ဖော့စဖရပ်စ် (Phosphorus - P) သည် မြေဆီလွှာအများစုတွင် နိုက်ထရိုဂျင် (Nitrogen - N) ပြီးနောက် အပင်များ ကြီးထွားမှုကို သက်ရောက်မှုရှိသည့် ဒုတိယမြောက် အရေးကြီးဆုံး အာဟာရဓာတ်ဖြစ်သည်။ ၎င်းသည် ဆဲလ်များ စွမ်းအင်ကူးပြောင်းခြင်း၊ အလင်းမှီစုဖွဲ့ခြင်း (photosynthesis) နှင့် အသက်ရှုခြင်း (respiration) တို့တွင် ပါဝင်သည့် အပင်အာဟာရဓာတ်တစ်ခုဖြစ်ပြီး၊ နျူကလစ်အက်ဆစ် နျူကလီယိုတိုက်များ (nucleic acid nucleotides)၊ ဖော့စ်ဖိုလစ်ပစ်များ (phospholipids) နှင့် ဖော့စ်ဖောရိတ် ပါဝင်သော သကြားများ (phosphorylated sugars) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ဖော့စဖရပ်စ်သည် အထူးသဖြင့် အပူပိုင်းဒေသ နေရာဒေသများမှာစိုက်ပျိုးရေး ထုတ်လုပ်မှုအတွက်မြေဆီလွှာအများစုတွင် P ဓာတ်ရရှိနိုင်မှု အလွန်နည်းပါးသောကြောင့် အပင်များမှအလွယ်တကူရယူနိုင်မှု အနည်းဆုံး အာဟာရဓာတ်များထဲမှ တစ်ခုပါဝင်သည်။ အစီရင်ခံစာအရ မတ်ပဲ (mungbean) အထွက်နှုန်းကို ဖော့စဖရပ်စ် ထည့်သွင်းပေးခြင်းဖြင့် သိသိသာသာ တိုးမြှင့်နိုင်ခဲ့သည်။ အခြားသော သုတေသီများစွာကလည်း ပဲမျိုးစုံ အစေ့အဆန် အထွက်နှုန်းသည် P2O5 ကို တစ်ဟက်တာလျှင် ၅၀ ကီလိုဂရမ်အထိ တိုးမြှင့်ထည့်သွင်းပေးခြင်းဖြင့် မြင့်တက်လာကြောင်း ဖော်ပြခဲ့ကြသည်။

မတ်ပဲ (Black gram - Vigna mungo L.) သည် ပဲပင်မျိုးနွယ်ဝင်ဖြစ်သည့်အတွက် ဖော့စဖရပ်စ် ထည့်သွင်းမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိပါသည်။ ဖော့စဖရပ်စ်သည် မတ်ပဲအတွက် လိုအပ်သော အဓိက အာဟာရဓာတ်ဖြစ်သည်။ ပဲပင်များတွင် နိုက်ထရိုဂျင် လိုအပ်ချက်သည် ဖော့စဖရပ်စ် လိုအပ်ချက်ထက် နည်းပါးသည်။ အကြောင်းမှာ အဓိက ပရိုတင်းဓာတ်ကို လေထုထဲမှ နိုက်ထရိုဂျင် ဖမ်းယူမှုမှတစ်ဆင့် ရရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖော့စဖရပ်စ်သည် ပဲမျိုးရင်းဝင် သီးနှံများ၏ ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် အထူးသဖြင့် မတ်ပဲအတွက် အဓိက အာဟာရဓာတ်တစ်ခုဖြစ်သည်။ ပဲမျိုးရင်းဝင် အပင်များသည် ယေဘုယျအားဖြင့် အပင်နှင့် အကျိုးပြုဘက်တီးရီးယားများ အသုံးပြုရန်အတွက် ဖော့စဖရပ်စ် လိုအပ်ချက် မြင့်မားပါသည်။
မြေဆီလွှာတွင် P ဓာတ်စုစုပေါင်း ပမာဏ များသော်လည်း အပင်ကြီးထွားရန်အတွက် အသုံးပြုနိုင်သော P ဓာတ်မှာ ထိန်းချုပ်အကန့်အသတ်ရှိတတ်သည်၊၊ အထူးသဖြင့် အက်စစ်ဓာတ်ရှိသော မြေဆီလွှာများတွင် P ဓာတ်သည် မြေဆီလွှာ အစိတ်အပိုင်းများက လျင်မြန်စွာ ထိန်းချုပ်ထားပြီး အပင် အသုံးမပြုနိုင်သော ပုံစံများအဖြစ်သို့ ပြောင်းလဲသွားလေ့ရှိသည်။ အက်စစ်ဓာတ်ရှိသော မြေဆီလွှာများတွင်P ဓာတ် ရရှိနိုင်မှု နည်းပါးခြင်းသည် သီးနှံအထွက်နှုန်းကို နည်းစေနိုင်သည့် အဓိက အတားအဆီးတစ်ခု ဖြစ်သည်။
အပင်များသည် သီးနှံအထွက်နှုန်းတိုးစေရန်အတွက် ကြီးထွားမှု၏ အစောပိုင်းအဆင့်များမှစ၍ လုံလောက်သော P ဓာတ်ကို လိုအပ်ပါသည်။ ကြီးထွားမှု ရာသီအစောပိုင်းတွင် P ဓာတ် ရရှိမှု ထိန်းချုပ်ကန့်သတ်ခံရခြင်းသည် သီးနှံအထွက်နှုန်းကို ကျဆင်းစေတတ်ပြီး အကောင်းဆုံး အထွက်နှုန်းနှင့် ရင့်မှည့်ချိန် လျှင်မြန်စေရန် လုံလောက်သော P ဓာတ်ရရှိစေရန်အတွက် P ဓာတ်မြေသြဇာကို ထည့်သွင်းပေးလေ့ရှိသည်။ မြေဆီလွှာ စုစုပေါင်း P ဓာတ်သည် ပုံမှန်အားဖြင့် မြေမျက်နှာပြင် ၂၅ စင်တီမီတာတွင် မြေဆီလွှာ ၁ ကီလိုဂရမ်လျှင် ၁၀၀ မှ ၂၀၀၀ မီလီဂရမ် (သို့မဟုတ် တစ်ဟက်တာလျှင် ၃၅၀ မှ ၇၀၀၀ ကီလိုဂရမ်) အထိ ရှိနိုင်သော်လည်း၊ ဤ P ဓာတ်ပမာဏ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ သီးနှံများ ချက်ချင်းစုပ်ယူနိုင်ပါသည်။ သီးနှံများ စုပ်ယူမှုသည် တစ်ဟက်တာလျှင် ၃ မှ ၃၀ ကီလိုဂရမ်အထိ ရှိနိုင်သောကြောင့် P ဓာတ်မြေသြဇာ ထည့်သွင်းခြင်းမရှိပါက အသုံးပြုနိုင်သော မြေဆီလွှာ P ဓာတ်သည် တဖြည်းဖြည်း လျော့နည်းသွားမည်ဖြစ်သည်။
P ဓာတ်သည် နျူကလစ်အက်ဆစ်များ၊ ဖော့စ်ဖိုလစ်ပစ်များ (phospholipids) နှင့် ATP (Adenosine Triphosphate) ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် ၎င်း၏အခန်းကဏ္ဍသည် ဆဲလ်ကွဲခြင်း၊ ပန်းပွင့်ခြင်း၊ အသီးသီးခြင်း၊ အစေ့တည်ခြင်း၊ သီးနှံ ရင့်မှည့်ခြင်း၊ အမြစ်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပဲအမြစ်ဖုဖွဲ့ခြင်းတို့တွင် အရေးကြီးပါသည်။ အမြစ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ပဲအမြစ်ဖုများ ဖြစ်ပေါ်ခြင်းသည် ကြီးထွားလာသော အပင်အစိတ်အပိုင်းများသို့ အာဟာရဓာတ်နှင့် ရေထောက်ပံ့မှုကို တိုးတက်စေပြီး အလင်းမှီစုဖွဲ့သော ဧရိယာ (photosynthetic area) ကို တိုးစေကာ ဆက်လက်၍ ကုလားပဲ (chickpea) တွင် အထွက်နှုန်း ပိုမိုထုတ်လုပ်နိုင်စေပါသည်။ ပဲသီးနှံအမျိုးမျိုးတွင် P ဓာတ်မြေသြဇာ ထည့်သွင်းခြင်းက အစေ့အဆန် အထွက်နှုန်းကို တိုးစေသော်လည်း၊ P ဓာတ်မြေသြဇာ အလွန်အကျွံ ထည့်သွင်းခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဆက်စပ်မှုရှိနေပါသည်။ ဖော့စဖရပ်စ်သည် ပဲအထွက်နှုန်းအတွက် အရေးကြီးပြီး ၎င်းသည် ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်း၊ အမြစ်ဖုများ ဖြစ်ပေါ်ခြင်းကို စတင်ပေးခြင်း၊ ရိုင်ဇိုဘီယမ် - ပဲပင် ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းဆောင်ရည်ကို သြဇာသက်ရောက်ခြင်း စသည့် အခန်းကဏ္ဍများတွင် အရေးပါကြောင်း သုတေသနစာတမ်းများအရသိရပါသည်။
အပူပိုင်းဒေသ မြေဆီလွှာများရှိ P ဓာတ် ချို့တဲ့မှုများသည် မူလအားဖြင့် မြေဆီလွှာ P ဓာတ် ပမာဏ နည်းပါးခြင်း သို့မဟုတ် စိုက်ပျိုးမှုကြောင့် P ဓာတ် လျော့နည်းသွားခြင်းတို့မှ အဓိကအားဖြင့် ဖြစ်ပေါ်လာပါသည်။ ပဲမျိုးရင်းဝင် အပင်များသည် ဖော့စဖရပ်စ်ကို နှစ်သက်သော အပင်များဖြစ်သောကြောင့် ကြီးထွားမှုနှင့် အစေ့တည်ခြင်းအတွက်သာမက စွမ်းအင်လိုအပ်သော လုပ်ငန်းစဉ်ဖြစ်သည့် နိုက်ထရိုဂျင် ဖမ်းယူခြင်းအတွက်ပါ ဖော့စဖရပ်စ် လိုအပ်ပါသည်။ အစေ့ကြီးထွားခြင်းအတွက် P ဓာတ်သည် အစေ့များတွင် P ဓာတ် သိုလှောင်သည့် အဓိက ပုံစံဖြစ်သော ဖိုက်တင် (phytin) ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။ P ဓာတ် လုံလောက်စွာ မရရှိပါက အစေ့အရွယ်အစား၊ အစေ့အရေအတွက်နှင့် အပင်ရှင်သန်နိုင်စွမ်းတို့ကိုလည်း လျော့နည်းစေနိုင်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်