အသားစားနွားမွေးမြူရေး၏ အခြေခံသဘောတရားများ

09/09/2024 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများထဲတွင် နွားမွေးမြူကောင်ရေ မြင့်မားသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ လယ်ယာလုပ်ငန်းအတွက် ဦးတည်၍ နွားများကို မွေးမြူခဲ့ရာမှ၊ လယ်ယာလုပ်ငန်းတွင် စက်ယန္တရားများကို အစားထိုးသုံးစွဲလာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလကပင် ပြည်တွင်း၌ အမဲသားစားသုံးမှု နည်းပါးခြင်း၊ ဈေးကွက်စီးပွားရေးစတင်ပြီးနောက်ပိုင်း ထုတ်လုပ်မှုမြင့်မားသည့် ကပြားကြက်နှင့် ဝက် မျိုးများ ဝင်ရောက်လာကာ မွေးမြူကြသဖြင့် ကြက်သား၊ ကြက်ဥ၊ ဝက်သား ထုတ်လုပ်ရေး အရှိန်အဟုန်နှင့် တိုးတက်ခဲ့ခြင်းကြောင့် အမဲသားစားသုံးမှု နည်းပါးနေဆဲဖြစ်ပါသည်။ ထို့ကြောင့် နွားကောင်ရေမှာ လယ်ယာလုပ်ငန်းခွင်နှင့် ပြည်တွင်းစားသုံးမှုအတွက် လိုအပ်ချက်ထက် ပိုလျှံနေဆဲ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင် ပိုလျှံနေသော နွားများကိုလည်းကောင်း၊ နွားများ ထပ်မံမွေးမြူထုတ်လုပ်ခြင်းဖြင့်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများသို့ နွားနှင့် အမဲသား တင်ပို့ရောင်းချရန်အတွက် အခွင့်အလမ်းများ ကြီးမားစွာ ရှိနေဆဲ ဖြစ်ပါသည်။ 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရှိနေဆဲနွားများကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ၊ ထုတ်ရောင်းခြင်းထက် အသားစားနွားမွေးမြူရေးကဏ္ဍတစ်ရပ် ပေါ်ပေါက်လာအောင် ကြိုးစားဆောင်ရွက်နိုင်မည့် ကောင်းမွန်သော အလားအလာများ ရှိနေဆဲဖြစ်ပါသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းချိန်တွင် အသားစားနွားမွေးမြူရေးကဏ္ဍ ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ အသားစားနွားမွေးမြူရေးကဏ္ဍကို တည်ထောင်ရာတွင် အသားစားမွေးမြူရေး၏ အခြေခံသဘောတရားများကို ကြေညက်စွာ နားလည်ထားရန် လိုအပ်ပါသည်။ 

ထုတ်လုပ်မှုအဆင့်များ 

အသားစားနွားမွေးမြူရေးတွင် ထုတ်လုပ်မှုအဆင့် ၃ ဆင့် ထားရှိ ကာ မွေးမြူကပါသည်။ မျိုးနွားမများမွေး မြူကာ ယင်းတို့ကို သားစပ်ပြီး နို့ခွဲ အသားစားနွားငယ်များ ထုတ်လုပ်သည့်အဆင့် (Cow-calf operation)၊ နို့ခွဲနွား များကို အရွယ်အစားကြီးမားအောင် မွေးမြူခြင်း (Stocker farm) နှင့် ဈေးကွက်မတင်မီ အသားတိုးမွေးမြူခြင်း (Fattening) ဟူသော အဆင့်များ ဖြစ်ပါသည်။ 

အသားစားနွားမွေးမြူရေးကို ယင်းသို့ အဆင့်များခွဲခြားဆောင်ရွက်ရခြင်းမှာ အသားစားနွားများ၏ အသက် အရွယ်အလိုက် ခန္ဓာကိုယ်ဖွံ့ထွားမှုပုံစံများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ၏ အချိုးအစားများ ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ နွားများ ၏ ဖွံ့ထွားမှုနှင့် အသား၊ အဆီ၊ အရိုး အချိုးအစားများပေါ် မူတည်၍ အကောင်းဆုံးစီမံခန့်ခွဲကာ၊ အမြတ်အစွန်းအများဆုံး ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။ 

ပြောင်းလဲနေသော ဓာတုဖွဲ့စည်းပုံ 

ယေဘုယျအားဖြင့် နွားများ၏ ခန္ဓာကိုယ်တွင် စီးပွားရေးအရ အဓိကအကျဆုံး အစိတ်အပိုင်းများမှာ ကြွက်သား (muscle)၊ အဆီ (fat)၊ အရိုး (bones) တို့၏ အချိုးအစား(ဖွဲ့စည်းပုံ) ဖြစ်ပါသည်။ သို့ရာတွင် ဓာတုဖွဲ့စည်းပုံအ ရ စစ်ဆေးကြည့်မည်ဆိုပါက နွားတစ်ကောင်ကို ရေဓာတ် (water)၊ အသားဓာတ်(ပရိုတင်း - protein)၊ အဆီဓာတ် (fat) နှင့် သတ္တုဓာတ် (Ash) တို့ဖြင့် အဓိက ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ 

အရေးကြီးသည့်အချက်မှာ နွားများ၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ဆောက်ထားသည့် ဓာတုဖွဲ့စည်းပုံမှာ အသက်အရွယ်နှင့် အရွယ်အစား (အလေးချိန်) အလိုက် ပြောင်းလဲနေသည်ဆိုသည့် အချက်ဖြစ်ပါသည်။ 

ယေဘုယျအားဖြင့် အရွယ်အစားကြီးမားလာသည်နှင့်အမျှ ရေဓာတ်ပါဝင်မှု ရာခိုင်နှုန်း သိသိသာသာ ကျဆင်းလာပါသည်။

 နွား၏ အလေးချိန် ကီလိုဂရမ် ၃၀၀ - ၃၅၀ ဝန်းကျင်အထိ အသားဓာတ်ရာခိုင်နှုန်း တဖြည်းဖြည်းမြင့် တက်လာပြီး၊ ယင်းနောက်ပိုင်းတွင် အသားဓာတ်အချိုးအစား လျော့ကျလာသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ အသက်အရွယ်အားဖြင့် နှစ်နှစ်သားအရွယ် (၂၄ လ ဝန်းကျင်) အထိ အသားတက်နှုန်း မြင့်မားသော်လည်း ယင်းနောက်ပိုင်းတွင် အသားတိုးနှုန်းမှာ လျော့နည်းလာသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ယင်းကာလတွင် ကြွက်သားတည်ဆောက်မှုထက် အဆီတည်ဆောက်မှုက ပိုမို၍ အားကောင်းလာသည်ကို တွေ့ရမည် ဖြစ်ပါသည်။ 

ကြွက်သားများကို အသားဓာတ်ဖြင့် အဓိက တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ အသားဓာတ်အချိုး အ စားသည် နွား၏ ခန္ဓာကိုယ်တွင် ကြွက်သားမည်မျှပါရှိသည်ဟူသော အချိုးအစားကို ဖော်ညွှန်းနေခြင်း ဖြစ်ပါသည်။ တပြိုင်နက်တည်းတွင် သတိထားရမည့်အချက်မှာ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကြွက်သားမျှင် (muscle fiber) များ ထူထဲလာပြီး အသား၏ အရည်အသွေး ကျဆင်းလာသည်ဆိုသည့်အချက်ဖြစ်ပါသည်။ 

အဆီဓာတ်ပါဝင်မှုမှာ အရွယ်အစားကြီးမားလာသည်နှင့်အမျှ ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရပါသည်။ အ ထူးသဖြင့် အသက် ၁၀ လနောက်ပိုင်းတွင် အဆီပါဝင်မှုအချိုးအစားမြင့်တက်မှုမှာ ပိုမိုလျင်မြန်လာသည်ကို တွေ့ရှိ ရမည် ဖြစ်ပါသည်။ 

သတ္တုဓာတ်မှာ အရိုးတွင် အများဆုံး စုဝေးနေပါသည်။ ထို့ကြောင့် သတ္တုဓာတ်ပါဝင်မှုနှင့် အရိုးများပါဝင်မှု အချိုးအစားမှာ တိုက်ရိုက်အချိုးကျနေပါသည်။ အရိုးများသည် ခန္ဓာကိုယ်၏ ပုံပန်းသဏ္ဍာန်ကို ပုံဖော်ပေးနေရာ၊ အ  ရိုးများ ကြီးထွားလေလေ၊ နွား၏ အရွယ်အစား ကြီးထွားလေလေ ဖြစ်ပါသည်။ အရိုးကြီးထွားမှု ရပ်တန့်ပါက နွား၏ အရွယ်အစားကြီးထွားမှုလည်း ရပ်တန့်သွားမည် ဖြစ်ပါသည်။ သတ္တုဓာတ်ပါဝင်မှုအချိုးအစား သို့မဟုတ် အရိုးကြီး ထွားမှုနှုန်းမှာ နှေးကွေးပြီး တည်ငြိမ်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ သို့ရာတွင် အရိုးကြီးထွားမှုမှာ သားခွဲပြီးချိန် တွင် အလျင်မြန်ဆုံးဖြစ်ပါသည်။ 

အသက် ၂ နှစ်နောက်ပိုင်းတွင် အစာမှအသားအဖြစ် ပြောင်းလဲနှုန်း (Feed conversion rate) မှာ သိသိသာ သာ လျော့ကျလာမည်ဖြစ်ပြီး၊ ကျွေးသလောက် မကြီးထွားတော့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ကြီးထွားသည့် တိုင် အသားတိုးနှုန်းထက် အဆီတိုးနှုန်းက ပိုမိုမြင့်မားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အသားစားနွားများကို ထုတ်လုပ်မှုစတင်ကျဆင်းလာသည့် အသက် နှစ်နှစ် နောက်ပိုင်းတွင် ရောင်းချပြီး အသားအဖြစ် ထုတ်လုပ်လေ့ရှိ ကြခြင်း ဖြစ်ပါသည်။ 

စီးပွားရေးအမြင်ဖြင့် ချဉ်းကပ်ခြင်း

အသားစားနွားမွေးမြူရေးလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ရာ အမြတ်အစွန်း ရရှိရေးကို မဖြစ်မနေ စဉ်းစားရမည် ဖြစ်ပါသည်။ ထို့ကြောင့် နွားများ၏ ကြီးထွားနှုန်းသဘာဝကို ကြည့်ကာ အစာအာဟာရနှင့် မွေးမြူ နည်းစနစ်များကို ချိန်ညှိယူရပါသည်။ ထို့အတူ အသားစားနွားများအား အသားအဖြစ် ထုတ်လုပ်ရာတွင်လည်း အသားထွက်အမြင့်ဆုံးရရှိပြီး၊ အသားအရည်အသွေးအမြင့်မားဆုံးအချိန်ကို ချိန်ဆကြရပါသည်။ သို့မှသာ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ကျပြီး အမြတ်အစွန်း အများဆုံး ရရှိနိုင်မည် ဖြစ်ပါသည်။ 

 

ယင်းအခြေအနေများပေါ်မူတည်၍ အသားစားနွားများ ထုတ်လုပ်ရာတွင် အဆင့်သုံးဆင့် ခွဲခြားကာ ထုတ်လုပ်ကြခြင်း ဖြစ်ပါသည်။ 

Continuous Fattening

အဆင့် ၃ ဆင့် ခွဲခြားထားသော်လည်း အချို့ ထုတ်လုပ်သူများအနေဖြင့် Cow-calf operation/Calf raring Unit မှ ထွက်ရှိလာသော သားခွဲအဆင့်နွားငယ်များ (weaned calves) အဆင့်မှ အသားထုတ်လုပ်သည်အထိ တောက်လျှောက် အသားတိုး မွေးမြူသည့်စနစ် (Continuous fattening) ဖြင့် မွေးမြူကြပါသည်။ ယင်းနည်းလမ်း ကို linear fattening ဟုလည်း ခေါ်ပါသည်။ 

ယင်းနည်းလမ်း၏ အားသာချက်မှာ အချိန်တိုတိုဖြင့် အသားထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ ထို့အပြင် နွားများ ၏ အသက်ငယ်ရွယ်စဉ်တွင် အသားအဖြစ် ထုတ်လုပ်ခြင်းဖြင့် အသားအရည်အသွေးကို ပိုမိုကောင်းမွန်စေခြင်းဖြစ် ပါသည်။ 

အားနည်းချက်အနေဖြင့် အစာဖိုးကုန်ကျစရိတ် မြင့်မားနိုင်ပါသည်။ နွားငယ်များ သားခွဲပြီးနောက် ကြီးထွား နှုန်း အရှိန်မြင့်မားနေချိန်တွင် ယင်းအရှိန်နောက်သို့ လိုက်ကာ အသားတိုးရန် မွေးမြူခြင်းဖြစ်ရာ အာဟာရဓာတ်မြင့်မားသည့် အစာအာဟာရကို ကျွေးမွေးပေးရန် လိုအပ်မည် ဖြစ်ပါသည်။ 

Concentrated fattening

မွေးမြူသူအချို့မှာမူ သားခွဲအဆင့်ပြီးနောက် အသားတိုးရန်အတွက်ဦးမတည်ဘဲ အကောင်ကြီးရန်အတွက် ရည်ရွယ်ချက်ဖြင့် အစာဖိုးကုန်ကျစရိတ်သက်သာစွာဖြင့် Stocker များကို မွေးမြူကြပါသည်။  နောက်ဆုံးအဆင့်ရောက်မှ fattening ပြုလုပ်ကြပါသည်။ သားခွဲမှ stocker အရွယ်အထိ စားကျက်ကို အဓိကအားကိုးကာ ကျွေးမွေး ပြီး မွေးမြူကြခြင်းဖြစ်ပါသည်။ အလေးချိန် ကီလို ၃၀၀-၃၅၀ ရောက်ချိန်တွင် အသားတိုးရန် အစာကောင်းကောင်းကို ကာလတို အင်တိုက်အားတိုက်ကျွေးကာ အသားတိုးအောင် ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ယင်းစနစ်ကို အ သားထုတ်လုပ်ခါနီးမှ အသားတိုးမွေးမြူသည့်စနစ် (Concentrated fattening in late stage) ဟု ခေါ်ပါသည်။ 

အချို့မွေးမြူသူများကမူ ထုတ်လုပ်မှုမကောင်းဘဲ ပိန်လှီသော နွားများ၊ အသက်အရွယ်အလိုက် ထိုက် သင့်သည့် ကိုယ်အလေးချိန်မရရှိသေးသော နွားများကို ဝယ်ယူကာ Concentrated fattening ပြုလုပ်၍ အသားတိုး မွေးမြူပြီး ဈေးကွက်တင်ရောင်းချလေ့ ရှိပါသည်။ 

အသားအရည်အသွေးမှာ ထိပ်တန်းမရနိုင်သော်လည်း စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းသည့် နည်းလမ်းဖြစ်ပါသည်။ အထူးသဖြင့် မြေဧရိယာ ကျယ်ကျယ်ဝန်းဝန်း မရှိသူများအနေဖြင့် နေရာကျဉ်းကျဉ်းတွင် အချိန် တိုတိုမွေးမြူကာ ငွေပြန်ဖော်နိုင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ 

အနှစ်ချုပ် သုံးသပ်ချက်

မြန်မာနိုင်ငံမှ နွားများကို ဈေးကွက်အတွင်း လိုက်လံဝယ်ယူကာ ပြုပြင်မွေးမြူခြင်းမရှိဘဲ တိုက်ရိုက်တင်ပို့ ရောင်းချခြင်းထက် မိမိတို့နိုင်ငံတွင် စနစ်တကျ အသားတိုးမွေးမြူပြီးမှ အရှင်အတိုင်းရောင်းချခြင်း သို့မဟုတ် အသားအဖြစ် ပြုပြင်ထုတ်လုပ်ပြီးမှ အေးခဲရောင်းချခြင်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထိုသို့ စဉ်းစားဆောင်ရွက်မည်ဆိုပါက အသားစားနွားမွေးမြူရေး၏ အခြေခံသဘောတရားများကို သိရှိထားရန်လိုအပ်မည် ဖြစ်ပါ သည်။ နွားများ၏ ကြီးထွားမှုသဘာဝနှင့် မိမိတို့နိုင်ငံ၏ အခြေအနေ၊ အသုံးပြုမည့် မွေးမြူရေးစနစ်တို့ ဟန်ချက်ညီ ကိုက်ညီမှသာ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်