အမျှင်ထွက်သီးနှံအပင်များ အကြောင်းမရေးခင် စိုက်ပျိုးရေးသိပ္ပံဘာသာကြီး၏ ဘာသာခွဲများ (Branches of Agriculture) ကို ကမ္ဘာ့နိုင်ငံအချို့က အဓိပ္ပာယ်ဖော်ဆောင်ရာတွင် စိုက်ပျိုးသီးနှံနှင့်အပင်များ (Cultivated Crops and Plants) သစ်တောပညာ (Forestry)၊ ပတ်ဝန်းကျင်သိပ္ပံ (Environmental Science)၊ မွေးမြူရေးသိပ္ပံ (Animal Science)၊ ငါးလုပ် ငန်း/ရေလုပ်ငန်း (Fishery or Aquaculture)၊ စိုက်ပျိုးရေးအင်ဂျင်နီယာ (Agricultural Engineering)၊ လူမှုရေးသိပ္ပံ (Social Science)၊ အစားအသောက်သိပ္ပံ (Food Science) စသည်ဖြင့် ဘာသာ များ စုပေါင်းထားပါသည်။ တစ်ချို့နိုင်ငံကလည်း ဘာသာရပ်များ ခွဲထုတ် ထားပါသည်။
ထိုမှ လယ်ယာသီးနှံ (Agronomy)၊ ဥယျာဉ်ခြံသီးနှံ (Horticulture)၊ မြေဆီလွှာသိပ္ပံ (Soil Science)၊ ရေသိပ္ပံ (Water Science)၊ သီးနှံအထွက်တိုးတက်ရေးနှင့် အပင်မျိုးမွေးမြူ ရေး (Crop Improvement and Plant Breeding)၊ အပင်ကာကွယ်ရေး (Plant Protection)၊ စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics)၊ စိုက်ပျိုးရေးဇီဝနည်းပညာ (Agricultural Biotechnology)၊ တောင်သူပညာပေး (Agricultural Extension)၊ စိုက်ပျိုးရေးအဏုဇီဝဗေဒ (Agricultural Microbiology) စသည်ဖြင့် ထပ်မံခွဲထုတ်နိုင်ပါသည်၊
လယ်ယာသီးနှံဘာသာမှနေ၍ သီးနှံသိပ္ပံ (Crop Science)၊ စားကျက်သိပ္ပံ (Pasture Science)၊ မျိုးစေ့သိပ္ပံ (Seed Science)၊ ပေါင်းသိပ္ပံ (Weed Science) (တစ်ချို့က အပင်ကာ ကွယ်ရေး ဘာသာကြီးအောက်တွင် ကိမိလဗေဒ - အင်းဆက်ဖျက်ပိုး (Entomology – Insect Pests)၊ အပင်ရောဂါ (Plant pathology) ဘာသာတို့နှင့်တွဲထားကြပါသည်)၊ သီးနှံဇီဝကမ္မ ဗေဒ (Crop Physiology)၊ လယ်ယာသီးနှံဆိုင်ရာဂေဟဗေဒ (Agroecology) စသည်ဖြင့် ခွဲထွက်လေ့လာကြပါသည်၊
လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်ရေး (Field Crops production) မှ နှံစားသီးနှံ (Cereal Crops)၊ ဆီထွက်သီးနှံ (Oilseed Crops)၊ သကြားထွက်သီးနှံ (Sugar Crops)၊ ပဲမျိုးစုံ (Food Legumes)၊ စသည်တို့ခွဲထုတ်ရာမှ အမျှင်ထွက်သီးနှံများ (Fiber Crops) အကြောင်းကို ရေးသားပါမည်။
ကမ္ဘာပေါ်ရှိ အမျှင်ထွက်သီးနှံများ၏ အခန်းကဏ္ဍနှင့် အရေးပါမှု
အမျှင်ထွက်သီးနှံများ (Fiber crops) သည် ကမ္ဘာ့စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စီးပွားရေး၊ အလုပ်အကိုင်ဖန်တီးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် အရေးပါသော အခန်းကဏ္ဍ မှပါဝင်လျှက်ရှိပါသည်။ အဆိုပါသီးနှံများကို အမျှင် (fiber) ရရှိရန် စိုက်ပျိုးကြပြီး အဝတ် အထည်၊ ကြိုး၊ စက္ကူ၊ ထုပ်ပိုးပစ္စည်းနှင့် ခေတ်မီဇီဝအခြေခံပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြု ကြသည်။
အမျှင်ထွက်သီးနှံဆိုသည်မှာ ဘာလဲ?
အမျှင်ထွက်သီးနှံသည် အပင်၏ အစိတ်အပိုင်းအမျိုးမျိုးမှ အမျှင်ရရှိစေရန် စိုက်ပျိုးသော သီးနှံများ ဖြစ်သည်။
ဥပမာ - Cotton (ဝါချည်)
(ခ) ပင်စည်အခွံမှရသော အမျှင် (Bast Fiber)
ဥပမာ - Jute (ဂုန်လျှော်)၊ ချဉ်ပေါင်လျှော် (Kenaf)၊ ဘီသွာလျှော် (Flax)၊ မနီလာလျှော် (Hemp)
(ဂ) အရွက်မှရသော အမျှင် (Leaf Fiber)
ဥပမာ - နာနတ်လျှော် (Sisal)၊ ဌက်ပျောလျှော် (Abaca)
(ဃ) အသီးမှရသော အမျှင် (Fruit Fiber)
ဥပမာ - အုန်းခွံအမျှင် (Coir)
ပုံ - ၁ အမျှင်ထွက်အပင်များ
ကမ္ဘာပေါ်တွင် အမျှင်ထွက်အပင်များ၏ အခန်းကဏ္ဍ
(၁) အဝတ်အထည်လုပ်ငန်း (Textile Industry) တွင် အခန်းကဏ္ဍ
အဝတ်အထည်လုပ်ငန်းသည် အမျှင်ထွက်အပင်များ ရရှိမှုအပေါ် အလွန်မူတည်နေသည်။
ထုတ်လုပ်သောပစ္စည်းများမှာ - အဝတ်အစားများ၊ မျက်နှာသုတ်ပဝါ၊ အိပ်ယာခင်းများ၊ ကော်ဇောများ၊ စက်မှုသုံးအထည်များ၊ ဆေးဘက်ဆိုင်ရာ အထည်များ
ဝါချည် (Cotton) သည် ကမ္ဘာပေါ်တွင် အသုံးများဆုံး သဘာဝအမျှင် ဖြစ်သည်။
အမျှင်ထွက်အပင် မရှိလျှင် လူသားများသည် ပိုလီယက်စတား (Polyester) ကဲ့သို့ ဓာတုအမျှင်များ (ချည်မျှင်တု - Synthetic Fiber) အပေါ် ပိုမိုမှီခိုရမည် ဖြစ်သည်။
(၂) စီးပွားရေးဆိုင်ရာ အခန်းကဏ္ဍ
အမျှင်ထွက်အပင်များသည် နိုင်ငံတိုင်းနှင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသည်။
စိုက်ပျိုးထုတ်လုပ်မှု၊ ပို့ကုန်ဝင်ငွေ၊ စက်မှုလုပ်ငန်းများ၊ ကုန်သွယ်မှု၊ အလုပ်အကိုင်ဖန်တီးမှု ကဏ္ဍများတွင် အထောက်အကူပြုသည်
ဥပမာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဂုံလျှော် (Jute) လုပ်ငန်းမှ ဝင်ငွေအများအပြား ရရှိသည်။ အိန္ဒိယနိုင်ငံသည် ဝါ (Cotton) နှင့် ဂုံလျှော် (Jute) မှ ဝင်ငွေရရှိသည်။ ဘရာဇီးနိုင်ငံသည် ဝါ (Cotton) နှင့် နာနတ်လျှော် (Sisal) ကို တင်ပို့သည်။
(၃) အလုပ်အကိုင် ဖန်တီးမှု
အမျှင်ထွက်အပင်များသည် အလုပ်အကိုင်များစွာ ဖန်တီးပေးပါသည်။
လယ်ယာစိုက်ပျိုးရေးအဆင့်တွင် မြေပြင်ပြင်ဆင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေပေးသွင်းခြင်း၊ ရိတ်သိမ်းခြင်း၊ စက်မှုလုပ်ငန်းတွင် ပြုပြင်ထုတ်လုပ်ခြင်း၊ ချည်မျှင်ထုတ်လုပ်ခြင်း၊ ယက် လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည်တို့ဖြစ်ပါသည်၊ ကမ္ဘာတစ်ဝှမ်းရှိ လူ သန်းပေါင်းများစွာသည် အမျှင်ထွက်အပင်များအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်း ပြုနေကြပါသည်။
(၄) ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အခန်းကဏ္ဍ
အမျှင်ထွက်အပင်များသည် - တောင်သူလယ်သမားများဝင်ငွေ တိုးစေသည်၊ အသေးစား စက်မှုလုပ်ငန်းများ တိုးတက်စေသည်၊ ဆင်းရဲမှုလျှော့ချစေသည်။ လူနေမှုဘဝ အဆင့် မြှင့်တင်ပေးနိုင်သည်။
(၅) စက်မှုလုပ်ငန်းများတွင် အသုံးပြုမှု
အမျှင်ထွက်အပင်များကို အဝတ်အထည်သာမက အခြားလုပ်ငန်းများတွင်လည်း အသုံးပြုသည်။
ဥပမာ - စက္ကူထုတ်လုပ်ခြင်း၊ ဇီဝပလတ်စတစ် (Bioplastics)၊ ကြိုးထုတ်လုပ်ခြင်း၊ ဘူမိအထည် (Geotextiles)၊ အပူကာပစ္စည်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ
ဥပမာအားဖြင့် မနီလာလျှော် (Hemp) နှင့် ချဉ်ပေါင်လျှော် (Kenaf) ကို ကားအတွင်းပိုင်း ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုလာကြသည်။
(၆) ပတ်ဝန်းကျင်ဆိုင်ရာ အခန်းကဏ္ဍ
အမျှင်ထွက်အပင်များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသည်။
အကျိုးကျေးဇူးများ
(က) ဇီဝပျက်စီးနိုင်ခြင်း (Biodegradable)
သဘာဝအမျှင်များသည် ဓာတုအမျှင်များထက် အလိုအလျှောက် ပိုမိုပျက်စီးလွယ်သည်။
(ခ) ပလတ်စတစ်အသုံးပြုမှု လျှော့ချခြင်း
ဂုံလျှော်နှင့် ချဉ်ပေါင်လျှော်သည် ပလတ်စတစ်ထုပ်ပိုးပစ္စည်းများကို အစားထိုးနိုင်သည်။
(ဂ) ကာဘွန် (Carbon) စုပ်ယူနိုင်ခြင်း
အပင်များသည် ကြီးထွားစဉ် ကာဘွန်ဒိုင်အောက်ဆိုက် (Carbon dioxide) ကို စုပ်ယူသည်။
(ဃ) မြေဆီလွှာထိန်းသိမ်းခြင်း
အမျှင်ထွက်အပင်အချို့သည် မြေဆီလွှာတိုက်စားမှု လျှော့ချပေးသည်။
(င) ပြန်လည်ထုတ်လုပ်နိုင်သော အရင်းအမြစ်ဖြစ်ခြင်း
ပြန်လည်စိုက်ပျိုးနိုင်သော၊ ရေရှည်တည်တံ့သော သဘာဝအရင်းအမြစ် ဖြစ်သည်။
စာရေးသူ၏အတွေး
ယနေ့ခေတ် ဆစ်ဒနီတက္ကသိုလ်တွင် လက်တွေ့သင်ကြားနေမှုမှာ မြန်မာနိုင်ငံ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ စာရေးသူတို့ကျောင်းသား ဘဝကတည်းက လယ်ယာ သီးနှံဌာနတွင် ယနေ့အထိ သင်နေသော နှံစားသီးနှံ၊ ဆီထွက်သီးနှံ၊ အမျှင်ထွက်သီးနှံ စသည်ဖြင့် ‘သည်၊ ၏’ မလွဲသင်မနေတော့ပါ။ အရေးကြီးသောသီးနှံ၊ အရေးကြီးသောရောဂါ (ဥပမာ - ဆစ်ဒနီ တက္ကသိုလ်၊ အပင်မျိုးမွေးမြူရေးဌာန (Plant Breeding Institute, Uni of Sydney) တွင် ဂျုံပင် သံချေးရောဂါ (Wheat Rust) သာ ဩစတေလျ ဂျုံများကို အဓိက ဖျက်ဆီးသော ရောဂါဖြစ်ပြီး မှိုရောဂါ၊ ဘက်တီးရီးယားရောဂါ၊ ဗိုင်းရပ်ရောဂါ စသည်ဖြင့် သင်မနေတော့ဘဲ အနှစ် ၁၀၀ နီးပါးလုံးလုံး သံချေးရောဂါခံနိုင်ရည် ရှိသော မှိုမျိုးမွေးမြူနည်းကို တစ်စိုက်မတ်မတ် သုတေသနပြု၊ သင်ကြားပေးနေကြသည် ကိုတွေ့ရပါသည်။
ကျန်တာတွေက လိုအပ်မှ အင်တာနက် (Internet)၊ စာကြည့်တိုက်များတွင် ရှာဖွေဖတ်နိုင်သည်ဟုပြောပါသည်။ ‘Jack of all Trades, Master of None‘ မဟုတ်တော့ပါ။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Basrs, A.S. and Randhawa, L.S. (2002) Quality Improvement in Field Crops. CRC Press. 431p.
Pratley, J. (2003) Principles of Field Crop Production. Oxford University Press. 4th Ed. 550p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။