်ရိုက်လွတ်ကျောင်းစားကျက်စနစ် (Grazing system)
ဩစတေးလျနိုင်ငံတွင် အထူးသဖြင့် အသုံးများပါသည်၊ အကျိုးကျေးဇူးမှာ ကျွဲ၊နွား၊ သိုး၊ ဆိတ်များ အလေးချိန်တိုးမြှင့်ပြီး မြက်ခင်းမှာ တိရိစ္ဆာန်အစာရရှိမှု၊ ထုတ်လုပ်မှု တိုးတက် လာနိုင်ပါသည်။
(၁) အာဟာရတန်ဖိုး (Nutritive Value)
ဘောစကိုင်း သည် အရည်အသွေးမြင့် ပရိုတင်းအစာ (High-Quality Protein Forage) ဖြစ်သည်။
အဓိကအချက်များမှာ ပရိုတင်း (Crude Protein): ၂၀–၃၀% အထိရှိနိုင်၊ အမိုင်နို အက်ဆစ်များ (Amino Acids) ကြွယ်ဝပါသည်၊ သတ္တုဓာတ်များ ပါဝင်ပါသည်၊ အစာအိမ်ကြေပျက်လွယ်ဓာတ် (Rumen bypass protein) ပါဝင်ပြီး Rumen အတွင်းရှိ မိုက်ခရိုအော်ဂဲနစ်များ (Micro-organic matters) ကို ကူညီကာ မြက်အရည်အသွေးကို ပိုမိုကောင်းမွန်စေရန် ချေဖျက်နိုင်စေသည့်ဓာတ်ပြုဖြစ်စဉ် (Improving Digestion Process) ပါဝင်ပါသည်။
|
|
|
ပုံ - ၂ ဘောစကိုင်း အရွက်၊ အပွင့်၊ အသီးများ
(၂) ဘောစကိုင်းပင်၏အရေးပါမှု (Importance of Leucaena)
(၂-က) အသားထုတ်လုပ်မှု နှင့် နို့ထုတ်လုပ်မှု တိုးတက်စေပါသည်၊
ဥပမာ - နို့ထုတ်လုပ်မှု တစ်ရက် ၄.၇ → ၇.၄ ကီလိုဂရမ် (kg) တိုးတက်နိုင်ပါသည်။
(၂-ခ) ပရိုတင်းများ စွာထုတ်နိုင်သော အပင်မျိုးဖြစ်ခြင်း
အပူပိုင်းဒေသတွင် ပရိုတင်းချို့တဲ့မှုကို ဖြေရှင်းနိုင်ပါသည်၊ စျေးကြီးသော တိရိစ္ဆာန်အစာနု (concentrate feed) မလိုအပ်ဘဲ လျော့နည်းနိုင်ပါသည်၊
(၂-ဂ) မိုးခေါင်ဒဏ်ခံနိုင်ပြီး တစ်နှစ်လုံးအစာရနိုင်ခြင်း
အမြစ် ၃–၅ မီတာ (၉-၁၅ ပေ) အထိ နက်ရှိုင်းစွာဆင်းနိုင်ခြင်းကြောင့် မိုးခေါင်ရာသီ တွင် ပင် အစာစိမ်း (Green Forage) ထုတ်ပေးနိုင်ပါသည်၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှု (Climate change) အတွက် အလွန်အရေးပါ သောအပင်ဖြစ်ပါသည်။
(၂-ဃ) မြေဆီဓာတ် တိုးတက်စေခြင်း (Nitrogen fixation)
တစ်နှစ်လျှင် နိုက်တြိုဂျင် ၂၀၀ ကီလို kg N/ha အထိ ထည့်ပေးနိုင်ပါသည်၊ တွဲဖက် စိုက်ပျိုးသော မြက်များ ကြီးထွားမှု တိုးတက်စေပြီး ဓာတ်မြေဩဇာ အသုံးစရိတ် လျော့နည်းနိုင်ပါသည်။
(၂-င) ပတ်ဝန်းကျင် အကျိုးကျေးဇူးရရှိခြင်း
ဤအပင်များ စိုက်ပျိုးခြင်းဖြင့် မီသိန်း (Methane) ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့နည်း (၂၀–၃၀%) ပါသည်၊ ကာဗွန်တန်ဘိုး (Carbon sequestration) တိုးတက် လာပါသည်။ ရေရှည်တည်တံ့နိုင်သော မွေးမြူထုတ်လုပ်ရေး (Sustainable livestock production) ကို ထောက်ပံ့ပေးပါသည်။
(၃) အားနည်းချက်၊ကန့်သတ်ချက်များ (Constraints)
(၃-က) မီမိုဆင်း၊ အန္တရာယ်ရှိသောဓာတ် (Mimosine)
မီမိုဆင်းဓာတ် အလွန်များလျှင် အဆိပ်ဖြစ်နိုင်ပါသည်၊ တိရစ္ဆာန်များကို အဆိပ် မဖြစ်ဘဲ စားသောက်မှုပုံစံပြောင်းရန် လေ့ကျင့်မှု ၂–၃ ပတ်လိုအပ်ပါသည်။
(၃-ခ) မြေဆီလိုအပ်ချက်
ဤအပင်ကောင်းမွန်စွာဖြစ်ထွန်းရန်မြေဆီကောင်း၊ ရေစီးရေလာကောင်းမွန်ရန် လိုအပ်ပါသည်၊ အက်စစ်ဆံ မြေချဉ်များတွင် မသင့်တော်ပါ။
(၃-ဂ) ရာသီဥတု
အအေးဒဏ်၊ နှင်းခါးရိုက်မှုဒါဏ် (frost) ကို မခံနိုင်ပါ၊
စာရေးသူ၏အတွေး
တောင်သူဦးကြီးများ၏ စိုက်ပျိုးမြေများတွင် လက်ရှိဓာတ်မြေဩဇာ ကြီးမြင့်နေမှုကို သဘာဝမြေဩဇာများ ထည့်သွင်းပေးရုံသာမက စိုက်ခင်းများတွင် ပဲမျိုးစုံသီးနှံများ (Food Legumes)၊ တိရစ္ဆာန်အစာ စားကျက်ပဲသီးနှံများ (Forage or Pasture Legumes)၊ စားကျက်ပဲ ပင်ကြီးများ (Tree Legumes) တိုးချဲ့ရောနှောစိုက်ပျိုးပေးခြင်းအားဖြင့် မြေဆီဩဇာ နည်းပါးသွားမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင်ပါသည်။
ပဲမျိုးစုံသီးနှံများက တောင်သူကြီးများ အတွက်အပိုဝင်ငွေရရှိနိုင်ပြီး စားကျက်ပဲပင်များက တောင်သူကြီးများ တွဲဖက်မွေးမြူထားသော ကျွဲ၊နွား၊ သိုး၊ ဆိတ်စသည့် စားမြုံ့ပြန် တိရစ္ဆာန်များ ကို အသား၊ နို့ထွက်များ ပိုမိုတိုးပွားကာ ဝင်ငွေတိုးပွား စေပါသည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bogdan, A.V. (1977) Tropical Pasture and Fodder Plants. Longman, London. 475p.
Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.
Shelton, M. (2006) Leucaena: The Productive and Sustainable Forage Legume. 2nd Ed. Meat and Livestock Australia. 93p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။