Basic Agricultural Science – 31 Home Garden and Home Economics
Home Garden - ဆိုသည်မှာ မိမိအိမ်ခြံဝန်းအတွင်း ဥယျာဉ်ခြံသဖွယ် အလှဆင်ခြင်းဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ အိမ်ထောင်စုများအားလုံး ရှေးပဝေသဏီတည်းက ကျင့်သုံးလာသော မိရိုးဖလာနည်းစနစ်ဖြစ်ပါသည်။
ဥပမာ - လွန်ခဲ့သော ၃-၄ လ လောက်က အုန်းပင်အကြောင်းဆွေးနွေးပွဲတစ်ခုတွင် ဧရာဝတီတိုင်း ကျေးရွာများ၌ အိမ်တိုင်းနီးပါး အုန်းပင်တစ်ပင်မှ ၄-၅ ပင်အထိ စိုက်ပျိုးထားကြရာ မြန်မာနိုင်ငံ အုန်းပင်စိုက်ဧက အတိအကျရရှိရန် ခန့်မှန်းဖို့ ခက်ခဲကြောင်း ဆွေးနွေးကြပါသည်။
ထို့အတူ ဝါးပညာရှင် (Bamboo Expert) ဒေါက်တာ စန်းဝင်း၏ ဟောပြောပွဲတွင် ရှမ်းပြည်နယ် ကျေးရွာများရှိ အိမ်တိုင်းနီးပါးတွင်လည်း ဝါး တစ်ရုံ၊ နှစ်ရုံစ စိုက်ပျိုးထား၍ ရှမ်းပြည်နယ် တစ်စုတည်းတွင်ပင် ဝါးစိုက်ဧက တစ်သိန်းကျော်ရှိနိုင်သည်ဟူ၍ ခန့်မှန်းပြောဆိုခဲ့ပါသည်။
‘The Home Garden can be defined as ‘A Farming System that combines different physical, social and economic functions on the area of land around the family Home’. အိမ်ခြံမြေ ဥယျာဉ် စိုက်ပျိုးခြင်းမှာ မိသားစုအိမ်၊ ခြံအတွင်း မတူ၊ ကွဲပြားခြားနားသော ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းရပ်များ စုပေါင်းထားသော စိုက်ပျိုးမွေးမြူရေး စနစ်တစ်ခု ဖြစ်ပါသည်။
နမူနာအနေနှင့် ကျွန်တော့်အိမ်ဝန်းထဲမှာကိုပဲ စိန်တလုံးသရက် (၅) ပင်၊ ဩစတေးလျသရက်မျိုး အာတူးအီးတူး (Australian Mango - R2E2) တစ်ပင်၊ ထိုင်းအုန်းတစ်ပင်၊ မာလကာ (၂) ပင်၊ သံပုရာ (၂) ပင်၊ သေ င်္ဘာပင်၊ နဂါးမောက်၊ ဒန့်သလွန်ပင်၊ ဆူးပုတ်ပင် စသည့် စားပင်များအပြင် စပယ်၊ ဇွန်၊ နှင်းဆီ၊ သစ်ခွ၊ ကံ့ကော် စသည့် ပန်းပင်များ၊ တမာ၊ ပိတောက်၊ ခရေ စသည့် အရိပ်ရ အပင်များ စုံအောင်စိုက်ထားပါသည်။ စီးပွားဖြစ် (Commercial) စိုက်ပျိုးခြင်းမဟုတ်ဘဲ ဝါသနာအရ (Hobby) စိုက်ပျိုးထားပြီး ရေလောင်း၊ ပေါင်းသင် စသည်ဖြင့် စိတ်ပြေလက်ပျောက် အပန်းဖြေ (Recreation Purposes) သဘောမျိုး စိုက်ပျိုးထားခြင်း ဖြစ်ပါသည်။
အပင်တော်တော်များများမှာ ကျွန်တော်တို့မိတ်ဆွေ သူငယ်ချင်းများ၊ ကျွန်တော့်တပည့်ဟောင်းများဖြစ်သော စိုက်သိပ္ပံ အငြိမ်းစားကျောင်းအုပ်ကြီးဟောင်း ဦးတင်ဆန်းနှင့် သူ့ဇနီး ဒေါ်သန်းမြိုင် (၁၉၈၆ စိုက်တက္ကသိုလ်ဆင်း Royal Myaing Nursery) ရွိင်ရယ်မြိုင်ပျိုးခြံ၊ နေပြည်တော်မှ အလကားပေးခြင်းဖြစ်ပါသည်။ တစ်ချို့အပင်များကို ကျွန်တော့်ဇနီး ဒေါ်အေးအေးမူ (၁၉၈၀ စိုက်တက္ကသိုလ်ဆင်း) နှင့်အတူတူ နေပြည်တော်ပျိုးခြံများကို ဈေးဝယ်ရင်း လေ့လာကြည့်ရာ ချဉ်ပေါင်ပျိုးစေ့ကအစ လာရောက်ဝယ်နေကြ သူများကို တွေ့ရပြီး တိုက်ပေါ်နေသူဝန်ထမ်းများလည်း တပိုင်တနိုင် အပန်းပြေသဘောမျိုး စိုက်ပျိုးလာကြရာ မြို့ပြစိုက်ပျိုးရေး (Urban Agriculture) ကိုလည်း စနစ်တကျ လေ့လာ၊ လက်ဆင့်ကမ်းသင်ကြားပေး၊ သင်တန်းတိုများ (Short Term Training e.g. 3-5 days) ပေးသင့်ပါသည်။
ထိုကဲ့သို့ အခြေခံစိုက်ပျိုးမွေးမြူရေးသင်တန်း၊ အိမ်ရှင်မများအတွက် အစားအစာ ချက်ပြုတ်နည်း သင်တန်း (Short Term Training) များကို နိုင်ငံတော်အစိုးရ၊ (သို့မဟုတ်) ပုဂ္ဂလိကသင်တန်းကျောင်း (Government or Private Education Institution) များမှ လက်မှတ်ရ (Certificates)၊ ဒီပလိုမာ (Diploma) အဆင့်ထိ စာတွေ့၊ လက်တွေ့ အတွေ့အကြုံပေါ်မှာ အခြေခံသော သင်ကြားနည်း (Experiential Teaching and Learning; Interactive Learning)၊ လက်တွေ့လိုအပ်ချက် (Practical-based Approaches) စနစ်များကို အခြေခံ၍ ကွန်ပြူတာ အင်တာနက်မှတဆင့် (Online Training) သို့မဟုတ် လူချင်းတွေ့ဆုံ၍ ပုံမှန်သင်တန်း (Face-to-Face Training) သို့မဟုတ် နှစ်မျိုးလုံးပေါင်း၍ သင်ကြားခြင်း (Blended Learning Approach) ကို သင့်တော်သော သင်တန်းကြေး (Training Fees) များ ကောက်ခံ၍ ဝန်ထမ်းများအတွက်ဆိုလျှင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် (Weekends) များတွင်လည်းကောင်း၊ ကျန်သူများအတွက် အခြားအချိန်များတွင်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးပါက အသက်မွေးဝမ်းကြောင်းပညာရေး (Vocational Education)၊ ပုံမှန်မဟုတ်သော သင်ကြားနည်းစနစ် (Informal or Alternate Education) သည်လည်း ဖွံ့ဖြိုးတိုးတက်လာပါမည် (ကျွန်တော့်အတွေး၊ စိတ်ကူးပါ)။
ဤပညာရပ် (Urban Agriculture, or Urban Farming or Urban Gardening) သည် နေ့စဉ်သုံး အစားအစာများအတွက် ဟင်းသီးဟင်းရွက် ဥပမာ - ငရုတ်၊ သံပရာ၊ ချဉ်ပေါင် စသည်၊ သစ်သီးဝလံ ဥပမာ - သေ င်္ဘာ (Papaya)၊ ငှက်ပျော (Banana)၊ အုန်း (Coconut) စသည်၊ ပန်းမန် ဥပမာ - နှင်းဆီ (Rose)၊ စံပယ် (Jasmine)၊ သစ်ခွ (Orchid) စသည်များကို စိုက်ပျိုးခြင်း၊ တပိုင်တနိုင် တိရစ္ဆာန်ငယ်များ (တိုက်ပေါ်တွင်တော့ ခက်ခဲပါမည်) ဥပမာ -ကြက်သားတစ်အုပ် (ဒေသမျိုး Indigenous Chicken)၊ ဝက်တကောင် (Pig)၊ နို့စားနွားတစ်ကောင် (Dairy Cow)၊ ငါးပုဇွန် (Fish and Prawn) ရေကန်ငယ်ကလေးများဖြင့်မွေးမြူခြင်း (Aquaculture or Aquaponics) စသည်ဖြင့် မွေးမြူပြီး မိမိမိသားစု နေ့စဉ်စားသုံးရာ၌ အထောက်အကူပြုရန် ရည်ရွယ်ပါသည်။
အမျိုးအစားအမျိုးမျိုးရှိပါသည်၊
(က) အိမ်နောက်ဖေးဈေးဆိုင်တည်ခြင်း (Backyard Garden)
(ခ) အိမ်၊ ခြံ၊ တိုက်တွင်း ကွက်လပ်များ၌ ဥယျာဉ်ခြံအလှဆင်ခြင်း (Tactical gardens: Using the limited Space available to practice Agriculture)
(ဂ) လူသွားလမ်း အလှဆင်ခြင်း (Street Landscaping)
(ဃ) သစ်တောဥယျာဉ် အလှဆင်ခြင်း (Forest gardening)
(င) အစိမ်းရောင်၊ မှန်ခြံများဖြင့်စိုက်ပျိုးခြင်း (Green House/Glass House Growing)
(စ) တိုက်အမိုးပေါ်တွင် စိုက်ပျိုးခြင်း၊ အလှဆင်ခြင်း (Rooftop Gardens)
(ဆ) အိမ်၊ တိုက်နံရံများတွင် အလှဆင်ခြင်း (Green Walls)
(ဇ) ထောင်မတ်၍ စိုက်ပျိုးခြင်း (Vertical farms) တို့ ဖြစ်ပါသည်။
စိုက်ပျိုးရေးသိပ္ပံပညာလက်အောက် နောက်အရေးကြီးသောပညာရပ်တစ်ခုမှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံများတွင် အိမ်တွင်းမှုစီးပွားရေးပညာ (Home Economics) ဘာသာရပ်သည် အလွန်ခေတ်စား ရေပန်းစားသော ဘာသာရပ် (Popular Subject) ဖြစ်ပါသည်။ ထိုဘာသာရပ်ကို အမေရိကန်တက္ကသိုလ်တွေမှာ အထူးပြုဘာသာရပ်အနေနှင့် ဘွဲ့ပေးပါသည်။ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိမိအိမ်တွင်း စီမံခန့်ခွဲရန်အတွက် အမျိုးသား၊ အမျိုးသမီးများစွာ တက်ရောက်သင်ကြားနေကြပါသည်။ အိမ်တွင်းမှုစီးပွားရေးပညာ (သို့မဟုတ်) မိမိအိမ်တွင်းစီမံခန့်ခွဲမှုပညာ (Home Management) သည် အိမ်တိုင်းရှိ အိမ်ထောင်ဉီးစီး၊ အိမ်ရှင်မများ အားလုံးနှင့်သက်ဆိုင်ပါသည်။ အိမ်တွင်းမှုစီးပွားရေးပညာ ဘာသာကြီး၏အောက်တွင်
(၁) ချက်ပြုတ်နည်းပညာ (Cooking)
ဤပညာသည် ရှေးပဝေသဏီကတည်းက ဟင်းချက်လာသည်ဆိုဦးတော့ အာဟာရဓာတ် ညီမျှစွာပါဝင်နိုင်အောင် (Balanced Meal and Balanced-Nutrition) ကာဘိုဟိုက်ဒရိတ် (Carbohydrate)၊ အဆီ (Fats and Oil)၊ ပရိုတင်း (Protein)၊ ဗီတာမင် (Vitamins)၊ သတ္တုဓာတ် (Minerals) စသည်တို့ဖြင့် ကျန်းမာရေးနှင့်ညီညွတ်အောင်စီမံတတ်ရပါမည်။
ဥပမာ - ကျွန်တော်တို့ မြန်မာ ထမင်းဟင်းစားပုံသည် ကစီဓာတ်ဖြစ်စေနိုင်သော ထမင်းကိုချည်း များများစားပြီး ဟင်းသီးဟင်းရွက်နှင့်အသားစားသုံးမှု အလွန်နည်းပါသည်။ မြန်မာ့ဟင်းချက်ပုံများမှာလည်း ဆီကို အလွန်အကျွံသုံးစွဲပြီး ကိုလက်စထရော များစေနိုင်သော စားအုန်းဆီ၊ အချိုမှုန့် စသည်တို့သုံးစွဲနေ သည်ကို စစ်ဆေးသင့်ပါသည်။ လူသားတို့အတွက် အာဟာရဓာတ်ပညာနှင့် ဂေဟဆိုင်ရာဆက်သွယ်မှု (Human Nutrition and Ecology) ကို စနစ်တကျလေ့လာ၊ သင်ယူ၊ သုတေသနပြုရပါဦးမည်၊ (နောက်ပိုင်းဆောင်းပါးများကျမှ အကျယ်ဆွေးနွေးပါဦးမည်)
(၂) ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းပညာ (Child Care and Development)
ချက်ပြုတ်နည်းနှင့်အာဟာရဓာတ်အပြင် မိမိအိမ်၌ ကလေးငယ်များကို စနစ်တကျပြုစုစောင့်ရှောက်ခြင်း နည်းပညာကိုလည်း လေ့လာသင့်ပါသည်။ ယနေ့ခေတ်၌ မိသားစုနှင့် စားသုံးမှုဆိုင်ရာသိပ္ပံပညာ (Family and Consumer Sciences) သည် တက္ကသိုလ်များ၌ ခေတ်စားလာသော ဘာသာရပ်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် အထူးပြုဘာသာရပ်အနေနှင့် ပို့ချနိုင်ခြင်း မရှိသေးပါ။
(၃) ပညာရေးနှင့်ပတ်ဝန်းကျင်ဂရုစိုက်မှု (Education and Community Awareness)
အထူးသဖြင့် မိခင်၊ ဖခင်များက သားသမီးများ၏ လက်ဦးဆရာများ ဖြစ်ကြပါသည်။ မွေးပြီးသည်မှ မူကြို (Kindergarten) မရောက်ခင်အထိ အခြေခံနေထိုင်မှု၊ စားသောက်ပုံ၊ စတင် အဖတ်၊ သင်္ချာစွမ်းရည်တို့ဖြစ်ပါသည်။ ကလေးများ၏ စိတ်ပညာ (Child Psychology) ကိုလည်း တပိုင်းတစ်စသိရပါမည်။ ပြည်သူ့နီတိနှင့် ကိုယ်ကျင့်တရား (Moral and Ethical Lessons) ကိုလည်း သင်ပေးရပါမည်။ ကလေးများအကြိုက် ကာတွန်းရုပ်ကလေးများဖြင့် သင်ခန်းစာများတွင်တော့ ပါဝင်နေပါပြီ။ သို့သော် ဒီထက်မက နားလည်လာအောင်ပြုလုပ်ရပါဦးမည်။
ကျွန်တော့်အဖေနှင့်အမေသည် မူလတန်းကျောင်းဆရာများဖြစ်၍ ကျွန်တော်ငယ်ငယ်ကတည်းက သကြန်ရက်များတွင် ရေမပက်ရဘဲ အဖွားနှင့် ဘုန်းကြီးကျောင်းကိုလိုက်ရပါသည်။ အရက်၊ ဆေးလိပ်၊ ကွမ်းယာများ ငယ်ငယ်ကတည်းက မကြိုက်ပါ။ တစ်ချို့ အသက်ကြီးသည်အထိ ကွမ်းတံတွေး တပြစ်ပြစ်နဲ့ မိမိကျန်းမာရေးကော ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက်ပါ မကောင်းသည်ကို အိမ်တွင်ကော၊ ကျောင်းတွင်ကော ပညာပေးရပါမည်။
(၄) အိမ်တွင်းစီမံခန့်ခွဲမှုနှင့်ဒီဇိုင်းပညာ (Home management and Design)
ဧည့်ခန်း (Living Room)၊ မီးဖိုခန်း (Kitchen)၊ အိပ်ခန်း (Bedroom)၊ ထမင်းစားခန်း (Dining Room)၊ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ဘုရားခန်းစနစ်တကျထားသိုနိုင်မှုဒီဇိုင်းသည်လည်း အရေးကြီး ပါသည်။ အိမ်တွင်းစိုက်အပင်များ (Indoor Plants)၊ ပန်းအလှဆင်မှုပညာ (Flower Arrangement) သည်လည်း (Home Garden) ၏ တစ်စိတ်တဒေသဖြစ်ပြီး စနစ်တကျ သင်ကြား၊ သင်ယူနိုင်မှသာလျှင် ပညာတွေချည်းဖြစ်ပါသည်၊ သီးခြားဆောင်းပါးရေးပါဦးမည်။
(၅) အချုပ်အလုပ်နှင့်အဝတ်အထည်ကိစ္စ (Sewing and Textiles)
မိမိအိမ်တွင်းချွေတာမှုအဖြစ် မိသားစု၊ ကလေးများအပါအဝင် အဝတ်အစား အပြဲအပေါက်များချုပ်လုပ်ခြင်း၊ လျှော်ဖွတ်၊ သိမ်းဆည်း၊ မီးပူတိုက်ခြင်း စသည်တို့အပြင် ခေတ်နှင့်အညီ အဝတ်အစားနေထိုင်မှုပုံစံ ကအစ ပါဝင်ပါသည်။
(၆) အသုံးစရိတ်နှင့်မိသားစုစီးပွားရေး (Budgeting and Economics)
ချွေတာရေးအစ မီးဖိုချောင်က ဆိုသလို ဝင်ငွေ၊ ထွက်ငွေမျှတအောင် သုံးစွဲခြင်း၊ စုဆောင်းခြင်း (Saving) တို့ကအစ ပါဝင်ပါသည်။ မိမိဝင်ငွေ၏ ၅၀% သုံး၊ ၂၅% စု၊ ၂၅% ရင်းနှီးမြှုပ်နှံဆိုသည့် ရှေးစကားများအတိုင်း အိမ်တွင်းစီးပွားရေး စီမံခန့်ခွဲတတ်အောင် စနစ်တကျသင်ကြားပေးခြင်း ဖြစ်ပါသည်၊ ချက်ပြုတ်နည်း၊ မုန့်လုပ်နည်းကအစ (အခုလည်းသင်တန်းများဖွင့် သင်ကြားပေးနေပါသည်) ယခုထက် ပိုမိုကျယ်ပြန့်လာအောင် ပုဂ္ဂလိက၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (Local and International Non-Government Organizations - NGOs and Civil Society Organizations - CSO) အပါအဝင် အားလပ်သည့် အချိန်တိုင်းတွင် အလုပ်အကိုင်ရရှိရေး (Employability) နှင့် အိမ်တွင်းမှုလုပ်ငန်းများ ပိုမိုတွင်ကျယ်လာအောင်လုပ်ဆောင်သင့်ပါသည်။
ဥပမာ - ကျွန်တော်တို့ အားလုံးနီးပါး မနက်စာ၊ ညနေစာ စားသောက်နေသည့် မုန့်ဟင်းခါးကိုပင် ဟင်္သာတ မုန့်ဟင်းခါး၊ မော်လမြိုင် မုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါး စသည်ဖြင့် သုတေသနပြု၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ထုပ်ပိုးပြီးနိုင်ငံခြားထုတ်ကုန် (Export products) တမယ် အဖြစ်ရောင်းချပါက ဝင်ငွေ တဖက်တလမ်းရလာလေမလား ဟူ၍ စိတ်ကူးယဉ်မိပါသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ မုန့်ဟင်းခါးများ ဈေးဝယ်စင်တာ (Shopping Mall or Centers) တွင်ရောင်းချပြီး ပြည်ပတွင်နေသော မြန်မာများသို့ ပို့ဆောင်နေတာလည်း ရှိနေပါသည်။ ကျွန်တော့်စိတ်ကူးက တက္ကသိုလ်၊ သုတေသနဌာန (Universities and Research Institutes) များတွင် အာဟာရဓာတ်ပါဝင်မှုကအစ စနစ်တကျပြုစုပြီး နိုင်ငံခြားသားများပါ မှာယူစားသုံးနိုင်သည်အထိ ဈေးကွက် (Not only Myanmar Nationals, who live abroad but also Foreigner Consumers Export Market) ထိုးဖောက်စေချင်တာပါ။ တက္ကသိုလ်များတွင် အစားအသောက်သိပ္ပံနှင့်နည်းပညာ (Food Science and Technology) ဘာသာရပ်အထူးပြုများ စတင်ဖွင့်လှစ်လာကြပါပြီ။ သို့သော် ဘွဲ့လွန် (မဟာသိပ္ပံ၊ ပါရဂူ ဘွဲ့သင်တန်းများ အားနည်းနေသေး၍ ဘွဲ့လွန် သုတေသန (Post-Graduate Research) များစွာ ပြုလုပ်ရန်လိုပါဦးမည်။ ထိုဘာသာရပ်များကသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု (National Development ) ကို တိုက်ရိုက်အထောက်အကူပြုနိုင်ပါသည်။
(၇) ကျန်းမာရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းမှု (Health and Hygiene)
ဤဘာသာရပ်တွင် အိမ်တွင်း စနစ်တကျသွားတိုက်တာကအစ တကိုယ်ရေသန့်ရှင်းရေး (Sanitation)၊ နေမကောင်းသောမိသားစုများကိုပြုစုစောင့်ရှောက်ရေး (Keeping the sick family members fed and quarantined from the healthy) စသည်တို့ပါဝင်ပါသည်။ ကျွန်တော်၏မိတ်ဆွေ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် - ဒေါက်တာမျိုးဝင်းက ‘ကလေးများ သွားနှင့်ခံတွင်း ကျန်းမာရေး အရေးကြီးပါသည်၊ ဥပမာ စနစ်တကျ ညအိပ်ရာဝင်တိုင်း၊ အစာစားပြီးတိုင်း သွားတိုက်တတ်သည့် အလေ့အကျင့်ရအောင် စာသင်ခန်းများမှာ သင်ကြားပေးသင့်ပါသည်’ ဟူ၍ အကြံပြုပါသည်။ ကျွန်တော်တို့ ရှေးယခင်ကတည်းက စားသုံးကြ၊ သုံးစွဲလာကြသော တိုင်းရင်းဆေးပညာ (Traditional Medicines) နှင့် ဆေးဘက်ဝင်အပင်များ (Medicinal Plants) အကြောင်းလည်း ယခုထက်ပို၍ သိပ္ပံနည်းကျ လေ့လာသင့်ပါသည်။
(ဆက်ပါဦးမည်)
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။