စိုက်ပျိုးသုတ ဒီဇင်ဘာလ

01/12/2021 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မုတ်သုန်မိုးဆုတ်ခွာတာ ကြာသည်နှင့်အမျှ မြေအမျိုးအစားပေါ်မူတည်ပြီး မြေတွင်းအစိုဓာတ် တဖြည်းဖြည်းလျော့နည်းသွားတော့မည်။ စိုက်ပျိုးခြင်း မပြုရသေးသည့် ဆောင်းသီးနှံများကို လျင်မြန်စွာ စိုက်ပျိုးသင့်သည့်လ ဖြစ်သည်။ သီးနှံအထွက်မြင့်မားဖို့ဆိုတာ သီးနှံစိုက်ပျိုးသင့်သည့်အချိန်တွင် စိုက်ပျိုုးနိုင်ဖို့လိုပါသည်။

ဆောင်းသီးနှံများ

    နိုဝင်ဘာလအတွင်းက အများစုစိုက်ပျိုးခဲ့ကြသော ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအား ပိုးမွှားရောဂါမကျရောက်စေရန်၊ ကျရောက်ပါက ထိရောက်စွာနှိမ်နှင်းရန်ဖြစ်သည်။ အထူးဂရုပြုရမှာက အဝါရောင်မိုစေ့ရောဂါဖြစ်သည်။ အဝါရောင်မိုစေ့ရောဂါက မတ်ပဲနှင့် ပဲတီစိမ်းသီးနှံနှစ်မျိုးလုံးမှာ ကျရောက်နိုင်တာ ဖြစ်ပါသည်။

    စိုက်ခင်းကို မျက်ချေမပြတ် ကြည့်ရှုသင့်သည်။ အရွက်အနုပေါ်မှာ အဝါရောင်အစက်အပြောက်တွေ ပေါ်နေသလား။ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန်ကွက်ကြားတွေ ဖြစ်ပေါ်လာပြီလား။ အပင်တွေ ကြီးထွားမှုနှေးလာသလား။ ဒါတွေ သတိထားကြည့်ရှုဖို့လိုပါသည်။

    ရောဂါကျရောက်နေသော အပင်တွေတွေ့လျှင် ချက်ချင်းနှုတ်ယူမီးရှို့ပစ်ရမည်။ အဝါရောင်မိုစေ့ရောဂါသည် ရောဂါဖြစ်စေသော သက်ရှိဗိုင်းရပ်စ်ကြောင့်ဖြစ်ရသည်။ ရောဂါပြန့်နှံ့ရခြင်းသည် ယင်ဖြူ (White Fly) မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်လို့ သိရသည်။ ထို့ကြောင့် ချက်ချင်းပိုးသတ်ဆေးဖျန်းဖို့ လိုပါသည်။ 

    ဆက်လက်စိုက်ပျိုးမည့် ဆောင်းသီးနှံများအတွက် ပြောလိုသည်မှာ မျိုးကောင်းမျိုးသန့်ကို မဖြစ်မနေအသုံးပြုပါ။ အပင်ပေါက် (၈၀)ရာခိုင်နှုန်း အထက်ရှိသင့်သည်။ ရေမြေဒေသနှင့်ကိုက်ညီရမည်။ စျေးကွက်ရှိရမည်။ သက်လျင်အထွက်ကောင်းမျိုး ဖြစ်သင့်သည်။ စိုက်ချိန်နောက်ကျပါက အပင်ကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုပါ ထိခိုက်စေမည်ဖြစ်ပါသည်။

    စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးကို ဂရုပြုသင့်သည်။ လယ်မြေ သို့မဟုတ် ယာမြေ၏ မြေသားဖွဲ့စည်းတည်ရှိမှုအရ ပုံမှန်ထွန်ရေးပြုပြင်စိုက်ပျိုးခြင်း(Conventional tillage)၊ ထွန်ရေးအနည်းငယ်သာ ပြုပြင်စိုက်ပျိုးခြင်း(Minimum tillage)၊ ထွန်ရေးမဲ့စိုက်ပျိုးခြင်း (Zero tillage)-စသည်တို့ကို သင့်လျော်သလို ဆောင်ရွက်ရန်ဖြစ်ပါသည်။

    အရေးကြီးသည်မှာ သီးနှံပင်သက်တမ်းတစ်လျောက်တွင် မြေတွင်းအစိုဓါတ် ထိန်းသိမ်းတည်ရှိနေစေနိုင်မည့် ထွန်ရေးပြုပြင်မှုကို ပြုလုပ်စိုက်ပျိုးရန်ဖြစ်ကြောင်း အသိပေးလိုပါသည်။

    ပဲမျိုးစုံသီးနှံများနှင့် မြေပဲသီးနှံတို့တွင် မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် ကျရောက်တတ်သည့် မှိုရောဂါ၊ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ကျရောက်တတ်သည့် ပင်စည်ထိုးပိုး (Stem Fly)တို့အတွက် ကြိုတင်ကာကွယ်သင့်ပါသည်။

နွေစပါးသီးနှံ

    မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးစိုက်ပျိုးသင့်သည့် စိုက်ချိန်မှန်ဖြစ်သည်။အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်စပါးတစ်မျိုးမျိုးကို အသုံးပြုရန်ဖြစ်သည်။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် သက်လျင်အထွက်ကောင်းစပါးမျိုး(HYV)ဖြစ်သင့်ပါသည်။

    နွေစပါးစိုက်လာတာကြာပြီ။ ၁၉၉၂-၁၉၉၃ ခုနှစ်ကစသည် ဆိုပါစို့။ ယခု အများစု စိုက်ပျိုးလျက်ရှိသော စပါးမျိုးမှာ သီးထပ်ရင်ဖြစ်သည်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှာပါ။ ဒေသအလိုက် အကြိုက်နှင့် ဖြစ်ထွန်းမှုအရ ရွှေသွယ်ရင်စပါးမျိုးကို မန္တလေးတိုင်းဒေသကြီးတွင် စိုက်သည်။ ရတနာတိုးစပါးမျိုးကို မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် စိုက်သည်။ ရက်-၉၀ စပါးမျိုးကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် စိုက်သည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအလိုက် အကြိုက်စပါးမျိုးများကို စိုက်ပျိုးလျက်ရှိတာ လေ့လာသိရှိရပါသည်။

    စပါးမျိုးသစ်များကို စဉ်ဆက်မပြတ် သုတေသနပြုဖေါ်ထုတ်လျက်ရှိရာ ယခုအခါ သက်လျင်အထွက်ကောင်းစပါးမျိုးသစ်များ တစ်မျိုးပြီးတစ်မျိုး ပေါ်ထွန်းလာလျက်ရှိသည်။ လက်ရှိစိုက်ပျိုးနေကြ စပါးမျိုးများနေရာတွင် ပို၍ပို၍ကောင်းမွန်သည့် အရည်အချင်းများနှင့် ပြည့်စုံသောမျိုးများကို ပြောင်းလဲစိုက်ပျိုးရမည်သာဖြစ်သည်။ မိမိဒေသ ရေမြေတွင် ဖြစ်ထွန်းအထွက်ကောင်းသည်နှင့်အမျှ ကျယ်ပြန့်စွာ ဆက်လက်စိုက်ပျိုးရန်ဖြစ်ပါသည်။ 

    ရွေးချယ်စိုက်ပျိုးသော မျိုးသစ်သည် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားရန် စျေးကွက်ဝင်သော ဆန်အရည်အသွေးရှိခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက်ဒဏ်ကိုခံနိုင်ခြင်း၊ အပင်ယိုင်လဲလွယ်မှုမရှိခြင်း၊ လေလွင့်ဆုံးရှုံးမှုနည်းပါးခြင်း-စသည့် မျိုးကောင်းအင်္ဂါရပ်များနှင့် ကိုက်ညီပါက လယ်သမားများ လက်မလွတ်တမ်း စိုက်ပျိုးသင့်သည့်မျိုးဟု ဆိုနိုင်ပါသည်။

    စိုက်နည်းစနစ်အနေဖြင့် စိုက်ပျိုးရေကို ချွေတာရာရောက်ပြီး ကုန်ကျစရိတ် သက်သာလွယ်ကူကာ လျင်မြန်စွာပြီးစီးနိုင်သော စိုက်ပျိုးနည်းစနစ် ဖြစ်သင့်ပါသည်။

    တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးမည်လား၊ အတန်းလိုက်မျိုးစေ့ချမည်လား၊ မျိုးစေ့ချကရိယာအသုံးပြုမည်လား၊ ပျိုးထောင်ကောက်စိုက်မည်လား၊ သင့်တော်ရာကို ရွေးချယ်နိုင်သည်။ မည်သည့်စနစ်က မိမိလယ်မြေအတွက် ကောင်းသည်၊ မကောင်းသည်ကို လယ်သမားကိုယ်တိုင် သုံးသပ်ဆုံးဖြတ် ရွေးချယ်ရန်ဖြစ်သည်။ စိုက်ပျိုးနည်းစနစ်တိုင်းမှာ အားသာချက်နှင့် အားနည်းချက်များရှိသည်ကိုတော့ သိထားသင့်ပါသည်။

ဆင်းသီဟ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်