နွားနို့သိပ္ပံနှင့် စားကျက်သိပ္ပံပညာ

30/01/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (60)  

Dairy Science, Milk and Milk Products, Pasture Science and Fodder Crops 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၀) 

နွားနို့သိပ္ပံပညာ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ စားကျက်သိပ္ပံပညာနှင့် စားကျက်သီးနှံများ   

ကျွန်တော်တို့ အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကလေးသူငယ်များ၊ ခေါင်းဆောင်များအတွက် အာဟာရဓာတ်ပြည့်ဝစေရန် ကြက်ဥနှင့်နွားနို့ကိုပြည့်ဝစွာ စားသောက်နိုင်ဖို့လိုပါလိမ့်မည်။ နွားနို့သောက်သုံးနိုင်မှုကို နိုင်ငံအလိုက်တောင် မှတ်တမ်းတင်ယှဉ်ပြိုင်ထားမှုများလည်း ရှိကြပါသည်။

အမေရိကန်နှလုံးရောဂါ အထူးကုဆရာဝန်များအသင်း (The American Heart Association/American College of Cardiology) မှ သုတေသနပြုချက်အရ လူတစ်ဦးသည် တစ်နေ့လျှင် နွားနို့ ၃-ခွက် (တစ်ခွက်လျှင် ပျမ်းမျှ - ၂၀၀/၂၅၀ မီလီလီတာ) သောက်သုံးသင့်သည်ဟူ၍ အကြံပြုထားပါသည်။ အိန္ဒိယနိုင်ငံသည် နွားနို့သောက်သုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၂-ခုနှစ်တွင် နွားနို့လီတာ ၈၅-သန်း သောက်သုံးထားသည်ဟု မှတ်တမ်းရှိပါသည်။ ကျွန်တော်တက္ကသိုလ်တွင်ရှိနေစဉ်က အိန္ဒိယမှလာရောက်အကူအညီပေးသော ကျွန်တော်၏မိတ်ဆွေ ပါမောက္ခဒေါက်တာရှန်တီမေတာ (Professor Dr. Shanti Mehlta)နှင့် သူ့ဇနီးသည် သက်သတ်လွတ်သမားများ (Vegetarians) ဖြစ်ပြီး ရေဆင်းတွင် ၃-နှစ်ခန့်နေသွားပါသည်။ သူတို့သည်တစ်နေ့လျှင်  နွားနို့ တစ်လီတာ၊ ဒိန်ချဉ် တစ်လီတာစီ (နေ့စဉ် စုစုပေါင်း ၄-လီတာ) (တစ်လီတာ = ရေသန့်ဘူးတစ်ဘူးစာ)သောက်သုံးသည်ဟု ပြောပါသည်။

အိန္ဒိယနိုင်ငံတွင် နွားနို့သိပ္ပံပညာ (B.Sc. Dairy Science) ဘွဲ့ကိုပေးပါသည်။ ကွယ်လွန်သွားသော ကျွန်တော်တို့၏ ပါမောက္ခချုပ်ဆရာကြီးဦးတင်နိုင်မှာ ထိုဘွဲ့ကို အင်္ဂလန်နိုင်ငံမှရရှိခဲ့ပါသည်။  ကျွန်တော်တို့ကို နွားနို့ဓာတုဗေဒ (Dairy Chemistry) ဘာသာရပ်သင်ကြားပေးပါသည်။ 

နယူးဇီလန်နိုင်ငံ မက်ဆေးတက္ကသိုလ် (Massey University)မှ နွားနို့သိပ္ပံနှင့် နည်းပညာ (Dairy Science and Technology)ကို ဒီပလိုမာလက်မှတ် (Diploma)၊ သိပ္ပံဘွဲ့ (Bachelor)၊ မဟာသိပ္ပံ (Master) ဘွဲ့များပေး၍ နိုင်ငံတကာ ကျောင်းသားများကိုပါ သင်ကြားပေးနေပါသည်။ ဤဘာသာရပ်တွင် သင်ကြားသော ဘာသာရပ်များမှာ -

  • (၁) နွားနို့ဓာတုဗေဒ (Dairy Chemistry) - နွားနို့တွင်ပါဝင်သော ဓာတုပစ္စည်းများ၊ ဂုဏ်သတ္တိများ၊ ပြုပြင်ထုတ်လုပ်ပြီးပါက ဓာတ်ပြောင်းလဲမှုများ စသည်တို့ဖြစ်ပါသည်။
  • (၂) နို့စားနွားမွေးမြူခြင်းနှင့် နွားနို့ထုတ်လုပ်ခြင်း (Dairy Cattle Husbandry and Milk Production)- နို့စားနွားများအတွက် စားကျက်ခင်းများ ပြုစုပျိုးထောင်ခြင်း၊ နွားစာများ စနစ်တကျကျွေးမွေးခြင်း၊ မြက်ခြောက် (Hay)၊ မြက်ချဉ်ဖတ် (Silage)ပြုလုပ်နည်းများ စသည်တို့ပါဝင်ပါသည်။ 
  • (၃) နို့ထုတ်လုပ်ခြင်းနှင့်ဆိုင်သော အင်ဂျင်နီယာပညာ (Dairy Engineering) - နွားနို့ထုတ်လုပ်ရာတွင် အသုံးပြုသော စက်ကိရိယာများကိုင်တွယ်ထိန်းသိမ်းခြင်း၊ နို့ညှစ်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း၊ နွားစာများစက်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်း စသည်တို့ ပါဝင်ပါသည်။ 
  • (၄) နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ခြင်း (Dairy Processing) - နွားနို့မှနို့မှုန့် (Milk Powder)၊ ဒိန်ခဲ (Cheese)၊ ဒိန်ချဉ် (Yoghurt) ထောပတ် (Butter) စသည်တို့ ထုတ်လုပ်မှုအဆင့်ဆင့်ကို လေ့လာခြင်းတို့ ပါဝင်ပါသည်။  
  • (၅) နို့ထွက်ပစ္စည်းဆိုင်ရာ နည်းပညာများ (Dairy Products Technology)
  • (၆) နို့ထွက်ပစ္စည်းများတွင် ပါဝင်သောအရာများနည်းပညာ (Dairy Ingredient Technology)
  • (၇) နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ပုံနည်းလမ်းများ (Dairy Manufacturing)
  • (၈) နွားနို့အဏုဇီဝဗေဒနှင့် အစားအစာဘေးကင်းလုံခြုံရေး (Dairy Microbiology and Food Safety)
  • (၉) နွားနို့၊ နို့ထွက်ပစ္စည်းဆိုင်ရာသုတေသနများ (Dairy Research)စသည့် ဘာသာရပ်ပေါင်းစုံ သင်ကြား၊ သုတေသနပြုလုပ်နေပါသည်။   

နွားနို့တွင်ပါဝင်သော ပစ္စည်းများမှာ

(က) ပရိုတိန်း (Protein)

(ခ) အဆီ (Fats)

(ဂ) လက်တို့ (Lactose) နှင့်

(ဃ) ဇီဝပစ္စည်းများ (Bioactives) တို့ဖြစ်ပါသည်။

နယူးဇီလန်နိုင်ငံမှ နှစ်စဉ်နို့နှင့်နို့ထွက်ပစ္စည်း (Milk and Milk Products)များ နိုင်ငံခြားသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၂-ဘီလီယံခန့်  ($ 22 Billion) ပို့နေရာ မလိုင်အပြည့်နို့ (Whole Milk) နှင့် မလိုင်နုတ်ထားသောနို့ (Skim Milk)က ၅၄% ၊ ကေဆင်း (Casein) နှင့် အေလ်ဗျူမင် (Albumin) က ၁၁%၊ နို့ပရိုတိန်းအဆီအနှစ် (Milk protein Concentrates) နှင့် ထောပတ်နှင့်ဆက်စပ်ပစ္စည်းများ (Butter and Milk Fats)က ၂၀ %၊ ဒိန်ခဲ (Cheese)က  ၁၁% တို့အပြင် အခြားဝှေးပရိုတိန်း (Whey Protein)၊ လက်တို့စ် (Lactose) နှင့် ပရိုဘိုင်အိုတစ် (Pro-biotics) တို့ ဖြစ်ပါသည်။ 

နို့စားနွားများအတွက် စားကျက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး (Forage Crop Production)

စိုက်ပျိုးရေးတက္ကသိုလ်မှ အငြိမ်းစားဆရာကြီးတစ်ဦးက ‘နိုင်ငံတစ်နိုင်ငံတွင် မြက် (Grass)ကို အသုံးချသီးနှံအဖြစ် မစိုက်ပျိုးသေးသမျှ မူဝါဒချမှတ်မည့်သူများ၊ ဆုံးဖြတ်ချက်ချမည့်လူကြီးများ သဘောမပေါက်သေးသမျှ ထိုနိုင်ငံ၏ စိုက်ပျိုး/မွေးမြူရေး မတိုးတက်သေးပါ’ ဟူ၍ မှတ်ချက်ပြုခဲ့ပါသည်။

တိရစ္ဆာန်များကို စိုက်ကွင်းအတွင်းလွှတ်ကာ  လွှတ်ကျောင်းစနစ် (Grazing System) နှင့် စားကျက်သီးနှံများကို မြေပဲ၊ နှမ်း စသည်တို့ကဲ့သို့စိုက်ပျိုးကာ တိရစ္ဆာန်များအား ရိတ်ကျွေးစနစ် (Cut and Carry System) အဓိကနည်းစနစ် (၂) မျိုးရှိပါသည်။ စားကျက်သီးနှံကို 

(က) စားကျက်မြက် (Pasture Grass) နှင့် 

(ခ) စားကျက်ပဲ (Pasture Legume) နှစ်မျိုးဖြစ်ပြီး  နှစ်မျိုးစလုံးတွဲဖက်စိုက်ပျိုးသင့်ပါသည်။

စားကျက်စိုက်ပျိုးရခြင်း ရည်ရွယ်ချက်များ

  1. မွေးမြူထားသော တိရစ္ဆာန်များအတွက်  အာဟာရဖြစ်ထွန်းစေ၍ ကြီးထွားနှုန်းကောင်းမွန်စေရန်
  2. မြေဆီဩဇာတိုးတက်စေပြီး မြေဆီလွှာရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိပြောင်းလဲ၍ စိုက်ပျိုးသီးနှံများ အထွက်တိုးစေရန်နှင့်
  3. တောင်စောင်းဒေသများတွင် မြေဆီလွှာတိုက်စားမှုမှ အကာအကွယ်ပေးရန်တို့ ဖြစ်ပါသည်။

စားကျက်သီးနှံကို ပေါင်းမြက်ပင် (Weeds) နှင့် မရောနှောစေရန် သတိပြုရပါမည်။ တချို့တက္ကသိုလ်တွင် မြက်ခင်းပြင်သိပ္ပံဌာန (Department of Grasslands Science) နှင့် ဂေါက်ကွင်းများ၊ ပန်းဥယျာဉ်များရှိ အလှစိုက်မြက်ခင်းများ စိုက်ပျိုးပြုစုခြင်းဌာန (Department of Turf Grass Science) သီးသန့်ရှိပါသည်။

ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်များ

နွားစာများ (Fodder) - Fodder is feed that is harvested and taken to the animal (Fodder Crops) နွားစာများမှာ လူစားသုံးရန် စိုက်ပျိုးထားသော အပင်များမှ ဘေးထွက်ပစ္စည်းများ (By Products) ဥပမာ - ပြောင်းဖူးရွက်၊ ပဲရိုး၊ ပဲမှော် စသည်တို့ဖြစ်ပါသည်။ 

စားကျက်သီးနှံ (Forage Crops) - forage is browsed on by the animal while still on the land. စိုက်ကွင်းအတွင်း စိုက်ပျိုးထားသော ကွင်းထဲရှိနေသောအပင်ကို ခေါ်ပါသည်။ 

စားကျက်မြေ (Pasture) - Pasture refers to an area of land covered with forage crops which are usually grasses and legumes. စားကျက်မြေသည် စားကျက်သီးနှံများ စိုက်ပျိုးထားသောနေရာကို ခေါ်ပါသည်။

Range Science (Range Management) Range Land - မွေးမြူရေးတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး၊ အပန်းဖြေရေးဆိုင်ရာ သိပ္ပံပညာ ကိုခေါ်ပါသည်။

သဘာဝအလျောက်ပေါက် စားကျက်မြေများ (Native Pasture) ဥပမာ - ပန်းတော်ဖြူ၊ ပန်းတော်ညို၊ မြေဇာ၊ မဲရိုင်းစသည်တို့နှင့် အာဟာရဓာတ်ဖြစ်ထွန်းနိုင်သော စားကျက်မြေ (Improved Pasture)၊ စိုက်ပျိုးသောစားကျက်မြေ (Sown Pasture)၊ နိုင်ငံခြားမျိုးများ တင်သွင်းစိုက်ပျိုးထားသောစားကျက်မြေ (Introduced Pasture) ဥပမာ - အယ်ဖာဖာ၊ စတိုင်လို၊ နေပီယာမြက် စသည်တို့ရှိပါသည်။

တစ်ဖန် ကျွဲ၊ နွားစသည့် စားမြုံ့ပြန်သတ္တဝါကြီး (Large Ruminants) သိုး၊ ဆိတ်စသည့် စားမြုံ့ပြန်သတ္တဝါငယ် (Small Ruminants)များကို ကောင်ရေအလိုက် လွှတ်ကျောင်းမွေးမြူရာ (Grazing System)တွင် လွှတ်ကျောင်းသင့်သော ပမာဏ(Stocking Rate)  စသည်တို့ကို သိရှိရပါမည်။ 

မြန်မာနိုင်ငံနှင့် ကမ္ဘာပေါ်တွင် စိုက်ပျိုးနေသော စားကျက်မြက်၊ စားကျက်ပဲမျိုးများမှာ - 

Tropical Grasses အပူပိုင်းဒေသစားကျက်မြက်မျိုးများ

(၁) Elephant or Napier Grasses (Pennisetum purpureum) (နာပီယာမြက်)

ပုံ ၁ - နေပီယာမြက် (သန်စွမ်းပါက ကြံပင်နှင့်တူပါသည်)

(၂) Guinea Grass (Panicum maximum) Mombarsa Grass (မွန်ဘာဆာမြက်)

ပရိုတိန်းကြမ်း (Crude Protein - CP%)  ၁၂-၁၄ %

  

ပုံ ၂ - မွန်ဘာဆာမြက် (အရည်ရွှမ်း၍ ကျွဲ နွားများ ကြိုက်နှစ်သက်ပါသည်)

(၃) Mulato II  (Brachiaria ruziziensis x B.brizantha x B.decumbens) မူလာတိုမြက်

ပရိုတိန်းကြမ်း (CP%)  ၉-၁၁ % 

(၄) Ruzi Grass (Brachiaria ruziziensis)) ရူဇီမြက်

 ပရိုတိန်းကြမ်း (CP%)  ၉-၁၅ %

(၅) Pangola Grass (Digitaria decumbens) ပင်ဂိုလာမြက်

လွှတ်ကျောင်း မွေးမြူရာတွင်အလွန်ခံနိုင်ရည်ရှိသည်။ (Grazing tolerant)

(၆) Ruzi Grass (Brachiaria ruziziensis)) ရူဇီမြက် 

(၇) Kikuyu Grass (Pennisetum clandestinum) ကီးကူးယူမြက်

(၈) Paspalum Grass (Paspalum dilatatum) ပတ်စ်ပဲလန်မြက်

(၉) Para Grass (Braciara mutica) ပါရာမြက်

(၁၀) Molasses Grass (Melinis minutiflora) မိုလပ်ဆက်မြက်

(၁၁) Buffel Grass (Cenchrus ciliaris) ဘပ်ဖယ်မြက်

မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါသည် (Fire Tolerant)

(၁၂) Bermuda Grass (Cynodon dactylon) မြေဇာမြက်

(မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိပါသည် Drought Tolerant) စသည်တို့များစွာရှိပါသည်။ 

Sub-Tropical Grasses  အပူလျော့ပိုင်းဒေသမြက်များ

(၁၃) Perennial Rye Grass (Lolium perenne) နှစ်ရှည်ရိုင်းမြက်

(၁၄) Tall Fescue (Festuca arundinaceae) ဖက်စတူမြက်ရှည်မျိုး 

အရိပ်အောက်တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ (Shade Tolerant)

Tropical Perennial Legumes  (အပူပိုင်းဒေသနှစ်ရှည် ပဲမျိုးများ)

(၁) Centro (Centrosema pubescens) စင်ထရိုပဲ

    ပရိုတိန်းကြမ်း (CP%)  ၁၈-၃၀ %

ပုံ ၃ - ဆင်ထရိုပဲ (ပရိုတိန်းကြမ်းများစွာပါဝင်ပါသည်။ နွယ်ပင်ဖြစ်ပါသည်)

(၂) Siratro (Macrotylium atropupureum) ဆိုင်ရာထြိုပဲ 

 ပရိုတိန်းကြမ်း (CP%)  ၁၆-၂၄ %

(၃) Stylo (Stylosanthes guyanensis) စတိုင်လိုပဲ

ပရိုတိန်းကြမ်း (CP%)  ၁၄-၂၀ %

ပုံ ၄ - စတိုင်လိုပဲ (အကြမ်းခံပါသည်၊ ခြုံပင်မျိုးဖြစ်ပါသည်)

(၄) Butterfly pea (Clitoria ternatea) အောင်မဲညို 

ပရိုတိန်းကြမ်း (CP%)  ၁၄-၂၀ %

Tropical Annual Legumes အပူပိုင်းဒေသ တစ်နှစ်ခံ ပဲမျိုးများ

(‌၅) Stylo (Stylosanthes humilis) စတိုင်လိုဟူမစ်လစ်ပဲ

(၆) Lab-Lab Bean (Dolicho lab-lab) ပဲကြီး (နိုင်ငံအများစုတွင် နွားစာအနေနှင့်သုံးပြီး မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံ (Pulses, Food Legumes, Grain Legumes) အနေနှင့်စိုက်ပျိုးကြပါသည်။)

(၇) Green Gram (Vigna radiata L.) ပဲတီစိမ်း၊ ပဲနောက် (ပဲမျိုးစုံသီးနှံ)

(၈) Black Gram (Vigna mungo L.) မတ်ပဲ  (ပဲမျိုးစုံသီးနှံ)

Temperate Perennial Legumes (သမပိုင်းနှစ်ရှည် ပဲမျိုးရင်းဝင်အပင်များ)

(‌၉) Alfalfa or Lucerne (Medicago sativa) အယ်ဖာဖာ(သို့)လူဆန် - အမြစ် ပေ ၂၀-ခန့်အထိ ဆင်းနိုင်ပြီး ကချင်၊ ချင်း၊ ရှမ်းပြည်ကဲ့သို့ ရာသီဥတု အေးသောဒေသများတွင် ဖြစ်ထွန်းနိုင်ပါသည်။ ရေဝပ်ဒဏ်မခံနိုင်ပါ (Sensitive to water-logging)။

ပုံ ၅ - အယ်ဖာဖာ (လူဆန်ပဲ) သမပိုင်းနိုင်ငံ ဒေသများအတွက် အကောင်းဆုံးဖြစ်ပါသည်။

(၁၀) White Clover (Trifolium repens) ကလိုဗာအဖြူ

ပုံ ၆ - သမပိုင်းစိုက် ပဲမျိုးများဖြစ်ပါသည်။

(၁၁) Sub-Clover (Trifolium subterraneum) Annual  ဆပ်ကလိုဗာ

(၁၂) Strawberry Clover (Trifolium fragiferum) စတော်ဘယ်ရီကလိုဗာ 

ရေဝပ်ဒဏ်ခံနိုင်ပါသည် (Water-logged Tolerant)

( ဥပမာ - စားကျက်သစ်ပင်ပဲမျိုးများ (Forage Tree Legumes))

(၁၃) ဘောစကိုင်း (အဝေရာပင်) Leucaena Luecocephala

ပုံ ၇ - အကြီးမြန်သည့် ပဲပင်ကြီးမျိုးဖြစ်ပြီး တိရစ္ဆာန်များအတွက် သင့်တော်သောမျိုးကွဲများ (Suitable varieties) ရှာဖွေဖော်ထုတ်ရပါမည်။

(၁၄) မြေနိမ့်ချယ်ရီ Gliricidia sepium) 

 

ပုံ ၈ - မြေနိမ့်ချယ်ရီ၊ တနှစ်ပတ်လုံး ပဲရွက်ရရှိနိုင်ပြီး မြက်နှင့်ရောကျွေးရပါမည်။

(၁၅) ကုက္ကိုလ် (Alibizia labbak) Lebbeck Tree, Kokko Tree

(၁၆) ညံပင်ကြီးမျိုး(Sesbania spp.)  Perennial Sesbania Tree စသည်တို့ဖြစ်ပါသည်။ 

စားကျက်ပြုစုပျိုးထောင်ခြင်းနှင့်ထိန်းသိမ်းခြင်း (Pasture Establishment and Management)

(က) မြေရွေးချယ်ခြင်း (Choice of Land)၊ ရေသွင်းရေထုတ်စီစဉ်ခြင်း (Water Management)၊ မြေပြုပြင်ခြင်း၊ မြေညှိခြင်း (Levelling)၊  လိုအပ်သည့်အာဟာရဓာတ်များ ကြိုတင်ဖြည့်စွက်ခြင်း (Fertilizer Application) (ဥပမာ - ထုံး၊ ဖော့စဖိတ်၊ သဘာဝမြေဩဇာ)

(ခ) စားကျက်မျိုးရွေးချယ်ခြင်း (Choice of Forage Species) ပျိုးထောင်ရန်နေရာပြင်ဆင်ပေးရန် (Seedbed Preparation)၊ (မျိုးစေ့သေးငယ်)/ ကြဲပက်ခြင်း (Braodcasting)

(ဂ) စိုက်နည်းစနစ်များ (Forage Propagation)၊ စိုက်ချိန် (Time of Sowing)၊ မျိုးစေ့နှုန်း (Seed Rate)၊ အကွာအဝေး(Spacing)၊ ပဲမျိုးများ အတွက် ရိုင်ဇိုဘီယမ် (Use of Rhizobium for Forage legumes) လူးနယ်ပေးခြင်း။

(ဃ) လွှတ်ကျောင်းစနစ် (Grazing System)၊ ရိတ်သယ်ကျွေးစနစ် (Cut and Carry System) ပြုလုပ်ရာတွင် စီမံခန့်ခွဲခြင်း (Management) တို့ စသည်တို့ ပါဝင်ပါသည်၊ 

ကျွန်တော်တို့ရွှေရောင်လွင်ပြင်အဖွဲ့မှ နို့စားနွားအာဟာရဗေဒနှင့် စီမံခန့်ခွဲမှုသင်တန်း (Cattle Nutrition and Management Online Training Course) ကို သင်တန်းဆရာဒေါက်တာမင်းအောင်မှ ၂၀၂၃-ခုနှစ် ဖေဖေါ်ဝါရီလ ၂၀-ရက်နေ့မှ ၂၄-ရက် နေ့အထိ (၅-ရက်) ရက်တိုသင်တန်း (Intensive Course)ကို ပို့ချပါတော့မည်။ သင်ကြားမည့် အဓိကအကြောင်းအရာများမှာ နို့စားနွားများအတွက် အခြေခံအစာအာဟာရနှင့်လိုအပ်ချက်များ၊ နို့ပေးကာလတစ်လျှောက်လုံးအတွက် ကြိုတင်စီမံခန့်ခွဲမှုများ၊ အသက်အရွယ်နှင့် နို့ထုတ်လုပ်မှုပမာဏအလိုက် လိုအပ်သောအာဟာရနှင့် ယင်းနှင့်ဆက်စပ်သော ပြဿနာများအား စီမံခန့်ခွဲခြင်း၊ နွေရာသီ အပူဒဏ်ခံစားရမှုကို လျှော့ချနိုင်ရေးအတွက် စီမံခန့်ခွဲမှုများ၊ နို့စားနွားများ၏ ပြုမူလှုပ်ရှားပုံ (Cow Signals) ကိုကြည့်ပြီး နွားများ၏ ကျန်းမာရေးနှင့် အာဟာရဗေဒကို လေ့လာသုံးသပ်ပြီး စီမံခန့်ခွဲခြင်းစသည်တို့ပါဝင်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ရွှေရောင်လွင်ပြင် (Golden Plain Livelihood Development Services Co-op Ltd. Facebook page) မှတဆင့် မှတ်ပုံတင်စာရင်းသွင်းနိုင်ပါသည်။ အမှုဆောင်အရာရှိချုပ် ဒေါက်တာမေဦးခိုင် (ဖုန်း - ၀၉၇၈၅၁၁၇၁၂၆) ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များစုပေါင်း၍ ညီညာစွာဖြင့် ဆောင်ရွက်ကြပါစို့။

(နောင်အပတ်တွင် အန္ဒိယနိုင်ငံမှ စိုက်ပျိုးရေး တက္ကသိုလ်များအကြောင်း ဆက်လက်ရေးသားပါမည်)

 

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်