မြန်မာနိုင်ငံတွင်တွေ့ရသော ပဲမျိုးစိတ်များ

11/09/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (89)  Food Legumes Part - 3

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၉) ပဲမျိုးစုံ (အပိုင်း-၃)

ပဲစင်းငုံ (Pigeon pea -  Cajanus cajan) မြန်မာနိုင်ငံတွင် ပဲတီစိမ်းနှင့် မတ်ပဲပြီးလျှင် တတိယစိုက်ပျိုးမှု အများဆုံးမှာ ပဲစင်းငုံသီးနှံဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ၂၀၂၂-၂၃ ခုနှစ်အတွက် စိုက်ဧကပေါင်း ၁၀,၄၈,၀၀၀ (တစ်သန်း ကျော်) ရှိပါသည်။ 

ပုံ - ၁ ပဲစင်းငုံအပင်၊ ပန်းပွင့်၊ အသီး 

ပုံ - ၂ ဟင်းချက်ရန် ပဲစင်းငုံအစေ့ခွဲခြမ်း

ကုလားပဲ (Chickpea – Cicer arietinum L.)

ပြည်တွင်းစားသုံးမှုများသည့် ပဲမျိုးပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိန္ဒိယနိုင်ငံမှ အများဆုံး စိုက်ပျိုးထုတ်လုပ်၍  ကုလားပဲအဝါမျိုး (Desi Type) နှင့် ကုလားပဲလုံးဖြူကြီးမျိုး (Kabuli Type) နှစ်မျိုးထုတ်လုပ်ပါသည်။ မြန်မာနိုင်ငံတွင်တော့ ကုလားပဲအဝါမျိုး အစိုက်များပြီး ၂၀၂၂-၂၃ ခုနှစ် စိုက်ဧကပေါင်း ၈,၃၄,၀၀၀ (ရှစ်သိန်းကျော်) စိုက်ပျိုးထုတ်လုပ်ပါသည်။

ပုံ - ၃ ကုလားပဲအဝါမျိုး

ပုံ - ၄ ကုလားပဲအဖြူမျိုး

ဘိုကိတ်/ပဲလွန်း (Cowpea – Vigna unguiculata)

ဘိုကိတ်နှင့် ပဲလွန်း ၂ ခုပေါင်းသည်  မြန်မာနိုင်ငံတွင် ၅၈၄,၀၀၀ ဧက (ခြောက်သိန်းနီးပါး) စိုက်ပျိုးနေပါသည်။

ဘိုကိတ်/ပဲလွန်းအုပ်စု ပဲမျိုးစေ့များ

ဘိုစားပဲ/မြေထောက်ပဲ (Common Bean – Phaseolus vulgaris)

ကမ္ဘာပေါ်တွင် စိုက်ပျိုးထုတ်လုပ်မှု အများဆုံးပဲသီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ အခြားပဲအုပ်စုများတွင် စိုက်ပျိုးသော အခြားပဲမျိုးစုံ အနည်းငယ်မျှလောက်ဖြင့် ၅၈၂,၀၀၀ ဧက (ဧက ခြောက်သိန်းနီးပါး) စိုက်ပျိုးပါသည်။ ဘိုစားပဲသည် ဟင်းသီးဟင်းရွက်အဖြစ် အစိမ်းစားကြသည်မှာ များပါသည်။

ပုံ - ၆ ဘိုစားပဲ၊ မြေထောက်ပဲစေ့များနှင့် ပဲပင်

ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲကတီပါ၊ ပဲဖြူကလေး (Lima Bean – Phaseolus lunatus) 

ဤပဲအုပ်စုသည် ပြည်တွင်း စားသုံးရုံသာမက ပြည်ပသို့လည်း ပို့ဆောင်နေရသော ပဲမျိုးများ ဖြစ်ပါသည်။ စုစုပေါင်း ၄၁၃,၀၀၀ ဧက (ဧက လေးသိန်းကျော်) စိုက်ပျိုးထုတ်လုပ်ပါသည်။ 

ပုံ - ၈   ထောပတ်ပဲအခြောက်နှင့် ရေစိမ်ပြီး ဟင်းသီးဟင်းရွက်အနေနှင့်ရောင်းချပုံ

ပဲပုပ် (Soybean – Glycine max) ဤပဲသည် ကမ္ဘာတွင်တန်ဖိုးအကြီးဆုံးသော ပဲတစ်မျိုးဖြစ်ပြီး ဆီထွက်သီးနှံ (Oil seed Crop) သာမက တိရစ္ဆာန်မွေးမြူရေး နှင့် ငါးပုစွန်မွေးမြူရေးလုပ်ငန်း (Feed for Livestock and Aquaculture) အပြင် လူသားတို့အတွက် အရေးပါသောပရိုတင်းဓာတ် (A good source of protein for human diet) နှင့် ဇီဝလောင်စာ (Biofuel) အဖြစ်ပါအသုံးပြုနိုင်သော ဘက်စုံသုံးသီးနှံ (Multi-purpose Crop) ဖြစ်ပါသည်။ ၂၀၂၂-၂၃ ခုနှစ် မြန်မာနိုင်င့တွင် စိုက်ပျိုးထုတ်လုပ်မှုမှာ ၃,၂၇,၀၀၀ (ဧက သုံးသိန်းကျော်ရှိသော) အလားအလာကောင်းသည့် သီးနှံ ဖြစ်ပါသည်။

ပုံ - ၉ ပဲပုပ်

ပဲကြီး (Lablab Bean/Hyacinch Bean/ Dolichos Bean – Lablab purpureus L.) ပြည်တွင်း စားသုံးရန် ပဲကြီးလှော်၊ ပဲခြမ်းကျော်တို့အတွက် စိုက်ပျိုးပါသည်။ ၂၅၂,၀၀၀ ဧက (ဧက နှစ်သိန်းခွဲကျော်) စိုက်ပျိုးထုတ်လုပ်ပါသည်။ နိုင်ငံခြားတိုင်းပြည်များ ဥပမာ - ဩစတေလျစသည့် နိုင်ငံများတွင် တိရစ္ဆာန်စာပဲ (Pasture or Forage Legume) အဖြစ် စိုက်ပျိုးထုတ်လုပ်ပါသည်။

ပုံ - ၁၀ ပဲကြီး အပင်၊ အတောင့်နှင့် မျိုးစေ့များ

စားတော်ပဲ (Pea – Pisum sativum L.) မြန်မာနိုင်ငံတွင် မနက်အစောစားသုံးရန် (Breakfast) လူကြိုက်များလှသော ပဲမျိုးဖြစ်ပါသည်။ ၁,၀၉,၀၀၀ ဧက (ဧကတစ်သိန်းကျော်) စိုက်ပျိုးကြပါသည်။ 

ပုံ - ၁၀ စားတော်ပဲအစိမ်း (အနောက်နိုင်ငံများတွင် ဟင်းသီးဟင်းရွက်အနေနှင့်စားသုံး)

ပဲရင်း (Rice Bean – Vigna umbellata) မြန်မာနိုင်ငံ ၂၀၂၂-၂၃ ခုနှစ်၌ ၁၃၅,၀၀၀ ဧက (ဧက တစ်သိန်းကျော်) စိုက်ပျိုးပါသည်။

ပဲရာဇာ/ပဲနီကလေး (Lentil – Lens culinaris) ဟင်းချက်စားရာတွင်အသုံးပြုပြီး ဧက အနည်းငယ်သာလျှင် စိုက်ပျိုးပါသည်။ 

ပုံ - ၁၁ ပဲရာဇာ/ပဲနီကလေး (ဟင်းချက်စားပါသည်)

ပဲပိစပ် (Horse Gram – Macrotyloma uniflorum) ပုန်းရေကြီးပြုလုပ်သော ပဲမျိုးဖြစ်ပြီး ပဲပုပ်နှင့် မှားတတ်ပါသည်။

ပဲနံ့သာ (Fenugreek – Trigonella foenum-graceum) 

ဟင်းခတ်အမွှေးအကြိုင် (Spices) အဖြစ်လည်းကောင်း၊ ဘယဆေးပင် (Herbal Plant)  အနေနှင့်လည်းကောင်း အသုံးပြုပါသည်။

ပဲမြစ်/ပဲစောင်းလျား (Winged Bean – Psophocarpus tetragonolobus) အသီးကို ဟင်းသီးဟင်းရွက်အနေနှင့်စားသုံးပါသည်။ အမြစ်ကိုလည်း ပြုတ်၍စားသုံးကြပါသည်။

ပုံ - ၁၃ ပဲစောင်းလျားပင်နှင့် အသီး

ပဲစိမ်းစားဥ (Yam Bean – Pachyrhizus erosus) ဥကိုတူးပြီး သွားရည်စာအဖြစ်စားကြပါသည်။

 

ပုံ - ၁၄ ပဲစိမ်းစားဥ (သွားရည်စာအဖြစ် အစိမ်းစားပါသည်)

ကျွန်တော်မသိသော အခြားပဲမျိုးများများစွာရှိပါလိမ့်ဦးမည်။

(ဆက်ပါဦးမည်) 

(မှီငြမ်းစာအုပ်များ) References

Biddle, A.J. (2017) Peas and Beans. CABI. 179p.

Smartt, J. (1976) Tropical Pulses. Longman. 348p. 

Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.

ကျော်စွာဝင်း, ဦး (၂၀၁၅) ပဲဒီစိမ်းသီးနှံစိုက်ပျိုးထုတ်လုပ်နည်း, စိုက်ပျိုးရေး သုတေသန ဌာန ၁၅-မျက်နှာ

မျိုးကြွယ်, ဦး နှင့် အယ်(လ်) ဘရန်အောင် (၁၉၉၈) စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးနည်းများ, အတွင်းရေးမှူး၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ၆၁-မျက်နှာ

သိန်းဖေ, ဦးဖရက် (၂၀၁၆) မတ်ပဲကို အစာကျွေးခြင်း၊ ပုလဲစိုက်ပျိုးရေးစာပေ၊ ၅၈-မျက်နှာ

(ဦးစိုးဝင်းမောင်၊ အကြံပေး အရာရှိ၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် စာရင်းဇယားများအတွက် ကျေးဇူးတင်လျက်)

ပဲမျိုးစုံသီးနှံသည် မြန်မာနိုင်ငံအတွက် အလားအလာကောင်းပြီး မျိုးများပြားစွာ စိုက်ပျိုးနေသည့်အတွက် မြန်မာအမည်၊ ဒေသအခေါ်၊ အင်္ဂလိပ်အမည်၊ ရုက္ခဗေဒအမည် စသည်တို့ကိုသေချာသွားအောင် စာအုပ်စာတန်းများမှ ကိုးကား၍လည်းကောင်း၊ အင်တာနက်တွင်ရှာဖွေ၍လည်းကောင်း၊ ကျွန်တော် မိတ်ဆွေများဖြစ်သော ဦးစိုးဝင်းမောင်၊ ဦးအောင်ရွှေ၊ ဦးကျော်စွာဝင်းတို့ကို မေးမြန်း၍ မှတ်တမ်းတင်ထားသော်လည်း ကျန်ရှိပါဦးမည်။ 

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်