ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီး

11/03/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (115)  Fruit Science - Banana  (Part - 4)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၁၅) သစ်သီးဝလံသိပ္ပံပညာ - ဌက်ပျောသီး (အပိုင်း-၄)

ငှက်ပျောသီးသည်ကား ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံးစားသုံးနိုင်ပြီး အမျိုးပေါင်းများစွာရှိနေသော သဘာဝကပေးသည့် လက်ဆောင်ဖြစ်ပါသည်။ အလွန်အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံ အကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါးပါသည်၊ ကျွန်တော်၏ ဆောင်းပါးကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူဖြစ်စေပါက ကြည်နူးပီတိဖြစ်ရပါသည်။

ငှက်ပျောသီးသည် ကျေးလက်တောရွာများတွင်သာမက မြို့ကြီးများတွင်ပါ နေရာအနှံ့ တစ်နှစ်ပတ်လုံးရရှိသည့်အပြင် စားရသည်မှာ အလွန်လွယ်ကူ၍ လုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူပါက ‘ငှက်ပျောသီးအခွံနွှာစားရသလို’ စကားပုံပင်ရှိပါ သည်။ ဈေးကလည်းသင့်တော်၍ နေ့လည်စာ၊ ညနေစာ စားသုံးပြီးလျှင်လည်းကောင်း၊ ဧည့်သည်များ ဧည့်ခံရာတွင်လည်းကောင်း၊ မိရိုးဖလာ ရိုးရာဓလေ့ ဘုရားပွဲ၊ နတ်ပွဲများတွင် အုန်းသီးနှင့်အတူတွဲ၍ ပါဝင်နေသော သစ်သီးလည်းဖြစ်ပါသည်။ 

ငှက်ပျောသီးကို ရှေးဟောင်းအသီး (Antique Fruit Crop)၊ ဉာဏ်ပညာရှိအပင် (Tree of Wisdom)၊ သုခဘုံပန်းသီး (Apple of Paradise)၊ သူတော်ကောင်းများ၏အပင် (Plant of Virtue) စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်နေကြပါသည်။ မြန်မာပြည်တွင် မြေလွတ် အနည်းငယ်ရှိရုံနှင့် အိမ်ဥယျာဉ် (Home Garden) အဖြစ်စိုက်ပျိုး၍ရရှိသော အပင်လည်း ဖြစ်ပါသည်။ 

၂၀၂၂-ခုနှစ်၌ တစ်ကမ္ဘာလုံး ငှက်ပျောသီး ထုတ်လုပ်မှု အများဆုံးနိုင်ငံများမှာ 

(၁) အိန္ဒိယ - တန်ချိန်သန်းပေါင်း - ၃၀ နီးပါး

(၂) တရုတ် - တန်ချိန်ပေါင်း  -  ၁၁  သန်းနီးပါး

(၃) အင်ဒိုနီးရှား  - တန်ချိန်ပေါင်း -  ၇.၃  သန်းနီးပါး

(၄) ဘရာဇီး - တန်ချိန်ပေါင်း - ၆.၈  သန်းနီးပါး

(၅) အီကွေဒေါ - တန်ချိန်ပေါင်း  -  ၆.၆  သန်းနီးပါး ထုတ်လုပ်ပါသည်။

ဇယား - ၁ မြန်မာနိုင်ငံ နှစ်အလိုက် ငှက်ပျော စိုက်ပျိုးဧရိယာ၊ ထုတ်လုပ်မှု၊ အထွက်နှုန်းများ

Source – DoP (2022) Myanmar Agriculture in Brief. 

၂၀၁၉-၂၀ ခုနှစ်တွင် နိုင်ငံခြားသို့တင်ပို့မှု ၈၃၁,၈၉၀ တန်ချိန်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ပါသည်။

ဇယား - ၂ လတ်ဆက်သောငှက်ပျောသီး ၁၀၀-ဂရမ်တွင် ပါဝင်သောအာဟာရဓာတ်များ

Source - ဒေါက်တာခင်မောင်လွင် (၂၀၂၃)

ငှက်ပျောသီးသည် အသီးအားလုံးတွင် ပိုတက်ဆီယမ်ဓာတ် အများဆုံးနှင့် မဂ္ဂနီဆီယမ် ဒုတိယအများဆုံးပါဝင်သဖြင့် ကျန်းမာရေးအတွက် အလွန်အသုံးတည့်ပါသည်။

ငှက်ပျောသီး၏ရုက္ခဗေဒ (Botany of Banana)

ငှက်ပျောသီးသည် မျိုးရင်း (Family - Musaceae) တွင်ပါဝင်၍ မျိုးစု (Genus - Musa) နှင့် မျိုးစိတ် ၃-မျိုး (M.paradiciaca; M.cavendish; M.sapientum) ခန့်ရှိပါသည်။ 

ငှက်ပျောပင်၏ မူရင်းဒေသ (Origin) သည် အိန္ဒိယအာဆန်၊ မြန်မာနှင့် အင်ဒိုတရုတ် ဒေသ (Assam, Myanmar, Indo-China Region) ဖြစ်ပြီး ၎င်းသည် (Not a Tree) သစ်ပင်ကြီးမဟုတ်ဘဲ ၁၅-မီတာ (၄၅-ပေခန့်) အထိ အပင်မြင့်နိုင်သော ခြုံပုတ်ရှည်ပင်မျိုး (Tall Herb) ဖြစ်သည်။ ငှက်ပျောပင်တွင် ငှက်ပျောရိုင်း (Wild Banana) ဥပမာ - အစေ့ပါတာမျိုးနှင့် စိုက်ပျိုးထားသောငှက်ပျော (Cultivated Banana) ဥပမာ - အစေ့မဲ့  ၂ မျိုးရှိပြီး၊ စိုက်ပျိုးမျိုးသည် သုံးပွင့်ဆိုင် (Triploids) ဗီဇမျိုးရှိပါသည်။

စေ့ရွက်ထီးပင် (Monocotyledon) ဖြစ်ပြီး နှစ်ရှည်ခြုံပုတ်ပင် (Perennial Herb) မျိုးဖြစ်သည်။ ပင်စည်သည် ပင်စည်အတု (Pseudo Stem) ဖြစ်သည်။ မြေကြီးမှထိုးထွက်လာကာ အရွက်ဖူး (Leaf Buds) တွေထွက်ပါသည်။ ပန်းခိုင်ထွက်ပြီး ငှက်ပျောခိုင်ခုတ်ပြီးပါက ထိုပင်စည်သေသွားသဖြင့် ခုတ်ပစ်ရပါသည်။ ဒါပေမဲ့ အတက်အသစ် (New Suckers) က မူလပင်စည်မကြီးမှ ထပ်မံထွက်လာသဖြင့် ငှက်ပျောအပင်သစ်များ ပင်စည်မကြီးဘေးမှာ စဉ်ဆက်မပြတ်ရှိနေပါသည်။

 

ပုံ - ၁ ငှက်ပျောပင် ကြီးထွားမှုအဆင့်ဆင့်

ငှက်ပျောပင်အမြစ်စနစ်သည် ဘေးဘက်ကိုထွက်လေ့ရှိပြီး၊ အနက် ၃-ပေခန့်အထိသာ ထိုးဆင်းလေ့ရှိပါသည်။ အပင်အတွက် အစိုဓာတ်ကိုတောက်လျှောက်လိုအပ်သော်လည်း အပင်ခြေတွင် ရေဝတ်မှုဒဏ်ကို ခံနိုင်ရည်မရှိပါ။

ပန်းပွင့်သည် ပန်းခိုင်အစုအဖွဲ့/ငှက်ပျောဖူး (Cluster) ပုံစံဖြစ်ပြီး အဖိုပွင့် (Male Parts)၊ အမပွင့် (Female Parts) အစုံပါဝင်သော လိင်စုံပင်ဖြစ်ပါသည်။ ပန်းခိုင်အပေါ်ထပ်ရှိ ပန်းပွင့်ငယ်များသည် အမပွင့်သာ နိုးကြားတက်ကြွသဖြင့် (Active)  အဖူးထိပ်ပိုင်းများ အသီးတင်ခဲပါသည်။ ငှက်ပျောသီးက မျိုးကူးစပ်ခြင်း၊ သန္ဓေအောင်ခြင်းမရှိဘဲ အသီးသီးသောအသီး (Parthenocarpic Fruit) ဖြစ်ပါသည်။ ထို့ကြောင့် အစေ့မရှိပါ။

ငှက်ပျောပင်များ မျိုးပွားစိုက်ပျိုးရာတွင် အပင်တစ်ရှူးမွေးမြူနည်း (Plant Tissue Culture) စနစ်ဖြင့်လည်း အပင်များစွာ မျိုးပွားနိုင်ပါသည်။

ပုံ - ၂ ငှက်ပျောပင် တစ်ရှူးနည်းဖြင့် မွေးမြူခြင်း

ငှက်ပျောကြိုက်သောရာသီဥတု (Best Climate for Banana)

အပူပိုင်းဒေသသီးနှံ (Tropical Crop) ဖြစ်ပြီး မိုးများစွတ်စိုပူအိုက်သော (Warm, Humid and Rainy Condition) အခြေအနေကိုကြိုက်နှစ်သက်ပါသည်။ သို့သော် အပင်ခြေတွင်တော့ ရေကြာကြာဝပ်နေသည်ကို မကြိုက်ပါ (The plants do not like water-logged condition at the base of the plant)။ အသင့်တော်ဆုံးအပူချိန်သည် ၂၅-၃၀ ဒီဂရီဆဲလ်စီရပ်အကြားတွင် ရှိပါသည်။ သိပ်ပူလွန်း၍ ၃၈-ဒီဂရီ အထိရောက်သွားလျှင် အပင်ကြီးထွားမှုရပ်သွားနိုင်ပါသည်။ တဖန် ၁၃-ဒီဂရီအောက်ရောက်သွားလျှင်လည်း အပင်၊ အသီးများမှရေငွေ့ပျံ့ခြင်း (Transpiration)၊ စွမ်းအင်ပြုအစာဖြိုခွဲခြင်း (Respiration) တို့ အလုပ်မလုပ်သလောက် ဖြစ်သွားသဖြင့် အသီးများ၊ သိုလှောင်ပို့ ဆောင်ရာတွင် အအေးခန်းပြုသိုလှောင်ခြင်း (Cold Storage) ပြုလုပ်ပြီး တစ်နိုင်ငံမှ တစ်နိုင်ငံ အအေးခန်း သင်္ဘောများဖြင့် ပို့ဆောင်ကြပါသည်။ 

ငှက်ပျောရင့်မှည့်ချိန်နှင့် ငှက်ပျောခိုင်ဆွတ်ခူး၊ နည်းစနစ်များ (Maturity for Harvest and Harvesting Methods)

ရင့်မှည့်ချိန်လက္ခဏာများ  (Signs of Maturity) ထိပ်ဆုံးအရွက်များစခြောက်လာချိန် (Top Leaves start Drying) အဖူးမှပန်းပွင့်ပြီး ရက် ၁၂၀-၁၄၀ အတွင်း ဆွတ်ခူးလေ့ရှိပါသည်။ ထိုအချိန် အသီးအရောင်သည် အစိမ်းရင့် (Deep Green) မှ အစိမ်းဖျော့ရောင် (Lighter Green) သို့‌ပြောင်းသွားပါသည်။ ဆွတ်ခူးပြီးပါက ဈေးကွက် မပို့မီ သိုလှောင်လိုပါလျှင် အခန်းအပူချိန် ၁၃-၁၄ ဒီဂရီဆဲလ်စီးယတ်နှင့် စိုထိုင်းဆ (Relative Humidity) ၈၅-၉၅ ရာခိုင်နှုန်းအတွင်း ရက်သတ္တပတ် ၃-ပတ် လောက်အထိသို လှောင်နိုင်ပါသည်။ ဤအချိန်များထက်ပို၍ သိုလှောင်လိုပါက သိုလှောင်ရုံ၊ အခန်းထဲ ကာဗွန်ဒိုင်အောက်ဆိုက် (High Concentration of Carbon Dioxide – CO2) ပါဝင်မှုများများ နှင့် အောက်ဆီဂျင် (Low Concentration of Oxygen – O2) ပါဝင်မှုနည်းအောင် အချိုးချထည့်ထားလျှင် ပိုမို၍ ကြာရှည်စွာ သိုလှောင်နိုင်ပါသည်။ နိုင်ငံခြားသို့တင်ပို့လိုလျှင်လည်း ၅၀၀ ဒီဂရီအပူချိန်တွင် ၁၅ မိနစ်စိမ်၍ ပို့ဆောင်လေ့ရှိပါသည်။

ဈေးကွက်ရောက်သည့် နိုင်ငံ၊ မြို့ရွာများတွင် ငှက်ပျောသီး အစိမ်းများကို အမှည့်ခံ၍ရောင်းချလိုပါက (Heaped in dry and air-tight rooms and covered with leaves) လေလုံအခန်းများတွင် ငှက်ပျောရွက်များဖြင့်ဖုံးထားလျှင် ၄ ရက်ခန့်အကြာတွင် ဈေးကွက် သို့ပို့ဆောင်နိုင်ပါပြီ။ ၎င်းရက်ပိုင်းများထက်စော၍ မှည့်စေလိုပါက ကောက်ရိုး၊ အရွက်ခြောက် များ မီးခိုးမှိုင်းတိုက်၍ စောမှည့်နိုင်ပါသည်။ ယခုအခါ တစ်ချို့ငှက်ပျောသီးဈေးသည်များသည် ဆေးသုံး၍ ငှက်ပျောသီးများမှည့်စေခြင်းက ကျန်းမာရေးနှင့် မညီညွတ်နိုင်ပါ။

ငှက်ပျောနှင့်ငှက်ပျောထွက်ပစ္စည်းများ (Banana and Banana Products)

ငှက်ပျောသီးကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများက သစ်သီးအနေနှင့် စားသုံးကြသော်လည်း ယူဂန်ဒါ (Uganda)၊ ကွန်ဂို (Congo)၊ ရဝန်ဒါ (Rwanda) စသည့် အာဖရိကနိုင်ငံများနှင့် ကိုစတာရိက (Costa Rica)၊ အီကွေဒေါ (Ecuador) စသည့် နိုင်ငံများက အဓိကအစားအစာ (Main Diet/Staple Food) အဖြစ် ချက်ပြုတ်စားသုံးကြပါသည်။ ငှက်ပျောသီးမျိုးများမှာ အကြီးကြီးဖြစ်ပြီး အသီးမမှည့်ခင် အစိမ်းသီး အနေနှင့်ချက်ပြုတ် စားသုံးကြပါသည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံများစွာရှိ ငှက်ပျောသီး ထုတ်ကုန်များမှာ -

(က) ငှက်ပျောသီးအခြောက် (Sun-Dried Banana and Banana Chips)

မြန်မာနိုင်ငံတွင် ငှက်ပျောခြောက်ဆိုပြီး အထူးသဖြင့်ရခိုင်ငှက်ပျောသီးများကို နေလှမ်းကာ ဧရာဝတီတိုင်းမှထုတ်လုပ်နေပါသည်။ နိုင်ငံခြားပို့ကုန်အဖြစ် အလားအလာများစွာ ရရှိနိုင်ပါသည်။ တစ်ချို့နိုင်ငံများကတော့ ငှက်ပျောသီးကို အာလူးကျော်ကဲ့သို့ ပါးပါးလှီးကြော်ကာ ရောင်းချနေပါသည်။ ဖိလစ်ပိုင်ငှက်ပျော ကြော်များကတော့နာမည်ကြီးပါသည်။

(ခ) ငှက်ပျောဆနွင်းမကင်း (Banana Cake) နိုင်ငံတကာတွင် ငှက်ပျောသီးမှ ပြုလုပ်သော ငှက်ပျောကိတ်မုန့် ထုတ်လုပ်ရောင်းချကြပါသည်။ မြန်မာနိုင်ငံတွင်တော့ ငှက်ပျော၊ အာလူးဆနွင်းမကင်းများနာမည်ကြီးပါသည်။ နိုင်ငံခြားပို့ကုန် အမယ်သစ် ရရှိနိုင်ပါသည်။

(ဂ) ငှက်ပျောပေါင်း (Banana Pudding) ငှက်ပျောသီးအမှည့်များပြားလာပါက ကြာရှည်ခံနိုင်ရန် နွားနို့၊ အုန်းနို့များနှင့် ငှက်ပျောပေါင်းလည်း ပြုလုပ်လေ့ရှိပါသည်။

(ဃ) ငှက်ပျောဝိုင်/ငှက်ပျောဘီယာ (Banana Wine/Banana Beer) တစ်ချို့နိုင်ငံများတွင် ငှက်ပျောသီးအမှည့်များ များပြားသွားပါက ဝိုင်၊ ဘီယာများ ပြုလုပ်ရောင်းချကြပါသည်။

ဖိလစ်ပိုင်နှင့်ထိုင်းနိုင်ငံတွင် အမျိုးသားငှက်ပျောသုတေသနဌာန (National Banana Research Centre) ရှိပြီး အပြည်ပြည်ဆိုင်ရာ အပင်ဗီဇအရင်းအမြစ်များ ထိမ်းသိမ်းရေးဘုတ်အဖွဲ့ (International Board for Plant Genetic Resources - IBPGR) ၏ကြီးကြပ်မှုဖြင့် မျိုးများစွာကို ရှာဖွေဖေါ်ထုတ်ပြီး သုတေသနပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့သုတေသနမျိုး ပြုလုပ်သင့်ပါသည်။

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

FAO (1992) Bananas. FAO Economic and Social Development Series N0. 3/18. 27p.

DoP (2022) Myanmar Agriculture in Brief-2021. MoALI. 125p.

Perseley, G.J. and De Langhe, E.A. (1987) Banana and Plantain Breeding Strategies. ACIAR Proceeding No. 21. 187p.

Samson, J.A. (1982) Tropical Fruits. Longman. 250p. 

Simmons, N.W. (1966) Bananas. 2nd Ed. Longman. 512p.

ခင်မောင်လွင်, ဒေါက်တာ (၂၀၂၃) သစ်သီးများနှင့်ကျန်းမာရေး၊ တတိယအကြိမ် Fame Publishing House. ၃၁၈-မျက်နှာ

ဒေါက်တာမင်းသန်းညွန့် (အငြိမ်းစားညွန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာန)၊ ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါက်တာ စောထိုလွီထူး၊ ပါမောက္ခ၊ ၊ ဒေါက်တာချောစုစုထွေး၊ တွဲဖက်ပါမောက္ခဌာန၊ ဥယျာဉ်ခြံသီးနှံဌာန၊ ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူး နယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ဒေါက်တာဝင်းနိုင်၊ ညွန်ကြားရေးမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်