ဆေးဖက်ဝင်အပင်များ၊ ဆေးဖက်ဝင်အစားအစာများ

13/03/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (66)  Medicinal Plants and Medicinal Foods 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၆) ဆေးဖက်ဝင်အပင်များ၊ ဆေးဖက်ဝင်အစားအစာများ

ကျွန်တော့်သမီး၏ စာအုပ်ပုံရှာဖွေရင်း ဒေါက်တာခင်မောင်လွင်ရေးသားသော ‘သစ်သီးများနှင့် ကျန်းမာရေး’ စာအုပ်ကိုတွေ့ရာ ကျွန်တော်တို့ စိုက်ပျိုးသီးနှံများမှ ကျန်းမာရေးကို တစ်ဖက်တစ်လမ်း အထောက်အကူပြုမှုကို ရေးသားရန် စိတ်ကူးရသွားပါသည်။ တက္ကသိုလ်များတွင် ဤဘာသာရပ်နှင့် သက်ဆိုင်သည်များမှာ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များရှိ ရုက္ခဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များဖြစ်သည်။ (အခြားသက်ဆိုင်သော ဘာသာရပ်များရှိပါဦးမည်) ကျွန်တော်တို့ဆီက တက္ကသိုလ်များသည် အခြားနိုင်ငံများကဲ့သို့ ဘာသာရပ်ပေါင်းစုံ သင်ကြားပေးသော တက္ကသိုလ်စနစ် (Comprehensive University System) မဟုတ်သေး၍ ဘာသာရပ်ပေါင်းစုံ ချဉ်းကပ်လေ့လာမှု (Multidisciplinary Approach) ပြုလုပ်ရန်ခက်ခဲနေဆဲ ဖြစ်ပါသည်။ 

ကျွန်တော်တို့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားဘဝက ဆေးဖက်ဝင်အပင်များ (Medicinal Plants) အကြောင်းကို ဆရာမဒေါ်ကျော့တင် သင်ပေးခဲ့ပါသည်။ ဆေးဖက်ဝင်အပင်များဆိုသည်မှာ အပင်တစ်ခု၏ အမြစ် (Root)၊ ပင်စည် (Stem)၊ အရွက် (Leaf)၊ ပန်းပွင့် (Flower)၊ အသီး (Fruit)၊ အစေ့ (Seed) များတွင် သမားရိုးကျဆေးဝါးဂုဏ်သတ္တိများ (Conventional Pharmaceutical Drugs Properties) ရှိပြီး တိုင်းရင်းဆေးဆရာများသည် ယခင်ခေတ်အဆက်ဆက်ကတည်းက  ရောဂါများကုသရန် (To Cure)  အသုံးပြုနေသော အပင်များကို ဆိုလိုပါသည်။

ဥပမာ - ဒန့်သလွန်ပင် စိုက်ပျိုးပြီး အသီးတစ်တောင့်ချင်းလည်းကောင်း၊ အစေ့ကိုဆီကြိတ်၍လည်းကောင်း ဈေးကွက်အတွင်းတွင် ကျယ်ပြန့်စွာ ရောင်းချလာပါပြီ။ အစေ့ကိုလည်းအမှုန့်ကြိတ်၍ ဆီးချို၊ သွေးတိုးကျဆေးအနေဖြင့် ရောင်းချနေပါပြီ။

ဆေးဖက်ဝင်အပင်များကို ယခုအခါ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း (Pharmaceutical Industry)၊  အလှပြင်ပစ္စည်းများဆိုင်ရာထုတ်လုပ်မှုလုပ်ငန်း (Cosmetic Industry)၊ စိုက်ပျိုးမွေးမြူရေးနှင့် စားသောက်ကုန် ထုတ်လုပ်ရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများ (Agriculture and Food Industry) တွင် အသုံးပြုနေပါသည်။ 

ယခင် လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း (ယခု စိုက်ပျိုးရေးဦးစီးဌာန) က ပြန်လည်ထုတ်ဝေသော မြန်မာ့ဆေးဝါးအပင်များ (Myanmar Medicinal Plants)  စာအုပ်သည် မှီငြမ်းကိုးကားရာစာအုပ် (Reference Book) အဖြစ် အလွန်အသုံးဝင်ပါသည် (စာရေးသူ၊ ပြုစုခဲ့သူ၊ ထုတ်ဝေသောခုနှစ် နာမည်များရှာမတွေ့ပါ)၊ (ဤစာအုပ်ကို ကျွန်တော့်ဆောင်းပါးများအား တည်းဖြတ်ပေးသူ အယ်ဒီတာ ကိုဇင်ဘိုလွင် အကူအညီပေးမှုကြောင့် အစိမ်းရောင်လမ်းရဲ့(ဗွေဆော်ဦး) မှ ဝယ်ယူခဲ့ပါသည်။ ကျွန်တော်ကိုယ်ပိုင်စာကြည့်တိုက်အတွက် မြန်မာလိုရေးထားသောစာအုပ်များ ယခုပြန်စုနေပါပြီ။) 

ဤဆေးဖက်ဝင်အပင်များပညာရပ်ကို လေ့လာခဲ့သူများ (ဘာသာရပ်ပေါင်းစုံ)  စုပေါင်းတွေ့ဆုံပြီး မျိုးဆက်သစ်များကို လက်ဆင့်ကမ်း၊ ပညာဖြန့်ဝေပေးလျှင် အလွန်သင့်တော်ပါလိမ့်မည်ဟု စိတ်ကူးယဉ်မိပါသည်။

ထို့အတူ ဆေးဖက်ဝင်အပင်များအကြောင်း ဆောင်းပါးရေးရန် လေ့လာရင်း ဦးစောလယ်ဝါး၏ မြန်မာနိုင်ငံရှိ အဓိကပေါင်းပင်များ (Some Major Weeds of Myanmar) စာအုပ်မှလည်း အဖိုးတန် အချက်အလက်များကို (Facts) ရရှိပါသည်။ (ဤစာအုပ်ကိုလည်း ကျွန်တော်ပဲခူးမြို့ ဆယ်မိုင်ကုန်း ရွှေပြည် အပန်းဖြေစခန်း (Shwepyi Resort) တွင် တနင်္သာရီတိုင်းမှ တောင်သူများအားသင်တန်းပေးရင်း ပဲခူးမြို့မှ မိတ်ဆွေများ (ဦးမျိုးညွန့် နှင့်ဦးမျိုးဝင်း - အငြိမ်းစားစိုက်ပျိုးရေးပညာရှင်များ) က အီးအမ်သဘာဝမြေဩဇာအရည်ဝယ်ယူရန် ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနဌာန လှည်းကူးသို့ လိုက်ပို့ပေးရာမှ သူတို့စာအုပ်ဆိုင်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ မိတ်ဆွေများအားကျေးဇူးတင်ပါသည်။)

ပေါင်းပညာရှင်များဖြစ်ကြသော ဦးစောလယ်ဝါး၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာမာမာကြူ၊ ဆရာမ ဒေါ်အေးအေးမာတို့နှင့် မျိုးဆက်သစ်များ စုပေါင်းတွေ့ဆုံပြီး ပေါင်းသိပ္ပံပညာ (Weed Science) ဆက်လက်လေ့လာနိုင်ရေးအတွက် ဆွေးနွေးပွဲများပြုလုပ်လျှင် အလွန်ကောင်းမွန်ပါလိမ့်မည်။ (ကျွန်တော် ဆောင်းပါးသီးသန့် ရေးပါဦးမည်။)

ကျွန်တော်တို့နေ့စဉ် သုံးစွဲနေသော ကျန်းမာရေးအထောက်အကူပြု မီးဖိုချောင်သုံး  အချက်အပြုတ်ဆိုင်ရာအပင်များ (Culinary Crops)၊ ဟင်းခတ်အမွှေးအကြိုင်ပင်များ (Spices and Condiments)၊ ဟင်းသီးဟင်းရွက်များ (Vegetables)၊ သစ်သီးဝလံများ (Fruits) ကို ကြည့်ရအောင်ပါ။

                                      ပုံ ၁ - ဆေးဖက်ဝင်အပင်များ (Medicinal Plants)

(၁) လက်ဖက်ခြောက်ကို အသုံးပြုရသော (Green Tea) ခေါ် လက်ဖက်ရည်ကြမ်းသည် ကျွန်တော်တို့နိုင်ငံ၏ ဧည့်သည်ကို ဧည့်ခံရာတွင်လည်းကောင်း၊ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်များတွင် အခမဲ့ (Complimentary Drink) သောက်နိုင်သော ရိုးရာဓလေ့ သောက်စရာဖြစ်ပါသည်။ ကျွန်တော်၏ ဖခင်နှင့်မိခင်တို့၏ စားသောက်နေထိုင်မှု ဓလေ့ (Lifestyle) မှာ မနက်လင်းသည်နှင့် ထမင်းဖြူပူပူနွေးနွေးနှင့် ပဲပြုတ်တစ်မျိုးမျိုး (စားတော်ပဲ၊ ပဲထောပတ်၊ စွန်တာနီ၊ ပဲလွန်း စသည်) တို့နှင့် ရေနွေးကြမ်းသောက်သုံးခြင်း ဓလေ့ပင်ဖြစ်ပါသည်။ ကျွန်တော့်မိခင်ကြီး အသက် ၁၀၀-ပြည့်အောင်နေပြီး ကွယ်လွန်သွားပါပြီ။ ကျွန်တော့် ဖခင်ကြီး အခုလက်ရှိ ကျွန်တော်နှင့်နေထိုင်ပြီး အသက် ၉၉-နှစ်ထဲတွင်ဖြစ်သည်။  ရေနွေးကြမ်းကြောင့် အီဆိုဖေးဂတ်ကင်ဆာ (ဆေးလိပ်နှင့်အရက် အလွန်အကျွံ သောက်သုံးမှုကြောင့်) (Esophageal Cancer) ဖြစ်ပွားမှု လျော့နည်းစေပါသည်။ ပါဒူးတက္ကသိုလ် (Purdue University) မှ တွေ့ရှိချက်အရ ရေနွေးကြမ်းတွင်ရှိသော ဓာတုဓာတ်ပေါင်းတစ်မျိုး (Chemical Compound) သည် ကင်ဆာဆဲလ် (Cancer Cell) ပွားများမှုကို လျော့နည်းစေပါသည်။ ဖလေဗိုနွိုက် (Flavonoids) ခေါ် အန်တီအောက်ဆီဒန့်ဓာတ် (Antioxidants) တစ်မျိုးက ရောဂါဖြစ်စေသော ဆဲလ် (Cell) ပွားများမှုကို လျော့နည်းစေပါသည်။ ပုံမှန် ရေနွေးကြမ်းသောက်သုံးခြင်း၏ အကျိုးကျေးဇူးတစ်ခုသည် နှလုံးရောဂါ (Heart Disease) ဖြစ်ပွားစေမှုကို လျော့ပါးစေခြင်းဖြစ်ပါသည်။ 

(၂)  နနွင်း (Turmeric) သည် ရိုင်ဇုံး (Rhizome) ဖြစ်ပေါ်နေသော နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး အမှုန့် (Dust) အနေနှင့် ဟင်းချက်ရာတွင်လည်းကောင်း၊ မိမိကိုယ်ပေါ် လိမ်းကျံရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ နနွင်း၏ အကျိုးကျေးဇူးများမှာ ကူကူမင်ဓာတ် (Curcumin) ပါဝင်သည့်အတွက်  အသဲရောဂါ (Liver Problems)၊ အစာမကြေညက်မှု (Digestive Disorders)၊ အရေပြားရောဂါ (Skin Disease) နှင့် ကင်ဆာ (Cancer) ရောဂါများကို ကာကွယ်ကုသနိုင်ပါသည်။

(၃) သစ်ကြံပိုးခေါက် (Cinnamon) ကို ဟင်းချက်ရာတွင် ထည့်သုံးလေ့ရှိပါသည်။ စားသုံးခြင်းဖြင့် ဆီးချိုရောဂါ (Diabetes) သက်သာစေပါသည်။ သွေးချိုမှု (Blood Sugar level) ကို လျော့ပါးစေသည့်အပြင် ကိုလက်စထရောများပြားမှု (High Cholesterol Level) ကိုလည်း လျော့ပါးစေပါသည်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း အင်ဆူလင်ဓာတ် (Insulin) ကို ထိန်းညှိပေးပါသည်။ 

(၄) ကြက်သွန်ဖြူ (Garlic) စားသုံးပေးခြင်းဖြင့် ဆာလဖာဂလိုက်ကိုဆိုက် (Sulphur Glycoside)၊ အလီနေ့အင်ဇိုင်း (Aliiinase Enzyme)၊ နိုင်ယာစင် (Niacin)၊ ဗိုက်တာမင် အေ၊ ဘီ-၁၊ ဘီ-၂ နှင့် စီ (Vitamin A,B-1,B-2 and C)  ဓာတ်တို့ပြည့်ဝစွာပါဝင်ပါသည်။ သွေးပေါင်ချိန်၊ သွေးတိုးနှုန်း (Body Blood Pressure) ကိုလည်း ကျစေပါသည်။ 

(၅) ငရုတ်ကောင်း (Black Pepper) စားသုံးခြင်းဖြင့် အစားအစာ ပိုမိုစားသောက်ရန် စားချင်စိတ်ဆန္ဒ (Stimulating Appetite) ပိုမိုရရှိလာပါသည်။ ပျို့အန်ချင်စိတ်ဖြစ်မှု (Nausea) ကိုလည်း သက်သာစေပါသည်။ တစ်ကမ္ဘာလုံးရှိ စားသောက်ဆိုင်အများစုရှိ စားပွဲပေါ်တွင်လည်း ငရုတ်ကောင်ဘူးနှင့်ဆားဘူး ပူးတွဲတွေ့နေရပါသည်။ 

(၆) ချင်း(ဂျင်း) (Ginger) သည်လည်း မရှိမဖြစ် မီးဖိုချောင်သုံး သီးနှံဖြစ်ပြီး ၎င်းကိုစားသုံးခြင်းဖြင့် အစာအိမ်ပြဿနာ (Stomach Problem) ကြောင့် အော့အန်ခြင်း (Vomiting)နှင့် ပျို့အန်ချင်စိတ်ဖြစ်မှု (Nausea) တွေကို လျော့နည်းသက်သာစေပါသည်။ ချင်း (ဂျင်း) သည် ပန်ကရိယ (Pancreas) ကိုလှုံ့ဆော်ပေးပြီး မရှိမဖြစ်အင်ဇိုင်း (Vital Enzymes) များ ထုတ်လုပ်နိုင်ပါသည်။

(၇) ရှားစောင်းလက်ပတ် (Aloe Vera) ၏ အသုံးဝင်မှုမှာ အရေပြားပွန်းခြင်း၊ ပြတ်ရှခြင်း၊ အင်းဆက်ကိုက်ခြင်းတို့ကို လိမ်းပေးခြင်းကြောင့် သူ၏အနာကျက်စေသောစွမ်းရည် (Wound Healing Properties) ဖြင့် ပျောက်ကင်းနိုင်ပြီး သူ့ကို စားသုံးခြင်းဖြင့် ရောဂါဖြစ်စေသော အဏုဇီဝပိုးမွှားများ (Antimicrobial Properties) ကို နှိမ်နှင်းနိုင်ပါသည်။ အစာအိမ်ပြဿနာများ၊ ရောဂါများကို သက်သာစေနိုင်ပါသည်။ 

(၈) တမာပင်နှင့် တမာရွက် (Neem Tree and Neem Leaf) သည် သွားကိုက်၊ သွားနာခြင်း (Toothache) ကို ကုသရာ၌ အသုံးပြုရပြီး တမာပိုးသတ်ဆေး (Neem Botanical Insecticide) အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ 

(၉) တံမြက်စည်းပေါင်းပင် (Flannel Weed – Sida cordifolia) သည် ဆီး၊ ကျောက်ကပ်ရောဂါများ (Urinal Diseases) ကုသရာတွင် အသုံးပြုနိုင်ပါသည်။ 

(၁၀) ဘုမ္မရာဇာပင် (Serpent Wood – Rauwolfia serpentina) သည် နှစ်ရှည်ပင် (Perennial Plant) ဖြစ်ပြီး အမြစ်နှင့်အရွက်ကို အသုံးပြုသည်။ အမြစ်သည် သွေးတိုးကျဆေးအဖြစ်ထင်ရှားသည်။ ထို့အပြင် အားတိုးဆေး၊ အိပ်ဆေး၊ အဖျားဖြတ်ဆေး၊ လေဆေးနှင့် အဆိပ်ဖြေဆေးများတွင် ထည့်သွင်းအသုံးပြုသည်။ လတ်ဆတ်သောအရွက်ကို အရည်ညှစ်၍ မျက်စိဆေးအဖြစ် အသုံးပြုနိုင်သည်။ 

(ကျန်အပင်များများစွာရှိပါသေးသည်)

ဒေါက်တာခင်မောင်လွင်၏ စာအုပ်ထဲမှကြည့်လျှင်

(၁၁) ပန်းသီး (Apple) ကို ပုံမှန်စားသုံးပါက အင်တီအောက်ဆီဒင့်များ (Antioxidants) ပါရှိသည့်အတွက် ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ပါသည်။ 

(၁၂) သင်္ဘောသီး (Papaya) ကို စားသုံးခြင်းကြောင့် ကယ်ရိုတီနွိုက် (Carotenoids)၊ ဗီတာမင်များ (Vitamin) နှင့် သတ္တုဓာတ်များ (Minerals) ပါဝင်၍ အမြင်အာရုံကောင်းစေခြင်း၊ သွေးတိုးရောဂါသည်များ သွေးပေါင်ကျစေခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ လျော့နည်းစေခြင်းတို့ ဖြစ်ပါသည်။ 

(၁၃) မာလကာသီး (Guava) ကို စားသုံးခြင်းကြောင့် လူတီယင်း (Lutein) ဇီဇန်သင်း (Zeaxanthin) များအပြင် ပိုတက်ဆီယမ်ဓာတ် (Potassium) များစွာပါဝင်ခြင်းကြောင့် မျက်စိကျန်းမာရေးကို အထောက်အကူပြုရုံမက သွေးကြောနံရံများကိုလည်း ခိုင်ခံ့စေပါသည်။

(၁၄) မင်းဂွတ်သီး (Mangosteen) တွင် ပေါ်လီဖီနောဓာတ်ပေါင်း (Polyphenolic Compound) ဖြစ်သည့် ဇန်သုန်း (Xanthone) များစွာ ပါဝင်သဖြင့် ကင်ဆာရောဂါများကို ထိရောက်စွာ ကာကွယ်ကုသနိုင်ပါသည်။ (ထိုစာအုပ်ထဲတွင် ကျန်သွားသော အုန်းသီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ သင်္ဘောသီး စသည်ဖြင့် ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ သစ်သီးဝလံများစွာ ကျန်နေပါသေးသည်)။

အမေရိကန်နိုင်ငံ၊ အရီဇိုးနား တက္ကသိုလ် (Arizona University) နှင့် ရူဂါတက္ကသိုလ် (Rutger University) တို့တွင် သင်ကြားနေသော  ဆေးဖက်ဝင်အပင်များအကြောင်း သင်ရိုးညွှန်းတမ်းမှာ-

ပုံ ၂ - အရီဇိုးနားတက္ကသိုလ်

  • (က) မိတ်ဆက်နှင့်ခြုံငုံသုံးသပ်ခြင်း (Introduction and Overview)
  • (ခ) အပင်များဖြင့်ရောဂါကာကွယ်ပေးမှုသမိုင်း (History of use of medicinal plants to cure diseases)
  • (ဂ) ဆေးဝါးဆိုင်ရာအပင်များ၏ရုက္ခဗေဒ (Botany of medicinal plants)
  • (ဂ) တိုင်းရင်းနည်းဖြင့်ကုသပေးမှုနည်းစနစ်များ (Traditional System of medicine, which use medicinal plants) 
  • (ဃ) ဆေးဝါးဆိုင်ရာအပင်များကိုအသုံးပြု၍ကုသနည်းများ (Therapeutic use of medicinal plants)
  • (င) ဆေးဝါးပင်များစိုက်ပျိုးပြုစုထုတ်လုပ်ခြင်း (Cultivation and Production of medicinal plants)
  • (စ) ဆေးဖက်ဝင်အပင်များ၏ ဆေးဝါးဗေဒဓာတုဗေဒကိုလေ့လာခြင်း (Pharmacology, Pharmacognosy and Chemistry of medicinal plants) စသည့် ဘာသာရပ်များစွာကို ဆည်းပူးလေ့လာနိုင်ပါသည်။ (မြန်မာနိုင်ငံတွင် မတူကွဲပြားသော တက္ကသိုလ်များ၌ သီးခြားစီ သင်ကြားနေ၍ တစ်နေရာတည်းတွင် စုစုစည်းစည်းဖြင့် ဘက်ပေါင်းစုံမှ သင်ယူလေ့လာသုတေသနပြုမည် ဆိုပါက အလွန်ကောင်းမွန်ပါလိမ့်မည်)

အိန္ဒိယနိုင်ငံ၊ ဂါဝယ်တက္ကသိုလ် (Garhwal University, India) မှ ဆေးဝါးပင်များနှင့် အနံ့မွှေးပင်များ အထူးပြု (B.Sc./M.Sc. (Medicinal and Aromatic Plants) ကို ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ တွင် သင်ကြားသော ဘာသာရပ်များ လေ့လာရာတွင်...

ပုံ ၃ - ဂါဝယ်တက္ကသိုလ်

(၁) ဆေးဖက်ဝင်အပင်များနှင့် အနံ့မွှေးပင်များ မိတ်ဆက် (Introduction to Medicinal and Aromatic Plants) တွင် အဓိပ္ပာယ်ဖော်ထုတ်ချက်၊ သမိုင်းကြောင်း၊ အရေးပါမှုနှင့် အနာဂတ်အလားအလာ၊ လက်ရှိ အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့ထုတ်လုပ်မှုစက်မှုကုန်ကြမ်းသီးနှံအနေဖြင့် ထုတ်လုပ်မှု၊ အခက်အခဲများ၊ ရှားပါးသီးနှံပင်များ ပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်မှု၊ သစ်တောထွက် မဟုတ်သော ပစ္စည်း (Non-Timber products) အဖြစ်ထုတ်လုပ်မှု။

(၂) တိုင်းရင်းဆေးဖြင့် ကုသနည်းစနစ်များ (Traditional Systems of Medicines) အခြေခံအာယုဗေဒအကြောင်း မိတ်ဆက် (Principles of Ayurveda)၊ တိဗက်ဒေသဆေးများ (Tibetan Medicines)၊ ဒေသသုံး ကျန်းမာရေးစောင့်ရှောက်မှုများ၊ တိုင်းရင်းဆေးဝါးများ၏ မူပိုင်ခွင့်ဆိုင်ရာကိစ္စများ (Intellectual Property Right)၊ ရှေးရိုးနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ (Local Health Tradition)။

(၃) ဆေးဖက်ဝင်အပင်များ ကြီးထွားဖွံ့ဖြိုးမှု (Growth and Development of medicinal and Aromatic Plants) တွင် ကြီးထွားမှုအဆင့်ဆင့်များ (Phases of Growth)၊ ကြီးထွားမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးနေသော အချက်များ (Factors affecting Growth and Development)၊ ပင်ပိုင်းငယ်စဉ်နှင့် မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှုများ (Juveniles and Reproductive Phases)၊ ပန်းပွင့်မှု၏ဇီဝကမ္မဗေဒ (Physiology of Flowering)၊ အလင်းရောင်တုံ့ပြန်မှု (Photoperiodism)၊ အပင်များအရွယ်ရောက်လာမှုနှင့် ရင့်မှည့်လာစေမှု (Maturation and Ripening)၊ မြေအောက်ပင်စည်၊ ရိုင်ဇုံးများ ဖြစ်ပေါ်လာမှု (Formation of Bulbs, Rhizomes, Corms, etc.)၊ အပင်မျိုးပွားခြင်းနည်းစနစ်များ (Different methods of Plant Propagation)၊ မျိုးစေ့ထုတ်လုပ်ခြင်း (Seed Production)၊ မျိုးစေ့ အညှောက်ပေါက်ခြင်းနှင့်အစေ့ငုပ်ခြင်း (Seed Germination and Dormancy)။

(၄) ဆေးဖက်ဝင်အပင်များနှင့်အနံ့မွှေးပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (Production of medicinal and Aromatic Plants) တွင် မူရင်းဒေသနှင့်ပျံ့နှံ့မှု (Origin and Distribution)၊ စိုက်ပျိုးရာတွင် အပင်မှ မျိုးပွားထုတ်လုပ်မှု၊ မြေဆီလွှာ၊ ရာသီဥတုအခြေအနေ၊ ရေသွင်းရေထုတ်မှု၊ မြေဩဇာများ အသုံးပြုခြင်း၊ ရင့်မှည့်ခြင်းနှင့် ရိတ်သိမ်းဆွတ်ခူးခြင်း၊ အခြောက်ခံခြင်း။

(၅) အပင်အမျိုးအစားခွဲခြားခြင်းနှင့်အပင်များအားထိန်းသိမ်းစောင့်ရှောက်ခြင်း (Plant Systematics and Conservation) တွင် မျိုးခွဲပညာသဘောတရား (Concepts of Taxonomy)၊ ရုက္ခဗေဒနည်းလမ်းများဖြင့် အမျိုးအစားခွဲခြင်း၊ အင်္ဂါအစိတ်အပိုင်းများအား မှတ်တမ်းတင်ခြင်း၊ အပင်များကိုအခြောက်ခံ၍ အပင်ပြတိုက် (Herbarium) တွင် သိမ်းဆည်းနည်းစနစ်များကို လေ့လာခြင်း စသည်တို့ဖြစ်ပါသည်။

ဆေးဖက်ဝင်အပင်များ အကြောင်းလေ့လာပါက ကုန်နိုင်ဖွယ်မရှိပါ။ ပြည်သူပြည်သားအားလုံး ကျန်းမာကြံ့ခိုင်ကြစေရန် အနောက်တိုင်းဆေးအပြင် တိုင်းရင်းဆေးဆရာများလိုအပ်သည့် အပင်များကို ပြုစုစိုက်ပျိုးပေးနိုင်မည်ဆိုပါက နိုင်ငံတော်အတွက် အလွန်အကျိုးရှိပါလိမ့်မည်။

( ဒေါက်တာမျိုးကြွယ်)

မှီငြမ်းစာအုပ်များ - ခင်မောင်လွင်, ဒေါက်တာ (၂၀၁၉) သစ်သီးများနှင့်ကျန်းမာရေး၊   စာပေတိုက်၊ ၃၂၆-မျက်နှာ

စိုက်ပျိုးရေးဦးစီးဌာန (  ?) မြန်မာ့ဆေးဝါးပင်များ၊ ၆၅၉-မျက်နှာ၊

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
စုပ်စားပိုးတွေအကုန် ထိပ်ဆုံးက‌‌ကြောက်ရတာကတော့ မာလာမြိုင် သော ပါပဲ။ အစွမ်းရှိပစ္စည်း (Thiamethoxam 35% SC ) ရဲ့ ထိသေ စားသေနှင့် ပင်လုံးပျံ့အစွမ်းကြောင့် ကြက်သွန်မှာ ကျရောက်တတ်တဲ့ ပျ၊လှေးပိုး၊ယင်ဖြူ တွေအားလုံး မာလာမြိုင် "သော" လာပြီဆိုတာနဲ့ မထိရဲ မစားရဲဘဲ ဝေးဝေးရှောင် ကုန်တာပေါ့ လိုက်နာရမယ့်ချက်များ 📌 ဆေးဖျန်းပြီးပြန်လည်ဝင်ရောက်ရမယ့် ကာလမှာ (၂၄)နာရီဖြစ်ပါတယ်။ 📌 ဆေးဖျန်းပြီး ရက်ခြား(၁၀)ရက်ဖြစ်ဖို့နဲ့ 📌 သီးနှံတစ်ရာသီမှာ (၂) ကြိမ်ထက်ပိုမဖျန်းဖို့ လိုအပ်ပါတယ်ဗျာ။ Hotlineဖုန်းနံပါတ် 09-799993322မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်၊၊ #တောင်သူတိုင်းအတွက်မာလာမြိုင်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်