အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၂၄) အခန်း(၁၁) စိုက်ပျိုးရေးမိုးလေဝသပညာ

23/05/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

စိုက်ပျိုးရေး မိုးလေဝသပညာမှာ သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုသော ရာသီဥတုအချက်အလက်များ လေ့လာခြင်းပညာဖြစ်ပါသည်။

(The study of weather and use of climate information to enhance or expand agricultural crops and/or to increase crop production)

စိုက်ပျိုးရေးမိုးလေဝသပညာသည် အောက်ပါသိပ္ပံဘာသာရပ်ပေါင်းစုံကို စုပေါင်းလေ့လာခြင်း ဖြစ်ပါသည်။

(က) မြေဆီလွှာသိပ္ပံ (Soil Science)

(ခ) ရူပဗေဒ (physics)

(ဂ) ဓါတုဗေဒ (Chemistry)

(ဃ) ဇလဗေဒ (Hydrology)

(င) မိုးလေဝသပညာ (Meteorology)

(စ) ရာသီဥတုပညာ (Climatology)

(ဆ) လယ်ယာသီးနှံပညာ (Agronomy)

(ဇ) ဥယျာဉ်ခြံသီးနှံပညာ (Horticulture)

(ဈ) အပင်ဇီဝကမ္မဗေဒ (Plant Physiology)

(ည) မွေးမြူရေးသိပ္ပံပညာ (Animal Science)

Weather နှင့် Climate ကွာခြားမှု (Source – Marvi and Tupper, 2004)

Weather မှာ ကမ္ဘာ့လေထု (Atmosphere) အတွင်း ခေတ္တ၊ ခဏတာ ပြောင်းလဲမှုကို ဆိုလိုပါသည်။ (Short Term Changed in the Atmosphere)

Climate မှာ ရာသီဥတုသည် နေရာဒေသတစ်ခုအတွင်း ကာလရှည်ကြာစွာ ဖြစ်ပေါ်နေ မှုကို ဆိုလိုပါသည်။ (What the weather is like over a long period of time in a specified area)

 

ရာသီဥတုနှင့် မိုးလေဝသပညာကို လေ့လာရန် အချက်(၆) ချက် ရှိပါသည်။

(က) အပူချိန် (Temperature)

စိုက်ပျိုးရန်ရွေးချယ်မည့် နေရာတစ်ခု၏အပူချိန်သည် လတ္တီတွဒ် (Latitude)၊ ပင်လယ်ရေပြင် မှအမြင့် (Altitude/Elevation)၊ ပင်လယ်ပြင်မှအကွာအဝေး (Distance from the Sea)၊ တိမ်ဖုံးမှု (Cloud Coverage)၊ မိုးရွာသွန်းမှု (Rain) အပေါ် မူတည်သည်။

နေ့တာညတာ ညီမျှရက်များ။ ။ မတ်လ ၂၁ ရက်နေ့နှင့် စက်တင်ဘာလ ၂၁ ရက်နေ့၌ နေ (ရောင်ခြည်)သည် ကမ္ဘာ၏အလယ်တည့်တည့် အီကွေတာပေါ်တွင် ရောက်လာသည်။ ထိုနေ့များ၌ ကမ္ဘာတစ်ဝန်းလုံးတွင် နေ့တာ ညတာ တူညီသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာ၏ မြောက်ဘက်(လုံး)ခြမ်းတွင် ဆောင်းဦးပေါက်ရာသီ (Autumn) ဖြစ်၍ တောင်ဘက်တွင် နွေဦးပေါက်ရာသီ (Spring) ဖြစ်၏။ မတ်လ ၂၁ ရက်နေ့တွင်မူ မြောက်ဘက်ခြမ်းနှင် တောင်ဘက်ခြမ်း ပြောင်းပြန်ဖြစ်သည်။

ကမ္ဘာ့မြောက်ဘက်ခြမ်းနွေရာသီ ။ ။ ဇွန်လ ၂၁ ရက်နေ့တွင် နေရောင်ခြည် ၂၃ ၁/၂ ဒီဂရီအကွာ ဥတ္တရယဉ်စွန်းတန်းပေါ်၊ သို့မဟုတ် ကမ္ဘာ့မြေက်ဘက်ခြမ်း နေသွားလမ်း၏ အစွန်းဆုံး နေရာပေါ်တွင် မွန်းတည့်သည်။ ထိုအခါ ကမ္ဘာ၏ မြောက်ဘက်ခြမ်းတွင် နွေဥတု (Summer) ဖြစ်၍ တောင်ဘက်ခြမ်းတွင် ဆောင်းဥတု (Winter) ဖြစ်သည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနွေရာသီ ။ ။ တစ်ဖန် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဗဟိုစက်ဝိုင်း တောင်ဘက် ၂၃ ၁/၂ ဒီဂရီအကွာရှိ ဒက္ခိဏယဉ်စွန်းတန်း သို့မဟုတ်၊ တောင်ဖက်ခြမ်း နေသွားလမ်းအဆုံးသို့ နေရောင်ခြည်သည် တည့်တည့်မတ်မတ် ရောက်ပြန်သည်။ ထိုအချိန်၌ မြောက်ဘက်ခြမ်းတွင် ဆောင်းတွင်းဖြစ်နေ၍ တောင်ဘက်ခြမ်းတွင် နွေဖြစ်နေလေသည်။

ကမ္ဘာ့အပူပိုင်းဒေသ ။ ။ ဤသည်ကား ကျွန်ုပ်တို့၏ ကမ္ဘာ့ကြီး၌ ယေဘုယျအားဖြင့် တွေ့ရှိရသော ရာသီဥတုမျိုး ဖြစ်လေသည်။ မြောက်ဖက်ကမ္ဘာခြမ်း (၂၃ နှစ်ပိုင်းတစ်ပိုင်း) ဒီဂရီ ဥတ္တရယဉ်စွန်းတန်းနှင့် တောင်ဘက်ကမ္ဘာခြမ်း (၂၃ နှစ်ပိုင်းတစ်ပိုင်း) ဒီဂရီ ဒက္ခိဏယဉ်စွန်းတန်းအတွင်း မည်သည့်နေရာတွင်မဆို နေရောင်ခြည် တစ်နှစ်လျှင်တစ်ကြိမ် သို့မဟုတ် ၂ ကြိမ် မွန်းတည့် ကျရောက် သဖြင့် ထိုနေရာတို့သည် အလွန်ပူပြင်းသည်။ ထိုကြောင့်ထိုဒေသကို အပူပိုင်းဒေသ (Tropical Region) ဟုခေါ်သည်။

(ခ) မိုးရေချိန် (Rainfall) မိုးရွာခြင်း သို့မဟုတ် ဆီးနှင်းကျခြင်း (snowfall)

ပမာဏ (Precipitation)

မိုးရေချိန်သည် စိုက်ပျိုးရေးတွင်အရေးအကြီးဆုံး သတ်မှတ်ချက် (Parameter) ဖြစ်ပါသည်။ မိုးရွာချိန် (Time)၊ မိုးရေချိန် (Amount) လက်မ (inch) သို့မဟုတ် မီလီမီတာ (milimeter)၊ ရွာသွန်းရက်၊ ကြာမြင့်မှု (Distribution and Duration) သည် တနေရာနှင့်တနေရာမတူ၍ စိုက်ပျိုးရေးအတွက် ဂရုစိုက်ရမည်ဖြစ်ပါသည်။

(ဂ) နေရောင်ခြည်ရရှိမှု (Solar Radiation)

နေရောင်ခြည်သည် အကြမ်းအားဖြင့် တမိနစ်၊ တစ်စင်တီပတ်လည်၌ ၂-ကယ်လိုရီ (2 cal/cm2/min) ရရှိပါသည်။ အပင်များရုပ်တည်အစာချက်ခြင်း (Photosynthesis) အတွက် အလွန်အရေးပါသော အလင်းရောင်ဖြစ်ပါသည်၊ နွေစပါးသည် မိုးစပါးထက်အထွက်ပိုရခြင်းက ကျန်အတိုင်းအတာ များ (Parameter) တူညီပါက နေရောင်ခြည်ရရှိမှု ပိုမိုသောကြောင့်ဖြစ်ပါသည်။

(ဃ) ကမ္ဘာ့လေထုဖိအား (Atmospheric Pressure)

ကမ္ဘာ့လေထုထဲတွင် အပင်များအတွက် အရေးပါသော ဓာတ်ငွေ့များ နိုက်တြိုဂျင် (Nitrogen) - ၇၈% ၊ အောက်ဆီဂျင် (Oxygen) - ၂၁%၊  ကာဘွန်ဒိုင်အောက်ဆိုက် (Carbon Dioxide) -  ၀.၀၄%  များပါဝင်ပါသည်။ လေထဲမှနိုက်တြိုဂျင် (Nitrogen) ကို အပင်များရှိ အကျိုးပြုရိုက်ဇိုဘီယမ် ဘက်တီးရီးယား (Rhizobium Bacteria) က များစွာဖမ်းယူပေးခြင်းအားဖြင့်၎င်း၊ လေထုမှ နိုက်တြိုဂျင် ဓါတ်ငွေ့ကို ဓါတ်မြေသြဇာများ (Fertilizers) အဖြစ်ပြောင်းလဲပေးနိုင်သည့် သုတေသန (Research)၊ နည်းပညာ (Technology) များများရစေခြင်းဖြင့် တောင်သူလယ်သမားများအတွက် အကျိုးရှိနိုင်ပါသည်။ အောက်ဆီဂျင်သည် အပင်များရက်စပီရေးရှင်း၊ ဓာတ်ငွေ့ဖလှယ်ခြင်း (Respiration) တွင်အရေးပါပါသည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် အပင်များရုပ်တည်အစာချက်ခြင်း (Photosynthesis) အတွက် အလွန်အရေးပါသော ဓာတ်ငွေ့ဖြစ်ပါသည်။

(င) စိုထိုင်းဆ (Relative Humidity)

ရေငွေ့ (Vapour ) ပါဝင်မှု အနည်းအများသည် ပိုးမွှား (Insect Pests) ရောဂါ (Plant Disease) ကျရောက်မှု အနည်းအများအတွက် အလွန်အရေးကြီးပါသည်။ သီးသန့်ဆွေးနွေးပါမည်။

(စ) တိမ်ထူထပ်မှု (Cloudiness)

တိမ်ထူထပ်မှုအနည်းအများနှင့် မိုးရွာသွန်းမှု၊ အပင်များအတွက် နေရောင်ချည်ရရှိမှုအနည်းအများပေါ် မူတည်ပြီး အပင်ကြီးထွားမှု၊ အထွက်နှုန်းများ ကွာခြားသွားနိုင်ပါသည်။

(ဆ) လေတိုက်နှုန်း (Wind)

အပူပိုင်းမိုးနည်းရေရှား ဒေသများတွင် လေတိုက်နှုန်းကြောင့်သီးနှံအထွက်နည်းနိုင်သဖြင့် လေကာပင်များ (Wind Break) စိုက်ပျိုး၍ ကာကွယ်ပေးရပါမည်။

ကမ္ဘာမြေ (Earth) ပေါ်တွင် ရာသီဥတု(၅)မျိုး ရှိပါသည်။

(က) Tropical Weather အပူပိုင်းရာသီ

(ခ) Dry Weather ခြောက်သွေ့ရာသီ

(ဂ) Temperate Weather သမပိုင်းရာသီ

(ဃ) Continental Weather ကုန်းမြေ (သို့မဟုတ်) ဥရောပပင်မမြေရာ

(င) Polar Weather ဝင်ရိုးစွန်းရာသီ တို့ဖြစ်ပါသည်။

 

စိုက်ပျိုးရေးနှင့် မိုးလေဝသ။ ။ စိုက်ပျိုးရေးလုပ်ငန်းသည် မိုးလေဝသအပေါ်တွင် အမှီသဟဲပြု၍ လုပ်ကိုင်ရသည်။ မိုးလေဝသသည် လူကထိန်းချုပ်၍မရသဖြင့် လူကချုပ်ထိန်း၍ရသော စိုက်ပျိုးမှုကို ပြောင်းလဲပြုပြင်ပြီး မိုးလေဝသကို မှီး၍ လိုက်ရပေမည်။

ရာသီဥတုဖြစ်ပေါ်လာခြင်း။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ရာသီဥတုကို မလေ့လာမီ ကမ္ဘာ့ ရာသီခွင်ကို သိနားလည်ရန် လိုအပ်သည်။ တောင်နှင့် မြောက်ဝင်ရိုးစွန်းသည် နေ၏ တစ်နှစ်ပတ်လုံး ရောင်ခြည်ထိုးဟပ်မှု ထောင့်မှန်အတိုင်း မတ်မနေဘဲ တစ်ဘက်သို့ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ စောင်းနေ သည်။ နဂို စောင်းနေသည့်အတိုင်း ကမ္ဘာကနေကို တစ်နှစ် ၃၆၅ ၁/၄ ရက်လျှင် တစ်ကြိမ် ပတ်သည်။ ဤကဲ့သို့ စောင်း၍ပတ်ခြင်းကြောင့် ရာသီဥတု ဖြစ်ပေါ်လာရသည်။ (Source - ဒေါက်တာဆလိုင်းထွန်းသန်း ၁၉၆၉)

မြန်မာပြည်ပထဝီနေထားသွင်ပြင်

တည်နေရာနှင့်အကျယ်အဝန်း။ ။ ရာသီဥတုသည် နိုင်ငံတစ်နိုင်ငံ၏ ပထဝီနေထားသွင်ပြင် ပေါ်တွင် မူတည်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် အရှေ့လောင်ဂျီတွဒ် (၉၃-ဒီဂရီ) နှင့် (၁၀၃-ဒီဂရီ) အကြားရှိ မြောက်လတ္တီတွဒ် (၂၈-ဒီဂရီ) နှင့် (၁၀-ဒီဂရီ) အကြားရှိသည်။ မြန်မာပြည်မှာ ပုံကြမ်း အားဖြင့် နနွင်းမကင်းပုံနှင့်တူသည်။ အရှေ့နှင့်အနောက် မိုင် ၅၀၀ မျှကျယ်၍ တောင်နှင့်မြောက် မိုင်ပေါင်း ၁၃၀၀ ခန့် ရှည်လျားသည်။ မြန်မာပြည်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၆၁,၇၈၉ ရှိသည်။

ယေဘုယျမြေမျက်နှာပြင်။ ။ မြန်မာနိုင်ငံသည် တောင်ရိုးတောင်တန်းများ၊ ဧရာဝတီ၊ စစ်တောင်းနှင့် သံလွင် မြစ်ဝှမ်းများ၊ ရခိုင်နှင့် တနင်္သာရီ ကမ်းမြောင်များဖြင့်ပြီးသည်။ ဧရာတတီမြစ်ဝှမ်း သာလျှင် မြေပြန့်ကြီးအဖြစ်ဖြင့် တည်ရှိ၍ ကျန်မြစ်ဝှမ်းများမှာ ဧရာဝတီလောက်မကြီးပေ။

အနောက်ဖက်ဒေသ။ ။ မြန်မာနိုင်ငံ၏ မြေမျက်နှာပြင်ကို အနောက်မှ အရှေ့သို့ လေ့လာ ကြည့်ရှုပါလျှင် အနောက်ဖက်၌ ရခိုင်ကမ်းမြောင်ဒေသကို တွေ့ရှိပေမည်။ ထိုဒေသမှာ ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ရိုးမတောင်တန်းစပ်ကြား၌ရှိသည်။ မြောက်ဘက် ကုလားတန်မြစ်ဝတွင်သာ ကျယ်ဝန်း၍ လယ်ယာ စိုက်ပျိုးရန် ကောင်းမွန်လေသည်။

အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသ။ ။ အရှေ့ဘက်သွားပြန်လျှင် အနောက်ဘက်တောင်တန်း ဒေသ၏ အစိတ်အပိုင်းဖြစ်သော ရခိုင်ရိုးမကို တွေ့ရှိပေလိမ့်မည်။ ဆက်လက်၍သွားပါက မြန်မာပြည် အလယ်ပိုင်းကို တွေ့ရှိပေမည်။ ဤဒေသ၌ ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ဝှမ်းများရှိ၍ မြေဩဇာ ထက်သန်ပြီး ပြန့်ပြူးသောကြောင့် လယ်ယာကိုင်းကျွန်း ထွန်းကားရာဒေသဖြစ်သည်။ ဤဒေသ၌ပင် တောင်ဘက်စွန်း ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာမှစ၍ မြောက်ဖျားတွင် ပေ ၄၀၀၀ ကျော်မြင့်သော ပုပ္ပားတောင်တော်အထိ ဧရာဝတီနှင့် စစ်တောင်းမြစ်အကြားတွင် ပဲခူးရိုးမကြီး တည်ရှိလေသည်။ မြောက်ဘက် အစွန်ဖျားတွင်ကား တောင်ကုန်းများထူထပ်သော  ကချင်ပြည်နယ်ရှိသည်။ ဤမြောက်ဘက်ဒေသတွင် ဧရာဝတီနှင့် တောင်တန်းများအကြားသာ လယ်ယာလုပ်ကိုင်နိုင်သည်။

အရှေ့ပိုင်းဒေသ။ ။ အရှေ့ဘက်၌ရှိသော ရှမ်းကုန်းပြင်မြင့်သည် ပျမ်းမျှခြင်းအားဖြင့် ပေ ၄၀၀၀ ခန့်မြင့်၍ ပေ ၈၀၀၀ ကျော်မြင့်သော တောင်ထိပ်များကိုလည်း တွေ့နိုင်သည်။ သံလွင်မြစ်သည် ရှမ်းကုန်းပြင်မြင့်ကို ဖြတ်ဖောက်၍ စီးသည်။ မြစ်ဝှမ်းများနှင့် အချို့ကုန်းပြင်မြင့်များတွင် စိုက်ပျိုးလုပ်ကိုင်ကြသည်။

တောင်ပိုင်းဒေသ။ ။ ရှမ်းကုန်းပြင်မြင့်၏ တောင်ဘက်များနှင့် ဆက်စပ်လျက် တနင်္သာရီ ကမ်းမြောင်ဒေသရှိသည်။ ရခိုင်ကမ်းမြောင်ဒေသကဲ့သို့ပင် ဤတနင်္သာရီကမ်းမြောင်ဒေသတွင်လည်း များစွာသော တောင်စဉ်တောင်တန်းတို့ ယှဉ်ပြိုင်လျက်ရှိကြသည်။ တနင်္သာရီကမ်းမြောင်ဒေသသည် မြောက်ပိုင်းတွင်ကျယ်၍ သံလွင်မြစ်ဝတည်ရှိရာအရပ်ဖြစ်သောကြောင့် ဆန်စပါးများစွာထွက်သည်။ မြေဩဇာကောင်းရာ မြေပြန့်ဖြစ်သည်။

စိုက်ပျိုးရေးမိုးလေဝသ ဘာသာရပ်ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ လယ်ယာသီးနှံဌာနမှ တာဝန်ယူသင်ကြားပေးနေပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း (Food and Agriculture Organization - FAO) မှ ပံ့ပိုးသော အမျိုးသားအဆင့်ခေတ်မှီစိုက်ပျိုးရေးမိုးလေဝသဌာန (National Climate Smart Agriculture Centre) သည်လည်း ၂၀၁၈ ခုနှစ်မှစတင်တည်ထောင်ခဲ့ရာ ရုံးခန်း၊ စာအုပ်စာတန်းများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ ရရှိပြီး သင်ကြားရေး၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက် ရှိပါသည်။

ကမ္ဘာ့လုံးဆိုင်ရာမိုးလေဝသအဖွဲ့အစည်း (World Meteorological Organization - WMO) အောက်မှလည်း မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးမိုးလေဝသဘာသာရပ် (Agrometeorology; Agricultural Meteorology) ကို ပညာသင်ဆုများပေးပြီး ပညာရပ်ဆိုင်ရာ မဟာသိပ္ပံ၊ ပါရဂူဘွဲ့ များသင်ကြားနိုင်ပါသည်။ ဥပမာ - အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်တက္ကသိုလ် (Iowa State University, USA) တွင် စိုက်ပျိုးရေးမိုးလေဝသမဟာသိပ္ပံဘွဲ့ (MS in Agricultural Meteorology)၊ ဖိလစ်ပိုင်တက္ကသိုလ် (The University of Philippines, Los Banos) တွင် စိုက်ပျိုးရေးမိုးလေဝသ မဟာသိပ္ပံ နှင့်ပါရဂူဘွဲ့ (MS and PhD Degree in Agrometeorology) ဘွဲ့ စသည်တို့ဖြစ်ပါသည်။

 မြန်မာနိုင်ငံတက္ကသိုလ်များတွင် မိုးလေဝသပညာ (Meteorology)၊ ရာသီဥတုပညာ (Climatology) အထူးပြုများဘွဲ့ပေးနိုင်ခြင်းမရှိသေးပါ။ မိုးလေဝသနှင့်ဇလဗေဒဉီးစီးဌာန (Department of Meteorology and Hydrology) တွင်ပညာရှင်များရှိပါသည်။  သို့ဖြစ်ပါ၍ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု (Climate Change) ကြောင့်ဖြစ်ပေါ်လာသော လမ်းပန်းဆက်သွယ်ရေး (Transport and Communication)၊ စိုက်ပျိုးရေး (Agriculture)၊ သစ်တော (Forestry)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) အခက်အခဲတို့ကို မိုးလေဝသပညာရှင်များ မွေးထုတ်ကာ မိုးဇလမှပညာရှင်များဖြင့်ပူးပေါင်း လေ့လာသုတေသနပြုကာ နိုင်ငံတော်တိုးတက်အောင် ဆောင်ရွက်ကြပါစို့ဟူ၍ အကြံပြု တင်ပြလိုက်ရပါသည်။

(မှီငြမ်း - ဒေါက်တာဆလိုင်းထွန်းသန်း (၁၉၆၉) အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ

Ahmad, L., Kanth,R.H., Parvaze, S. and Mahdi, SS (2017) Experimental Agrometeorology: A Practical Manual. Springer

Mavi, H.S. and Tupper, G.J. (2004) Agrometeorology: Principles and Applications of Climate Studies in Agriculture, Food Products Press.)

ဒေါက်တာမျိုးကြွယ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်