စားအုန်းဆီထုတ်လုပ်တဲ့ ဆီအုန်းသီးနှံဆိုတာ

08/01/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (106)  Oilseed Crops – Oil Palm: Basic Cooking Oil (Part - 5)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၆)  ဆီထွက်သီးနှံများ - ဆီအုန်း - ပြည်သူအားလုံးအတွက်စားသုံးဆီ (အပိုင်း - ၅)

မိတ်ဆက် (Introduction) 

ကျွန်တော် ဆီထွက်သီးနှံများအကြောင်း ရေးသားလာခဲ့သည်မှာ အမှတ်စဉ် ၅ အထိ ရောက်ရှိနေပါပြီ။ ဤဆောင်းပါးများဖြင့် ကျွန်တော်တို့ကျောင်းသားဘဝမှ အငြိမ်းစားယူသွားသည်အထိ ဆီထွက်သီးနှံများအကြောင်း တစ်စိုက်မတ်မတ် သင်ကြားပေးခဲ့သူ၊ မြေပဲနှင့်နှမ်းသုတေသနများကို ရေဆင်း၌ တောက်လျှောက်သုတေသနပြုခဲ့သူ ကျွန်တော်၏ ဆရာပါမောက္ခ (ငြိမ်း) ဆရာကြီး ဦးမြသောင်းနှင့် ကျွန်တော့်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အား ဂါရဝပြုကန်တော့အပ်ပါသည်။ 

ဆီအုန်း (စားအုန်းဆီ) သည် ကျန်းမာရေးရှုထောင့်မှ စားသုံးရန် အကောင်းဆုံးဆီမဟုတ်သော်လည်း ဈေးကွက်အရ လိုအပ်နေသေးသော စားသုံးဆီ ဖြစ်ပါသည်၊ 

ဆီအုန်း (Oilpalm – Elaeis guineensis) သည် မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တွင် အများဆုံး စိုက်ပျိုးသော ဆီထွက်သီးနှံဖြစ်ပြီး နှစ်ရှည်သီးနှံပင် (Perennial Crop) ဖြစ်ပါ သည်။ ကမ္ဘာ့ဆီထုတ်လုပ်မှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းသည် ဆီအုန်းမှ ထုတ်လုပ်သော စားအုန်းဆီ (Palm Oil) ဖြစ်ပါသည်။ သို့သော် ကမ္ဘာ့ဆီထွက်သီးနှံစိုက်ဧရိယာအားလုံး၏ ၁၀ ရာခိုင်နှုန်းသာ ဆီအုန်းစိုက်ပါသည်။

ဇယား - ၁ ကမ္ဘာ့စုစုပေါင်း ဆီထွက်သီးနှံမြေမှ ဆီထုတ်လုပ်မှု

ဆီအုန်းဆီ တစ်တန်ရရှိရန်အတွက် မြေ ၁/၄ ဟက်တာပဲ လိုအပ်ပါသည်။ ကျန်သီးနှံများ ဆီတစ်တန်ရရန် ပဲပုပ် (၂.၁၅ ဟက်တာ)၊ နေကြာ (၁.၅၀ ဟက်တာ)၊ ဆီမုံညှင်း (၀.၇၅ ဟက်တာ) တို့နှင့် နှိုင်းယှဉ်နိုင်ပါသည်၊ 

ဇယား - ၂ မျိုးစေ့များတွင် ပရိုတင်း ဆီ အမျိုးအစားအလိုက်ပါဝင်မှု  (ရာခိုင်နှုန်း)

* Saturated ** Mono-Unsaturated *** Poly-Unsaturated

ဇယား - ၃ ကမ္ဘာ့ဆီအုန်းအများဆုံးစိုက်ပျိုးသော နိုင်ငံများ (၂၀၂၂-၂၃) ခုနှစ် 

ဆီအုန်းသီးမှ ဆီ ၂-မျိုးရနိုင်ပါသည်။ အဝါရောင်ရှိ အသားပျော့ (Mesocarp) မှထုတ်ယူသော အခွံဆီကို စားသုံးဆီ အဖြစ်အသုံးပြုပြီး အဆန်(Kernal) မှ ထုတ်ယူရရှိသော အဆန်ဆီကို အလှကုန်လုပ်ငန်း (Cosmetics)၊ ချောဆီ (Lubricants) တို့ ပြုလုပ်ရာတွင်လည်း အသုံးပြုပါသည်။ စားဆီတွင် ဗိုက်တာမင် အေ နှင့် အီး ကြွယ်ဝပါသည်။ ဘီစကွတ် (Biscuit)၊ ဟင်းရွက်အဆီခဲ (Margarine) စသည်တို့ပြုလုပ်ရာတွင်လည်း အသုံးပြုပါသည်။ 

 

ဆီအုန်း (၃) မျိုးရှိပြီး ဒူရာ (Dura) သည် ဆီထွက်သော အသား (၄၅%) သာပါပြီး ပစ်စီဖာရာ (Pesifera) မျိုးသည် (၉၀%) အထိပါဝင်သော်လည်း အသီးအညှာမခိုင်၍ အလေအလွင့်များပါသည်။ ဤ ၂-မျိုး မျိုးစပ်သောအခါ ဆီထွက်သော အသား (၇၅%) ပါဝင် သော တင်နီရာ (Tenera) မျိုးရရှိ၍ အထွက်ကောင်းမွန်၊ အညှာခိုင်သော မျိုးရရှိပါသည်။

ပုံ - ၁ ဆီအုန်း (၃) မျိုး

ဆီအုန်းပင်၏ ရုက္ခဗေဒ (Botany of Oilpalm)

ဆီအုန်းပင်သည် အပူပိုင်းနှစ်ရှည်ပင် (Tropical Perennial Tree) ဖြစ်ပြီး အပင်အမြင့် ပေ-၆၀၊ အနှစ် ၁၀၀ ကျော် ရှင်သန်နိုင်သော်လည်း စီးပွားရေးအရသက်တမ်း (Economic Life Cycle (Duration/Age) of  Oilpalm) သည် အပင်အမြင့် ၁၀-၁၁ မီတာ (ပေ ၃၀-ခန့်) အရွယ် ၂၅-၃၅ နှစ် အထိဘဲ ထားကြပါသည်။

ဆီအုန်းပင်အမြစ်သည် မြစ်ဖွာ (Fibrous Roots) အဖွဲ့အစည်းဖြစ်ပြီး မူခြားမြစ်/ထူးကဲမြစ်  (Adventitious Roots) အပါအဝင် အမြစ်ပေါင်း ၈၀၀၀-၁၀၀၀၀ ခန့်အထိ ရှိနိုင်ပါသည်။ အမြစ်အရွယ်အစား (၄-၁၀ မီလီမီတာ) ပျှမ်းမျှရှိပြီး ဘေးကို (၂၀-၆၀ စင်တီမီတာ - ၂-ပေခန့်) မှ (၁၅-၂၀ မီတာ - ပေ ၆၀-ခန့်) အထိ ဖြာထွက်နိုင်ပြီး အောက်ကို (၉-မီတာ ၂၇-ပေခန့်) အထိထိုးဆင်းနိုင်ပါသည်၊)

ဆီအုန်းပင် အသက် ၃ နှစ် (စိုက်ပြီး ၂ နှစ်) တွင် အသီးများ စတင်ရရှိကာ ၂၅ နှစ်အထိ စီးပွားဖြစ် ထုတ်လုပ်သွားနိုင်ပါသည်။ ပတ်ဝန်းကျင်ရာသီဥတုကောင်းမွန်ပါက တစ်လလျှင် ၂ ရွက်နှုန်းနှင့် အရွက် ၄၀-၅၀ အထိထွက်ရှိနိုင်ပါသည်။ ရွက်ပေါင်း တစ်ရွက်၏ အစာချက်လုပ်နိုင်စွမ်းရည်မှာ ၂ နှစ်ဖြစ်ပါသည်၊ အရွက်တစ်ခုခြင်း၏ အရှည်မှာ ၅-၇ မီတာ (၁၅-၂၀ ပေခန့်) အထိအများဆုံးရှည်နိုင်ပြီး ရွက်ငယ်ပေါင်း (Pairs of Leaflets) ၁၀၀-၁၆၀ စုံ အထိထွက်ရှိနိုင်ပါသည်။ ရွက်မွှာတစ်ရွက်ချင်း ၁၀၀-စင်တီမီတာ (၃-ပေခန့်) ရှည်ထွက်နိုင်ပါသည်။ ဆီအုန်းပင်၏ အရွက်ဧရိယာညွန်းကိန်း (LAI – Leaf Area Index) သည် အပင်အခြောက်အလေးချိန်ထုတ်လုပ်မှု (Total Dry Matter Production) နှင့် တိုက်ရိုက်ဆက်စပ်မှုရှိပါသည်၊ သုတေသနပြုချက်များ အရ ပုံမှန် ဆီအုန်းပင် ၂-နှစ်သား တွင် LAI ၂-လောက်မှ ၁၄-နှစ်သားတွင် LAI ၅-လောက်အထိ တက်သွားနိုင်ပါသည်၊ သို့သော် LAI ၆-ကျော်သွားလျှင်တော့ အပင်ကြီးထွားမှုနှုန်း ၃၀-၄၀ တန်/ဟက်တာ/ နှစ် (CGR – Crop Growth Rate ton ha-1 year-1) တက်သွားသော် ငြားလည်း အထွက် က ပြန်လည် လျော့ကြသွားပါသည်။ မြန်မာနိုင်ငံတွင် သုတေသန တွေ့ရှိချက်အရ LAI ၃.၆၅ မှ ၅.၂၃ အထိ တိုင်းထွာရရှိခဲ့ပါသည် (ဒေါ်စန်းစန်းတင့်အားမေးမြန်းချက်မှ)

ဆီအုန်း အဖိုပွင့် (Male Flower) နှင့် အမပွင့် (Female Flower) ၂-မျိုးစလုံး တစ်ပင်တည်းတွင် တစ်နေရာစီရှိသည့် (Monoecious Flowering Plant) အပင်မျိုးဖြစ်ပါသည်၊ တစ်ပြိုင်တည်းမပွင့်ဘဲ ပင်ခြားဝတ်မှုံကူး (Cross Pollination) သော အပင်ဖြစ်ပါသည်။ ကျိုင်းကောင်လေးများမှ ဝတ်မှုံကို သယ်ဆောင်လေ့ရှိပါသည်။

ဆီအုန်း အဖိုပွင့်၊ အမပွင့် ပန်းခိုင်ပုံစံများ

ဆီအုန်းသီးများသည် အစုအပြုံလိုက်သီးလေ့ရှိသောအသီးများ (Cluster of Fruits) ဖြစ်ပါသည်။ သီးခိုင်တစ်ခု (One Bunch) လျှင် အသီးငယ် ၁၀၀၀-၃၀၀၀ ခန့် ပါဝင်နိုင်ပြီး ၁၀ မှ ၂၅ ကီလိုဂရမ်အထိ အလေးချိန် ရှိနိုင်ပါသည်။ ဆီအုန်းသီးငယ် (Fruitlet) တစ်ခု ခြင်း အရောင်သည် ရှည်မြောမြောပုံသဏ္ဍာန် (Sperical or Elongated in Shape) ရှိပြီး မရမ်းမဲရောင် (Dark Purple)၊ အနက်ရောင် (Black) ရှိပြီး မှည့်လာပါက (Ripe) လိမ္မော်နီရောင် (Orange Red) သို့ပြောင်းသွားပါသည်။ မျိုးစေ့ဖြင့်ပဲ မျိုးပွားခြင်း (Propagation is by sowing seeds) ကို ပြုလုပ်လေ့ရှိပါသည်။ 

ဆီအုန်းပင် အစာပို့မှုနှင့် အစာလက်ခံနိုင်မှု ဆက်စပ်ခြင်း (Source-Sink Relationship of Oil Palm)

အပင်များ၏ချက်လုပ်ပြီး အစာများပို့ဆောင်ပေးသော အစိတ်အပိုင်းများ (Source) အပင်မှအစာချက်လုပ်နိုင်သောအစိတ်အပိုင်းများ (The Photosynthetically Active Parts of Plants) ဥပမာ - အရွက်များ၊ အစိမ်းရောင်ရှိ ပင်စည်၊ အဖူးများ။

အပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အစာလက်ခံပေးသော အစိတ်အပိုင်းများ (Sink) အပင်၏အစာမချက်လုပ်နိုင်သောအစိတ်အပိုင်းများ (Non-Photosynthetic organs of the Plant Parts) ဥပမာ - အပွင့်၊ အသီး၊ အမြစ်။

ချက်လုပ်ပြီးအစာများ ပို့ဆောင်အစိတ်အပိုင်းနှင့် လက်ခံသည့် အစိတ်အပိုင်း 

သို့သော် အစာပို့သောအစိတ်အပိုင်းသည် အရွက်များစိမ်းစိုနေချိန်သာပို့၍ အိုမင်း၊ အရောင်ဝါ သွားချိန်တွင် အစာမပို့နိုင်တော့ပါ။

သုတေသနပြုချက်အရ ဆီအုန်းအထွက်ကောင်းရန် အလင်းရောင်နည်း (Low Light Intensity) ရမည်။ အပင်အနီးအနား အပူချိန်သည်လည်း နည်းရမှာ ဖြစ်ပြီး  (Low Temperature near plant – Micro-Climate) နေ့တာသည် အရေးမကြီးပါ။ တစ်နှစ်ပတ်လုံး အစိုဓာတ်ရှိနေရန်သာ လိုအပ်ပါသည်။ သို့သော် လိုအပ်တာထက် ရေပိုသွားပါကလည်း  (Don’t like excess water) အားနည်းပြီး အထွက်လျော့နိုင်ပါသည်။ အပင်ကြီးထွားမှုကောင်းရန် ဆီအုန်းခင်းများတွင် ကော့ပါး (Copper) ဓာတ်လုံလောက်စွာ ရှိရန် လိုအပ်ပါသည်။ 

ကော့ပါးဓာတ် ချို့တဲ့သောအပင်နှင့် အသီးခိုင်

နောင်တစ်ချိန်စာအုပ်ထုတ်ဝေသောအခါ သီးနှံအုပ်စုတစ်ခုချင်းအလိုက် ဤထက်ပို၍ ကျယ်ပြန့်စွာ ရေးသားဆွေးနွေးပါဦးမည်။

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Ferwerda, J. (1977) Oil Palm. In ‘Ecophysiology of Tropical Crops by P.T. Alvim and T.T. Kozlowski‘. Academic Press. pp 351-382.

Mandal, B.C. (2008) Manual on Major Oilseed Crops of Myanmar. FAO 78p.

Wijnands, H.M., Biersteker, J., Hagerdoorn, L.F. and Louisse, J. (2014) Business Opportunities and Food Safety of the Myanmar Edible Oil Sector. LEI Wageningen UR, The Netherlands. 96p.

Rankhine, I. and Fairhurst, T. (2001) Pocket Guide: Oil Palm Series. Vol – 5. ဆီအုန်းစိုက်ပျိုးခြင်း

Fairhurst, T. (2001) ဆီအုန်းသီးနှံတွင် အဟာရဓာတ်ချို့တဲ့မှု လက္ခဏာများနှင့် မူမမှန်ဖြစ်ရပ်များ၊ အပြည်ပြည်ဆိုင်ရာ အပင်အဟာရဓာတ်အဖွဲ့ (International Plant Nutrition Institute) နှင့် မြန်မာ့ဩဘာလုပ်ငန်းစု ၃၆-မျက်နှာ 

မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း (၁၉၉၉) ဆီအုန်းစိုက်ပျိုးထုတ်လုပ်ခြင်း ၈-မျက်နှာ

မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း (၁၉၉၉) အဟာရနှင့်ကျန်းမာရေး အထောက်အကူပြု ဆီအုန်းဆီ ၈-မျက်နှာ

(ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူးနယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုးမွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊  ဒေါ်စန်းစန်းတင့်၊ ဒုညွန်မှုး (တာဝန်ခံ)၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်