Basic Agricultural Science – (133) Food Legumes - 6 Horse Gram
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၃) ပဲမျိုးစုံ - (အမှတ် - ၆) ပဲပိစပ်
မိတ်ဆက် (Introduction)
ပဲမျိုးစုံကို (Pulses) စားသုံးသီးနှံပဲ (Food Legumes)/ အနှံစားသီးနှံပဲ (Grain Legumes) ဟုခေါ်ဝေါ်လေ့ရှိပြီး အာဖရိက၊ အိန္ဒိယ၊ မြန်မာနိုင်ငံစသည်တို့သည် အပူပိုင်းဒေသ (Tropical Regions) များတွင်ရှိ၍ ကျွန်တော့်ဆောင်းပါးများတွင် အပူပိုင်းဒေသတွင်စိုက်ပျိုး ဖြစ်ထွန်းသော ပဲသီးနှံ (Tropical Legumes) များကိုလေ့လာရပါမည်။
Pulsesသည် လက်တင်စကား (Latin word - Puls) မှ ဆင်းသက်လာပြီး ဟင်းချို ပြစ်ပြစ် (Pottage – Thick Soup) ဟူ၍ ပြောဆိုနိုင်ပါသည်။
အိန္ဒိယနိုင်ငံတွင်တော့ ၁၉၉၃-ခုနှစ် တွင် ကန်ပါ (Kanpur) ဒေသ၊ အူထရာပရာဒေ့ရှ် ပြည်နယ် (Uttar Pradesh State) တွင် ပဲမျိုးစုံသီးနှံချည်းပဲ သုတေသနပြုလုပ်သောဌာန (Indian Institute of Pulse Research - IIPR) စတင် တည်ထောင်ခဲ့ပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO – Food and Agriculture Organization) ၏ ခန့်မှန်းတွက်ချက်ပုံအရ လူတစ်ဦး တစ်ရက်ပဲမျိုးစုံ လိုအပ်ချက်မှာ ၁၄၀-ဂရမ် (တစ်နှစ် ၅၁-ကီလိုဂရမ်) ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တစ်ဦးလျှင် စားသုံးနိုင်စွမ်းမှာ ပျှမ်းမျှ ၂၀-ကီလိုဂရမ်သာ ဖြစ်ပါသည်။
ပုံ - ၁ နိုင်ငံအချို့၏ နေ့စဉ် ပဲစားသုံးမှု
ပဲမျိုးစုံ၏အရေးပါမှု (Importance of Pulses)
(က) ပရိုတင်းဓာတ်ကြွယ်ဝသည် (Rich sources of protein)။ ပျှမ်းမျှ ပရိုတင်းဓါတ် ၂၀-၃၀ ရာခိုင်နှုန်းပါသည်။ (Average available Protein in Pulses is 20-30%)၊
(ခ) ပဲများသည် ကယ်ဆီယမ်နှင့်ဖော့စဖရပ်ကြွယ်ဝသည့်အပြင် ဗီတာမင်များစွာလည်းပါဝင်သည် (Rich in Calcium and Phosphorus)၊
(ဂ) ပဲရိုး၊ ပဲမှော်၊ ပင်စည်၊ အရွက်များသည် စားမြုံပြန်သတ္တဝါများအတွက် အကောင်းဆုံး တိရစ္ဆာန်အစာဖြစ်သည် (Superior Fodders and Feeds for Ruminant Animals)။
(ဃ) ဆွေးမြည့်လွယ်ကာ အရွက်များ ပြန့်ကားနေသဖြင့် အကောင်းဆုံးသစ်စိမ်းမြေဩဇာအုပ်စုဖြစ်ပါသည် (Good Green Manure Crops because of Canopy Development)၊
(င) ပဲမြစ်ဖုတွင်ရှိ ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများက လေထဲမှနိုက်တြိုဂျင်ကို ဖမ်းယူပေးသဖြင့် မြေဆီလွှာ အဟာရဓာတ် တိုးပွားမှုအတွက် အလွန်အသုံးဝင်ပါသည် (Improve Soil Fertility by Biological Nitrogen Fixation)။
ပဲမျိုးစုံရှိသည့်အနက်မှ ယနေ့တွင် ပဲပိစပ်အကြောင်းပြောပါမည်။ (Horse Gram or Madras Gram – Macrotyloma uniflorum or Dolichos uniflorus)
ပဲပိစပ်သည် မြန်မာနိုင်ငံတွင် ပုန်းရည်ကြီး ပြုလုပ်အသုံးပြုသည့် အရေးပါသော ပဲမျိုးဖြစ်ပါသည်။ ဤပဲ၏အားသာချက်မှာ ယာမြေနှင့် ကိုင်းမြေများပေါ်ရှိ ညံ့ဖျင်းသောမြေများတွင်ပင် ဖြစ်ထွန်းမှုရှိသည်။ မိုးခေါင်ဒဏ်ခံနိုင်၍ မိုးရေချိန် ၁၅-၃၅ လက်မရွာသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ ပဲမျိုးစုံသီးနှံများတွင် အကြမ်းအခံဆုံး၊ အညံ့ဆုံးပဲမျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဆင်းရဲသားများအတွက် ပဲသီးနှံ (Poor man’s Pulse Crop) ဟူ၍ လည်းခေါ်ပါသည်။
ပဲပိစပ်မှာ အကောင်းဆုံးတိရစ္ဆာန်အစာ (Good Feed and Fodder Value) ထဲတွင်ပါဝင်ပြီး မြင်းများကိုကျွေးသောပဲ ကနေ (Horse Gram) ခေါ်ဝေါ်လာကာ လိုင်စင်းပါဝင်မှု (High Lysine Content) လည်းများပြားပါသည်။ ကျန်းမာရေးရှုထောင့်မှလည်း အထူးသဖြင့် ကျောက်ကပ်ရောဂါ ကာကွယ်ကုသရာတွင် အသုံးဝင်ပါသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပဲပိစပ် စိုက်ပျိုးဧရိယာအများဆုံးဖြစ်ပြီး စိုက်ဧရိယာ ပေါင်း ၁.၅ ဟက်တာသန်းကျော်ပါသည်။ တစ်ဟက်တာ ပျှမ်းမျှအထွက်နှုန်း ၅၀၀-ကီလိုဂရမ်ခန့်သာရှိပါသည်။
အပင်ပုံစံမှာ တစ်ချို့တစ်ဝက်ထောင်မတ် (semi-erect)၊ နွယ်ယောင်/တွားသွား တစ်နှစ်ခံပင် (Trailing annual plants) ဖြစ်သည်။ အပင်အမြင့်သည် တစ်ပေမှ တစ်ပေခွဲခန့် (30-50 cm) သာရှိသည်။ အပင်ခြေမှ သေးသွယ်သော ကိုင်းများ (Slender branches) ဖျာထွက်သည်။ အပင်တစ်ခုလုံး ပျော့ပြောင်းသော မီးခိုးရောင် အမွေးများ (Soft-grey hairs) ဖုံးလွှမ်းနေသည်။ အရွက်သည် သုံးရွက်မွှာရွက်ပေါင်း (Trifoliate Compound leaves) နှင့် ရွက်စွယ် ၂-လက်မခန့်ရှည်လျားသည်။ အရွက်သည် စိမ်းဝါရောင် (Yellow-Green Colour) နှင့် ပန်းပွင့် တစ်နေရာ ၁-၃ ပွင့် ထွက်နိုင်သည်။ ပန်းပွင့်သည် နို့နှစ်အဝါရောင် (Creamy-Yellow Colour) နှင့် ၁-၂ လက်မ (2.5 – 5 cm) ခန့် အရှည်ရှိသည်။
ပုံ - ၂ ပဲပိစပ် အပင်နှင့် မျိုးစေ့များ
ပဲပိစပ်အတောင့်သည် ၁.၆-၂ လက်မခန့် (4-5 cm) ရှည်ပြီး အခွံကွဲလွယ် (Dehiscent) သည်။ တစ်တောင့်တွင် ၅-၇ စေ့ရှိနိုင်ပြီး အရောင်ပျောက်ကြား (Mottled) ဖြစ်သည်။
ဤပဲကို စိုက်ပျိုးရာတွင် သွင်းအားစု အနည်းဆုံးနှင့် ပေါင်းနှိမ်နှင်းမှု မပြုလုပ်သည်အထိ (Low Agronomic Inputs without weeding) ခပ်ကြမ်းကြမ်း စိုက်ပျိုးလေ့ရှိပါသည်။ မြေချဉ်၊ မြေငန် (Different pH ranges) အမျိုးမျိုးတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ သို့သော် မိုးများပြီး ရေဝတ်သည့်ဒဏ် (Waterlogging) ကိုတော့ ခံနိုင်ရည်မရှိပါ။
ဇယား - ၁ ပဲပိစပ်စေ့ ၁၀၀-ဂရမ်တွင် အဟာရဓာတ်ပါဝင်မှု (Nutritional Composition per 100-gram Horse Gram seeds)
ပဲပိစပ်စေ့တွင် မရှိမဖြစ် အမိုင်နိုအက်ဆစ်ဓာတ်များ (Essential Amino Acids) ဖြစ်သော လိုင်ဆင်း (Lysine)၊ မီသီအိုနင်း (Methionine)၊ တရစ်ပတိုဖန် (Tryptophan)၊ အာဂျနင်း (Arginine) တို့များပြားစွာပါဝင်ပါသည်။ ကျန်းမာရေးအတွက် မကောင်းသော ပြည့်ဝဖက်တီးအက်ဆစ် (Saturated Fatty Acids) များ ပါဝင်မှုနည်းပြီး ကျန်းမာရေးကောင်းသော မပြည့်ဝဖက်တီးအက်ဆစ် (Unsaturated fatty Acids) များစွာပါဝင်ပါသည်။ ပဲပိစပ်တွင်ကျန်းမာရေးအတွက်မသင့်တော်သော (Anti-Nutritional Factors) တင်နင် (Tannins)၊ ပိုင်တိတ် (Phytates)၊ တရစ်ပဆင်အဟံ့အတား (Trypsin Inhibitors) စသည့် ဓာတ်များပါဝင်သော်လည်း ချက်ပြုတ်လိုက်သောအခါ ထိုဓာတ်များ လျော့ပါးသွားပါသည်။
ပဲပိစပ်အစေ့သည် အင်ဆူလင်နည်းပါးမှုဒဏ်ခံနိုင်မှု (Insulin Resistance)၊ အောက်ဆီဂျင်ဓာတ်ပြုမှု နည်းပါးစေသောပစ္စည်းများ (Antioxidant Properties)၊ ပိုလီဖီနော (Polyphenols)၊ ဖလေဗီနှိုက် (Flavenoids) စသည့် ကျန်းမာရေး ကောင်းစေသော ပစ္စည်းများ (Healthy Components) စွာပါဝင်ပါသည်။ ကျောက်တည်မှုကာကွယ်ပေးခြင်း (Prevent Kidney Stones)၊ ဆီးချိုကာကွယ်ပေးခြင်း (Treats Diabetes)၊ အဝလွန်မှု လျော့ပါးစေခြင်း (Aids in Weight Loss)၊ ဟေမိုဂလိုဘင်ဓာတ် တိုးပွားစေခြင်း (Boosts Hemoglobin Levels)၊ အမျိုးသမီးများ ရာသီသွေးမှန်စေမှု (Rest Irregular menstrual Cycles)၊ ဆံပင်၊ အသား အရောင်ကောင်းမွန်မှု (Improve Hairs and Skin Health)၊ အစာအိမ်အချဉ်ပေါက် ရောဂါကာကွယ်နိုင်မှု (To cure acid peptic disorder - Gas ) အစရှိသည့် ကျန်းမာရေး အ ကျိုးပြုမှု၊ တိုင်းရင်းဆေးပညာ (Traditional Medicine) ဖြင့် ကုသပေးမှု စသည်တို့ များစွာ ပြုလုပ်နိုင်ပါသည်။
လူသားတို့ ပဲပိစပ် အရွက်ပြုတ်ရည်များ ၅-ပတ်ဆက်တိုက်စားမည်ဆိုလျှင် ကျန်းမာရေး ဆိုးကျိုးများသော စုစုပေါင်းကိုလက်စရော - တြိုင်ဂလစ်စရိုက် (Total Cholestrol (TC) Triglycerides)၊ သိပ်သည်းမှုနည်းသော လစ်ပိုပရိုတင်း (LDL – Low Density Lipoprotein) တို့နည်းပါးစေပြီး ကျန်းမာရေးကောင်းစေသော သိပ်သည်းမှုများ လစ်ပိုပရိုတင်းများ (HDL – High Density Lipoprotein) များပြားလာကာ ခန္ဓာကိုယ်သွေးလှည့်ပတ်မှု ကောင်းစေပါသည်။
ပုံ - ၃ ပဲပိစပ် ကျန်းမာရေးအကျိုးကျေးဇူးများ
ပဲပိစပ်မှ ပုန်းရေကြီးပြုလုပ်နည်း
ပုန်းရည်ကြီးသည် မြန်မာ့ စားသောက်ဖွယ်ရာ ဟင်းလျာတစ်မျိုး ဖြစ်သည်။ အရောင်မှာ နီညိုညိုဖြစ်ပြီး ခပ်ပျစ်ပျစ် ဖြစ်သည်။ အနံ့တွင် အချဉ်နံ့ပေါက်သည်။ ပုန်းရည်ကြီးကို မချက်ပဲ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နှင့်လည်း အစိမ်းလိုက် သုပ်စားနိုင်သည်။ သို့မဟုတ် ချက်၍လည်း စားနိုင်သည်။ ဝက်သား၊ ငါးတို့နှင့် ရောချက်လျှင် အထူးအရသာ ရှိသည်။ အောက်မြန်မာနိုင်ငံ၌လည်း ပုန်းရည်ကြီးသည် မရိုးနိုင်သော ဟင်းတစ်မယ် ဖြစ်သည်။ ပဲပိစပ်မှရသေ ာပုန်းရေကြီးသည် အရသာလေးပင်ပြီး အကောင်းဆုံး ဖြစ်ပါသည်။
(က) မျိုးစေ့များသန့်စင်၊ ရေစိမ်ခြင်း (Cleaning and Soaking) ဖုန်မှုန့်နှင့် အခြား အညစ်အကြေးများ မပါဝင်စေရန် ပုန်းရည်ကြီးကျိုရာ၌ ရှေးဦးစွာ ပဲကိုရေနှင့် စင်ကြယ် အောင် အထပ်ထပ် ရေ ၄-၅ ကြိမ်လောက် ရေဆေး ပေးရသည်။ ပြီးလျှင် ရေထဲတွင် ၆-၈ နာရီခန့် (တစ်ညခန့်) ရေစိမ်ထားပေးရပါမည်၊
(ခ) ပဲပြုတ်ခြင်း (Cooking the Horse Gram)
ထို့နောက် ရေဆယ်ပိဿာဝင်သော ဖျဉ်းအိုးတစ်လုံးတွင် ပဲသုံးခွက် (နို့ဆီဗူး ၁၂ လုံး) ရေဆေးပြီးကို ရေအိုးအပြည့်ထည့်၍ ပြုတ်ရသည်။ ရေစိမ်ပြီးသောပဲများကို သေခြာ ဆူပွက်သည်အထိ ပဲပြုတ်ရပါမည်၊ ၄၅-မိနစ်မှ ၁-နာရီခန့်ကြာနိုင်ပါသည် ပုန်းရည်ကျို သည့် လုပ်ငန်း ကို စီးပွားဖြစ် လုပ်သူတို့သည် မီးဖိုကို အုတ်၊ ရွှံ့အင်္ဂတေတို့ဖြင့် အခိုင်အမာ လုပ်ထား သည်။ ပဲများကောင်းစွာ နူးနပ်လာသည်အထိ ပြုတ်ရသည်။ ပဲနူး၍ပွလာ သောအခါ အရည်သည် သစ်ခေါက်ရောင် ဖြစ်လာသည်။
ထိုအခါ ပဲကိုဆယ်ထားပြီးနောက် အိုးထဲ၌ကျန်ခဲ့သော အရည်များကို စဉ့်အိုးများတွင် ထည့်၍ အချဉ်ဖောက်ရသည်။ အချဉ်ကြိုက်လျှင် ကြိုက်သလောက် ရက်ကြာကြာ ထား ရသည်။ မူမှန်လိုမူ ၅ ရက်မှ ၇ ရက်အထိ ထားရသည်။ ဤသို့အချဉ်ပေါက်လာသော ပဲရည်များကို တစ်ဖန် ဖျဉ်းအိုးဖြင့် ကျိုချက်လျှင် ပုန်းရည်ကြီးကို ရရှိလေသည်။
(ဂ) ပုန်းရေကြီးအတွက် လိုအပ်သောပစ္စည်းများ ရောနှောခြင်း (Preparing the Soup base)
အိုးကြီးကြီးတွင် ဆီကို အခံဓါတ်နည်းနည်းထဲ့ထားပါမည်၊ ဇီယာစေ့နှင့် မုန်ညင်းစေ့ အနဲငယ်ထည့်ပါသည်၊ ကြက်သွန်ဖြူလည်းအနဲငယ်ထည့်ပါသည် (အိန္ဒိယနိုင်ငံတွင် ပြုလုပ်နည်း ဖြစ်ပါသည်)၊
(ဃ) ပြီးလျှင် ပဲပိစပ်ပြုတ်များပေါင်းစပ်ပေးခြင်း (Combining Beans and Soup base)
ဆီသပ်ထားသော အိုးထဲသို့ ပဲပြုတ်ရည်များထည့်ပါမည်။ ကျိုသည့်အခါ ယောက်မနှင့် မပြတ်မွှေပေးရသည်။ အမွှေမညီပါက ကျဲသည့်နေရာကျဲ၍ ခဲသည့်နေရာ ခဲတတ်သည်။ ပဲရည်များကို ယောက်မနှင့်ကော်လိုက်လျှင် အောက်သို့ကျ လာသော ပဲရည်သည် ကြွက်မြှီးကဲ့သို့ အမျှင်တန်းအောင် ပျစ်လာသောအခါ ယောက်မနှင့် ပို၍ မွှေပေးရသည်။ ထို့အပြင် ပုန်းရည်ကြီးအိုးကို မီးဖိုပေါ်မှ ချရာ၌လည်း အရေးကြီး သေးသည်။
အေးသွားသောအခါ ပုန်းရည်ကြီးသည် ပို၍ပျစ်သွားတတ်သဖြင့် အိုးကိုမချမီ အလိုရှိသည့် အပျစ်အကျဲကို ခန့်မှန်းပေးရသည်။ မကြာခဏလည်း မြည်းပေးရသည်။ သင့်တော်သော အချိန်တွင် မီးဖိုပေါ်မှ ချပြီးလျှင် အသင့်ဆေးထားသော မရိုး (မြူအိုး) အသစ်ကလေးများ ထဲသို့ ခပ်ထည့်ပေးရသည်။ ပုန်းရည်ကြီးကို မြူအိုးလိုက်ဖြစ်စေ ပိဿာလိုက်ဖြစ်စေ ရောင်းချကြသည်။ ပုန်းရည်ကြီးကို သံဗူးတွင်ထည့်လျှင် အရောင်မည်းသွားတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျိုရာ၌ပင် အရောင်ပျက်မည်စိုး၍ သံဒယ်ဖြင့် မကျိုပါ၊
(င) နောက်ဆုံး ဆားထည့်ပေးပြီ အပေါ့အငန်ချိန်ဆပေးခြင်း (Final Touch) နောက်ဆုံး ပြုလုပ် ပေးရပါမည်။ ပုန်းရည်ကြီးကို ကျိုချက်ရာ၌ အထူးဂရုစိုက်ရသည်။ အရည်များ ပျစ်လွန်သွားလျှင် ပုန်းရည်ကြီး အရနည်းတတ်သည်။ သာမန်အားဖြင့် ပဲတစ်တင်း ကျိုလျှင် ပုန်းရည်ကြီး ကောင်းကောင်း ၃ ပိဿာခန့် ရနိုင်ပါသည်။ အလတ်တန်းစားကျိုမူ ၄ ပိဿာရ၍ အညံ့စားကျိုမူ ၅ ပိဿာရသည်။ သို့ရာတွင်ကျဲသည်။
အကောင်းဆုံး ပုန်းရည်ကြီးသည် အချဉ်လွန်သဖြင့် လူကြိုက်မများချေ။ အချဉ်လွန် သော်လည်း စား၍ကားကောင်းသည်။ အလတ်တန်းစား ပုန်းရည်ကြီးများမူ ချဉ်ပြီး ဆိမ့်သည်။ ပုန်းရည်ကို လေသလပ်ထားလျှင် အပေါ်ယံ မှိုတက်လာတတ်သဖြင့် နှမ်းဆီ သို့မဟုတ် ပဲဆီကို အပေါ်မှ လောင်းထည့်ထားရသည်။
ပုံ - ၃ ပဲပိစပ်မှထုတ်လုပ်သောပုန်းရေကြီး
ဆက်ပါဦးမည်..
မှီငြမ်းစာအုပ်များ/စာတမ်းများ References
Kay, D. E. (1979) Food Legumes. Tropical Products Institute. 435p.
Henry, A. and Kumar, D. (2005) Arid Legumes for Sustainable Agriculture and Trade. Vol. 2. Scientific Publishers. 424p.
Henry, A.; Kumar, D. and Singh, N.B. (2003) Advances in Arid Legumes Research. Indian Arid Legumes Society. 520p.
Kaundal, S.P.; Sharma, A. and Kumar, R. (2019) Exploration of Medicinal Importance of an Underutilized Legume Crop – Horse Gram. Inter. J. of Pharm. Sci. Res. 10(7): 3178-3186.
Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.
https://my.wikipedia.org/wiki/ပုန်းရည်ကြီး
ထွန်းဆိုင်, ဒေါက်တာ (၂၀၀၂) သိမှတ်ဖွယ်ရာ စိုက်ပျိုးရေးဆောင်းပါးများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ၂၄၇-မျက်နှာ
ထွန်းဆိုင်, ဒေါက်တာ (၂၀၁၀) အခြေခံစိုက်ပျိုးရေးပညာ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရှင်အဖွဲ့၊ ၂၉၀-မျက်နှာ
မျိုးကြွယ်, ဦး နှင့် အယ်(လ်) ဘရန်အောင် (၁၉၉၈) စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးနည်းများ, အတွင်းရေးမှူး၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ၆၁-မျက်နှာ
အောင်ဝင်းထွဋ် (၂၀၁၅) မြေပဲနှင့် အခြားပဲမျိုးစုံစိုက်ပျိုးနည်း၊ ရွက်စိမ်းစာပေ၊ ၉၂-မျက်နှာ
(ဦးစိုးဝင်းမောင်၊ အကြံပေး အရာရှိ၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် စာရင်းဇယားများ အတွက်၎င်း၊ ဒေါက်တာ ကြည်မိုး၊တွဲဖက်ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအား၎င်း ကျေးဇူးတင်ပါသည်)
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။