ဓာတ်မြေဩဇာအစားထိုးနည်းစနစ်တစ်ချို့ (သို့မဟုတ်) မြေဆီလွှာ အာဟာရဓာတ်တိုးတက်ရေးအတွက် ပဲပင်များ

16/04/2026 08:37 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

စားကျက်သီးနှံများ (Forage Crops) နှင့် စားကျက်သိပ္ပံ (Pasture Science) အကြောင်း များမှ ဘောစကိုင်းပင် စိုက်ပျိုး၊ ထုတ်လုပ်မှုနှင့် အသုံးပြုမှု အကြောင်းများကို ဆက်လက် မဆွေးနွေးခင် ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်မှုကြောင့် တောင်သူကြီးများအတွက် ဓာတ် မြေဩဇာအစားထိုး နည်းပညာတစ်ခု ကြားဖြတ်ဆွေးနွေးချင်ပါသည်။

လွန်ခဲ့သော အနှစ် ၆၀-လောက်ကတည်းက ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က အပူပိုင်းနှင့်အပူလျှော့ပိုင်းဒေသများတွင် စနယ်မြေ (Vertisol/Dark Clay Soil) များစွာ ရှိပြီး အိန္ဒိယအပါအဝင်နိုင်ငံအများစုက ထိုမြေများပေါ်တွင် မြေဆီလွှာကောင်းမွန်စေရန် ပဲမျိုးစုံသီးနှံများကို များစွာ တွဲဖက်စိုက်ပျိုးလေ့ရှိပါသည်။

မြေဆီလွှာ မြေဩဇာထက်သန်မှုတွင် ပဲမျိုးရင်းဝင်အပင်များ၏ အရေးပါသော အခန်းကဏ္ဍနှင့် အချက်အလက်များ

(က) ဇီဝနည်းအရနိုင်ထရိုဂျင်ဖမ်းယူရရှိခြင်း (Biological Nitrogen Fixation - BNF)

ပညာရှင်များအားလုံးသိပြီးဖြစ်သည့် ပဲမျိုးရင်းဝင်အပင်များ၏ အထူးခြားဆုံးနှင့် အဖိုးတန် ဆုံးသော စွမ်းဆောင်ရည်မှာ လေထုထဲရှိ နိုင်ထရိုဂျင်ကို ဖမ်းယူပေးနိုင်ခြင်းပင် ဖြစ်သည်။ ဤဖြစ်စဉ်ကို မြန်မာနိုင်ငံတောင်သူဦးကြီးများအကျိုးရှိအောင်၊ လက်တွေ့လည်းကျ အောင်၊ တောင်သူကြီးများ အပိုဝင်ငွေလည်း ရရှိအောင် သုတေသနပြု (Research) လုပ် ပြီး တောင်သူပညာပေးလုပ်ငန်းများ (Extension) ကိုလည်း တစ်ပြိုင်နက် ဆောင်ရွက်ရ ပါမည်။ တောင်သူလယ်သမားများ အနေနှင့် အပိုဝင်ငွေလည်း ရရှိမည်၊ မိမိလယ်ယာမြေ များ မြေဆီအဟာရဓာတ် အမှန်တကယ်၊ ဖြေးဖြေးချင်းတိုးတက်လာမည် ဆိုလျှင်လိုက်နာ ဆောင်ရွက်လာပါလိမ့်မည်။

အပြန်အလှန်အကျိုးတူ ပူးပေါင်းရှင်သန်ခြင်း (Symbiosis): ပဲပင်များသည် ၎င်းတို့၏ အမြစ်ဖုများတွင် နေထိုင်သော ရိုင်ဇိုဘီယမ် (Rhizobium-Family – Rhizobiaceae) မိသားစုဝင် ဘက်တီးရီးယားများနှင့် အကျိုးတူ ပူးပေါင်းရှင်သန်ကြသည်။ 

ပြောင်းလဲမှု အဆင့်ဆင့်: ဤဘက်တီးရီးယားများသည် လေထုထဲရှိ အပင်များ တိုက်ရိုက် အသုံးမပြုနိုင်သော နိုင်ထရိုဂျင်ဓာတ်ငွေ့ကို အပင်များ စုပ်ယူနိုင်သော အမိုနီယမ် (Ammonium) ပုံစံသို့ ပြောင်းလဲပေးသည်။

ဓာတ်မြေဩဇာ လိုအပ်ချက်ကို လျှော့ချခြင်း: ဤလုပ်ဆောင်ချက်ကြောင့် စိုက်ပျိုးရေး စနစ်များတွင် နိုင်ထရိုဂျင် ဓာတ်မြေဩဇာများ အသုံးပြုရမှုကို လျှော့ချနိုင်သည် သို့မဟုတ် လုံးဝ အသုံးမပြုဘဲ စိုက်ပျိုးနိုင်ပါသည်။

(ခ) သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းမှ ရရှိသော အကျိုးကျေးဇူးများ (Pre-crop Effect)

ပဲပင်များကို ကြိုတင် စိုက်ပျိုးခြင်းသည် နောက်မှ စိုက်မည့် သီးနှံများအတွက် မြေဆီလွှာ ကို သိသိသာသာ ကောင်းမွန်စေသည်။ 

နိုင်ထရိုဂျင်၏အာနိသင် (Nitrogen Effect): ပဲပင်များကို ရိတ်သိမ်းပြီးနောက် ကျန်ရှိသော အကြွင်းအကျန်များမှ နိုင်ထရိုဂျင်ကို မြေဆီလွှာအတွင်းသို့ ပြန်လည် ထုတ်ပေးသည်။  ဥပမာအားဖြင့် - ကလိုဗာအနီ (Red clover) စိုက်ပျိုးခဲ့သော မြေတွင် နောက်မှ စိုက်သည့် နှံစားသီးနှံအတွက် နိုင်ထရိုဂျင် လိုအပ်ချက်ကို တစ်ဟက်တာလျှင် ၃၀ မှ ၄၀ ကီလိုဂရမ် (30-40 kg/ha) အထိ လျှော့ချပေးနိုင်၊ လျှော့သုံးနိုင်ပါသည်။ 

ရောဂါဖြစ်စဉ်သံသရာကို ဖြတ်တောက်ခြင်း (Break-crop Effect): ပဲပင်များသည် မြေဆီ လွှာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၊ ပိုးမွှားများနှင့် ပေါင်းပင်များ၏ ဘဝသံသ ရာကို ဖြတ်တောက်ပေးသည့် "ကြားဖြတ်သီးနှံများ" အဖြစ် လုပ်ဆောင်နိုင်ပါသည်။ 

အဏုဇီဝသက်ရှိများ တိုးပွားခြင်း (Enhance Plant-Growth promoting Microbes e.g. Fungus, Bacteria): ပဲပင်များသည် မြေဆီလွှာအတွင်းရှိ အပင်ကြီးထွားမှုကို အားပေး သော ဘက်တီးရီးယား များကို တိုးပွားစေပြီး နောက်သီးနှံများ ရှင်သန်မှုကို အထောက် အကူပြုပါသည်။ 

(ဂ) မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝဗေဒဆိုင်ရာ တိုးတက်မှုများ

ပဲပင်များသည် မြေဆီဩဇာတိုးတက်လာစေရေး (တနည်း) မြေဆီလွှာ၏ ကျန်းမာရေးကို ရေရှည်အတွက် ပြန်လည်ကောင်းမွန်စေနိုင်ပါသည်။ 

မြေဆီလွှာ တည်ဆောက်ပုံ: ပဲပင်များ၏ နက်ရှိုင်းသော ရေသောက်မြစ်စနစ်များ (Deep-rooted tap Root System ဥပမာ - လူဆန် Lucerne သို့မဟုတ် တရုတ်ပဲ၊ တောင်ကြီးပဲ Faba bean) သည် မြေဆီလွှာအတွင်း ရေဝင်ရောက်မှုကို ကောင်းမွန်စေပြီး နောက်ပိုင်း စိုက်ပျိုးသော သီးနှံများ၏ အမြစ်များ လွယ်ကူစွာမြေအောက်သို့ဆင်းနိုင်ရန် လမ်းကြောင်း များ ဖန်တီးပေးပါသည်။ 

အော်ဂဲနစ်ဒြပ်ပေါင်းနှင့်ကာဗွန်: ပဲပင်များပါဝင်သော သီးနှံအလှည့်ကျစိုက်ပျိုးခြင်းသည် မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ဒြပ်ပေါင်းများကို တိုးတက်စေပြီး ကာဗွန် သိုလှောင်မှု (Carbon storage) ကို မြှင့်တင်ပေးသည်။

မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ခြင်း: ပဲပင်များကို မြေဖုံးပင်များ (Cover Crops) အဖြစ် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ တိုက်စားမှုကို လျှော့ချပေးနိုင်ပြီး အဖိုးတန် အာဟာရဓာတ် များ ရေနှင့်အတူ မျောပါဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ 

(ဃ) ပဲမျိုးရင်းဝင် အပင်များမှပြုလုပ်သော သစ်စိမ်းမြေဩဇာများ (Legume-based Green Manures - LGMs)

ကလိုဘာ (Clover)၊ ဘက်ချ် (Vetch)၊ လူဆန် (Lucerne)၊ ပဲဒီစိမ်း (Green Gram)၊ ပဲလွန်း (Cowpea) ကဲ့သို့သော ပဲပင်များကို ရိတ်သိမ်းရန်၊ အစေ့ရသည်အထိ စောင့်ဆိုင်း ရန်၊ ရောင်းချရန် မဟုတ်ဘဲ မြေဆီလွှာ အာဟာရ ပြည့်ဝစေရန်အတွက်သာ "သစ်စိမ်း မြေဩဇာ" အဖြစ် စိုက်ပျိုးရမည်ဖြစ်ပါသည်။

မြေဆီဩဇာထည့်သွင်းပေးခြင်း: ဤအပင်များကို မြေထဲသို့ ထွန်ယက် ထည့်သွင်းပေးခြင်း ဖြင့် အရည်အသွေးမြင့် အော်ဂဲနစ်ဒြပ်ပေါင်းများနှင့် နိုင်ထရိုဂျင်ဓာတ်များကို နောက်စိုက် မည့် အဓိက စိုက်ပျိုးမည့်သီးနှံများထံသို့ အထိရောက်ဆုံး လွှဲပြောင်းပေးနိုင်ပါသည်။

မြေဆီလွှာ ကျန်းမာရေး: ဤနည်းလမ်းသည် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ၏ လှုပ်ရှားမှုကို ပိုမို အားကောင်းစေပြီး မြေဆီလွှာကို ရေရှည် တည်တံ့ ကောင်းမွန်စေသည်။

စာရေးသူ၏အတွေး

တောင်သူဦးကြီးများ၏ စိုက်ပျိုးမြေများတွင် လက်ရှိဓာတ်မြေဩဇာ ဈေးနှုန်း ကြီးမြင့် နေမှုကို အစားထိုး သဘာဝမြေဩဇာများ ထည့်သွင်းပေးရုံသာမက စိုက်ခင်းများတွင် ပဲမျိုးစုံသီးနှံများ (Food Legumes)၊ တိရိစ္ဆာန်အစာ စားကျက်ပဲသီးနှံများ (Forage or Pasture Legumes)၊ စားကျက်ပဲ ပင်ကြီးများ (Tree Legumes) တိုးချဲ့ရောနှော စိုက်ပျိုး ပေးခြင်းအားဖြင့် မြေဆီဩဇာ နဲပါးသွားမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင် ပါသည်။

ပဲမျိုးစုံသီးနှံများ ရောင်းချခြင်းဖြင့် တောင်သူကြီးများ အတွက်အပိုဝင်ငွေရရှိနိုင်ပြီး စား ကျက်ပဲပင်များက တောင်သူကြီးများ တွဲဖက်မွေးမြူထားသော ကျွဲ၊နွား၊ သိုး၊ ဆိတ်စသည့် စားမြုံ့ပြန် တိ ရိစ္ဆာန်များ ကို အသား၊ နို့ထွက်များ ပိုမိုတိုးပွားကာ ဝင်ငွေတိုးပွား စေနိုင်ပါ သည်။

ပဲမျိုးစုံသီးနှံများ သီးထပ်၊ သီးညှပ်စိုက်ပျိုးမှုအပြင် အောက်ပါနည်းလမ်းများကိုလည်း သီးနှံအထွက်ကို မလျော့နဲစေရန် အသုံးပြုနိုင်ပါသည်၊

(၁) မြေဆီလွှာ အဟာရဓာတ်ကို သဘာဝအတိုင်း ရရှိအောင် မြှင့်တင်ခြင်း

- နွားချေး/ဝက်ချေး/ကြက်ချေးဆွေးမြေဩဇာများ (Farm Yard Manures) တောင်သူ ကြီးများ ကိုယ်တိုင်ပြုလုပ် နိုင်ပါသည်၊ ရေရှည်မြေဆီဩဇာကောင်းမွန်နိုင်ပါသည်၊ 

- သစ်စိမ်းမြေဩဇာ (Green Manure - ပိုက်ဆံလျှော်၊ ညံပင်၊ ပဲမျိုးစုံ အပင်များ) စိုက်ပျိုး ပြီး ပန်းမပွင့်ခင်၊ ပန်းပွင့်စ (စိုက်ပျိုးပြီး ၄၅-၆၀ ရက်အတွင်း) မြေကြီးအတွင်း ထယ်ထိုး မြှုပ်နှံပါက နိုက်ထရိုဂျင်နှင့်အခြား အဟာရဓာတ် အများဆုံး ရရှိနိုင်ပါသည်၊ 

- သစ်ရွက်ဆွေးမြေဩဇာ (Crop Residues) – သီးနှံပင်ရိတ်သိမ်း၊ ချွေလှေ့ပြီး ကျန်ရှိသော ကောက်ရိုး၊ ပြောင်းဖူးခွံ၊ ပဲရိုး၊ ပဲမှော်တို့ကို မြေကြီးထဲသို့ ပြန်မြှုပ်ခြင်းဖြင့် အဟာရဓာတ် များ ပြန်လည်ရရှိနိုင်ပါသည်၊

(၂) ဇီဝမြေဩဇာ (Bio-Fertilizer) သုံးစွဲခြင်း

(၂-က) တြိုင်ဂိုဒါးမားမှို မြေဩဇာ (Fungus - Trichoderma) – သီးနှံပင်များ အမြစ်ပုပ် ရောဂါကို ကာကွယ်ပေးပြီး၊ မြေဆီလွှာမှ အာဟာရဓာတ် စုပ်ယူမှုကောင်းမွန်နိုင်ပါသည်၊

(၂-ခ) လေထုနိုက်ထရိုဂျင်ကို အပင်များအသုံးပြုနိုင်အောင် ဖမ်းယူပေးသော ဘက်တီး ရီးယားများမှာ -

(၂-ခ-၁) လွတ်လပ်သောလေဝင်လေထွက်လို (Free-Living aerobic) – အဇိုစပိုင်ရဲလမ် (Azospirillum)၊ အဇိုတိုဘက်တာ (Azotobacter)၊ ဘိတ်ဂျားရင်ကီယား (Beijerinckia) ဘက်တီးရီးယား

(၂-ခ-၂) လွတ်လပ်သောလေဝင်လေထွက်မလို (Free-Living anaerobic) - ကလော့စတိ ဒီယမ် (Clostridium)

(၂-ခ-၃) ပဲပင်တွင်အပြန်အလှန်အကျိုးပြုသော (Symbiotic) ပဲမြစ်ဖုထွက် (Nodule) ၍ အသုံးပြုသော ရိုက်ဇိုဘီယမ် (Rhizobium) ဘက်တီးရီးယားများ ဖြစ်ပါသည်။ 

(၂-ဂ) မိုင်ကိုရိုက်ဇာမို (Mycorrhiza Fungus) – ဖော့စဖရပ်စုပ်ယူမှုကောင်းစေသော ဇီဝမြေဩဇာဖြစ်ပါသည်၊ 

ဤဇီဝမြေဩဇာများကို ရေဆင်းစိုက်ပျိုးရေးသုတေသနဌာန တွင်ဝယ်ယူနိုင်ပြီး တစ်ဧက လျှင် ၁၀၀၀၀-၂၀၀၀၀ကျပ်သာ ကုန်ကျနိုင်ပါသည်၊ ဥပမာ - တြိုင်ကိုဒါးမား တစ်အိပ် ၂၀၀၀-ကျပ်၊

(၄) ထိရောက်သော ဓာတ်မြေဩဇာအသုံးချနည်းများ (Efficient Fertilizer Application)

- အရွက်မှမြေဩဇာဖြန်းပေးခြင်း (Foliar Application) – ယူရီးယား ၂% (၂လီတာ/ တစ်ဧက) ကို ဆေးဖျန်းပုံးတွင် အရည်ဖျော်၍ နံနက်စောစော သို့မဟုတ် ညနေဖြန်းပါ (အပင်မှတိုက်ရိုက်စုပ်ယူနိုင်ပါသည်)

- အာဟာရချို့တဲ့မှုကို အဟာရဓာတ်တစ်မျိုးခြင်းအလိုက်ဖြေရှင်းပေးနည်း – သီးနှံ တစ်မျိုးစီ၏ အဟာရဓာတ်ချို့တဲ့မှုပြသော လက္ခဏာအလိုက် အဟာရဓာတ် တစ်မျိုး တည်းသာ ထပ်မံဖြည့်ပေးခြင်း ဖြစ်ပါသည်။ 

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Burt, R.L.; Lazier, J.R. and Ahmad, N. (2016) Providing Pasture and Ley Legumes for use on clay soils in tropical and sub-tropical environments. In ‘Tropical Forage Legumes’ CABI. pp. 21-27

Murphy-Bokern; Stoddard, F.L. and Watson, C.A. (2017) Legumes in Cropping Systems. CABI. 280p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်