အပင်တွေအတွက် ဒုတိယအလိုအပ်ဆုံး အာဟာရ (၃) မျိုး

18/04/2023 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အပင်တွေရှင်သန်ဖို့  မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ကြီးသုံးပါး C,H,O နဲ့ အရေးအကြီးဆုံးဖြည့်ဆည်းပေးဖို့လိုအပ်တဲ့ အာဟာရဓာတ် N,P,K သုံးမျိုးအကြောင်းကို ရှေ့အပိုင်းတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။

အောက်ပါလင့်တွေကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

အပင်တွေရှင်သန်ဖို့ အခြေခံအကျဆုံး ဖောင်ဒေးရှင်းကြီး ၃ ပါး >>> https://bit.ly/3oc8g4I

အပင်များကြီးထွားသီးပွင့်ရေးအတွက် အဓိကအလိုအပ်ဆုံးအာဟာရ ၃ မျိုး >>> https://bit.ly/3A4O33o

ဒီနေ့မှာတော့ ဒုတိယအရေးကြီးဆုံးလိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာတွေ အကြောင်းကို ဆက်လက်ဖော်ပြလိုက်ပါတယ်။

ကယ်လ်ဆီယမ် (Ca) 

ထုံးမှုန့်၊ ကျောက်မှုန့် (ဂျစ်ပဆန်)၊ ကြက်ဥခွံစတဲ့ မြေဩဇာတွေကနေ အများဆုံးရရှိတဲ့ဓာတ် ဖြစ်ပါ တယ်။

အမြစ်နဲ့ အရွက်တွေကြီးထွားဖို့ လှုံဆော်ပေးတာကြောင့် မြေပြင်ချိန်မှာကတည်းက အသုံးပြုကြတဲ့ မြေဩဇာတစ်မျိုးလည်း ဖြစ်ပါတယ်။ မြေဆီဩဇာကို တိုးတက် ကောင်းမွန်စေပြီး မြေဆီလွှာမှာ လေဝင်လေထွက် ကောင်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ရေစုပ်ယူမှုကောင်းစေပြီး မြေဆီလွှာ တိုက်စားခံရတာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ကောင်းစေတာကြောင့် အပင်ကနေ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်မှာဖြစ်ပြီး အပင်ကြီးထွားမှု ညီညာဖို့ကိုလည်း အထောက်အကူ ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကယ်လ်ဆီယမ်ဟာ ဆဲလ်နံရံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒြပ်ပေါင်းတွေကိုဖွဲ့စည်းစေပြီး အပင်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို အားကောင်းစေပါတယ်။ အပင်ထဲမှာရှိတဲ့ အော်ဂဲနစ်အက်စစ်များကို ပျက်ပြယ်စေနိုင်တဲ့အင်ဇိုင်းတွေကို လှုပ်ရှားစေခြင်းဖြင့် အပင်ထဲမှာရှိတဲ့ နိုက်ထရိတ်ကိုလည်း လျှော့ချပေးပါတယ်။ အပင်ရဲ့ အမြစ်ကြီးထွားမှု၊ မိုလိီဒနမ်ဓာတ် ရရှိမှုနဲ့ အခြားအာဟာရဓာတ်တွေ ရရှိနိုင်အောင်လည်း ဆွဲဆောင်ပေးပါတယ်။ မြေကြီးထဲမှာ အလူမီနီယမ်နဲ့ မန်းဂနိစ် အဆိပ်သင့်မှုကို လျှော့ချပေးခြင်းဖြင့် အပင်အထွက်နှုန်းတိုးအောင် သွယ်ဝိုက်ပြီး အားပေးတဲ့ ဓာတ်တစ်မျိုးလည်းပဲ ဖြစ်ပါတယ်။

ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့မယ်ဆိုရင်...

အမြစ်တွေကောင်းကောင်းမကြီးထွားတာက ကယ်လ်ဆီယမ်ချို့တဲ့ရင် အပြအများဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ ပိုဆိုးလာမယ်ဆိုရင် အပင်ကြီးထွားမှုရပ်ပြီး သေသွားနိုင်ပါတယ်။ ကယ်လ်ဆီယမ်ချို့တဲ့ ရင် မကြာခဏပြသတတ်တဲ့ လက္ခဏာတွေက အမြစ်ကပုပ်ပြီး အမဲရောင်ပြောင်းသွားတာပါ။ ( မြေကြီးထဲမှာရှိတဲ့ နီမတုတ်၊ ရောဂါကျတာ၊ ဆေးလောင်တာ၊ အလူမီနီယမ် အဆိပ်သင့်တာ စတဲ့ လက္ခဏာ တွေနဲ့ ဆင်တူပါတယ်) ဘာကြောင့်လဲဆိုတော့ ကယ်လ်ဆီယမ်က N(နိုက်ထရိုဂျင်), P(ဖော့စဖရပ်), K(ပိုတက်ဆီယမ်)  လိုမျိုး အရွက်နုတွေ၊ အညွန့်တွေမှာ သူ့လက္ခဏာကို ပြသတာမဟုတ်လို့ပါ။

အပင်တစ်သျှူးသားအသစ်တွေမှာ ဆဲလ်နံရံတွေဖြစ်ပေါ်ဖို့အတွက် ကယ်လ်ဆီယမ်ကလိုအပ်ပါတယ်။ ဒီတော့ ကယ်ဆီယမ်ချို့တဲ့မယ်ဆိုရင် ယျေဘုယျအားဖြင့် ရွက်ထိပ်တွေမှာ ကျောက်ကျောလို ကြည်ကြည်မာမာကြီးလည်းဖြစ်နေတတ်ပါတယ်။ ပဲတွေမှာဆိုရင် အဆန်ချောင်တာမျိုးဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ် (Mg)

မဂ္ဂနီဆီယမ်ဓာတ်ဟာ ကလိုရိုဖီးလ်မော်လီကျူးရဲ့ အစိတ်အပိုင်းဓာတ်ဖြစ်တဲ့အပြင် ဖိုတိုဆင်းသဆစ် (အလင်းမှီ အစာဖွဲ့စည်းခြင်းဖြစ်တဲ့ဖြစ်စဉ်) မှာ အရေးပါတဲ့ အခန်းကနေ ပါဝင်ရတဲ့ ဓာတ်ဖြစ်ပါတယ်။ ဖော့စဖိတ်ရဲ့ ဇီဝကမ္မဖြစ်စဉ်မှာလည်းပါဝင်ပြီး အပင်အသက်ရှူခြင်းနဲ့ များပြားလှတဲ့ အင်ဇိုင်းတွေ လှုပ်ရှားဖို့ ကူညီပေးရတဲ့ အခန်းမှာလည်း ပါဝင်ရပါသေးတယ်။

မဂ္ဂနီဆီယမ်ဓာတ်ဟာ မျိုးစေ့အညှောက်ပေါက်ခြင်းဖြစ်စဉ်ကို ကူညီပေးခြင်း၊ အပင်ဆဲလ်များကို သန်စွမ်းစေခြင်း၊ အပင်အစာချက်လုပ်တဲ့နေရာ အဓိကလိုအပ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ် ကို ပိုထုတ်လုပ်ပေးခြင်း၊ အပင်ရဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖရတ် (မီးစုန်းဓာတ်) တွေ စုပ်ယူခြင်းကို ကူညီပေးခြင်း၊ အပွင့်အသီးကို အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ဖြစ်စေပါတယ်။ 

မဂ္ဂနီဆီယမ် ချို့တဲ့မယ်ဆိုရင်...

ပထမဦးဆုံး အရွက်ရင့်တွေရဲ့ အောက်ဖက်မျက်နှာပြင်မှာ ရွက်ကြောတွေ စိမ်းကျန်ခဲ့ပြီး ဝါသလို၊ နီသလို ကြေးဝါရောင်လိုစတဲ့ အရောင်မျိုးဖြစ်လာတတ်ပါတယ်။ ဒိုလိုမိုက်ထုံးကျောက် ၆ ရာခိုင်နှုန်းလောက်ရှိတဲ့ မြေမျိုးမှာဆိုရင်တော့ မဂ္ဂနီဆီယမ် ချို့တဲ့တာရှားပါတယ်။ တစ်ခါတရံမှာ Ca(ကယ်လ်ဆီယမ်),K(ပိုတက်ဆီယမ်),Mg(မဂ္ဂနီဆီယမ်) မညီမျှခြင်းက မဂ္ဂနီဆီယမ်ချို့တဲ့တာကို ပိုဖြစ်လာစေပါတယ်။ မြေကြီးထဲမှာ K ဓာတ်ပိုသွားတဲ့အခါ Mg ဓာတ်ချို့တဲ့တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆာလဖာ (S)

ဆာလဖာက နိုက်ထရိုဂျင်လိုပဲ အမိုင်နိုအက်ဆစ်သုံးမျိုးဖြစ်တဲ့  methionine, cysteine, and cystine စတဲ့ ပရိုတင်းဓာတ်တွေဖြစ်ပေါ်ဖို့ လိုအပ်တဲ့ဓာတ် ဖြစ်ပါတယ်။ အပင်ကြီးထွားဖို့နဲ့ သီးနှံအရည်အသွေးကောင်းဖို့ အပင်အာဟာရပိုင်းဆိုင်ရာလိုအပ်မှုမှာ နိုက်ထရိုဂျင်နဲ့ ဆာလဖာတို့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ။

သဘာဝဆာလဖာကွန်ပေါင်းဓာတ်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂေါ်ဖီမျိုးနွယ်တွေမှာ ရှာဖွေတွေ့ရှိနိုင်ပြီး အဲ့ဒီဟင်းသီးဟင်းရွက်တွေရဲ့ အနံ့နဲ့ အရသာကို ပိုကောင်းအောင် ပံ့ပိုးပေးပါတယ်။

ဆာလဖာဓာတ်ချို့တဲ့မယ်ဆိုရင်...

ဆာလဖာက ပရိုတင်းဖြစ်ပေါ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ဓာတ်ဖြစ်တဲ့အပြင် နိုက်ထရိုဂျင် ချို့တဲ့ရင် ပြသတဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူပါတယ်။ အပင်တွေက အစိမ်းဖျော့ရောင်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့်တော့ အရွက်နုတွေမှာ စပြပါတယ်။ နောက်ပိုင်းတော့ တစ်ပင်လုံး အစိမ်းဖျော့ရောင် ဖြစ်သွားတာမျိုးပါ။

နွေရာသီအစလိုမျိုးဆိုရင် သဲဆန်တဲ့မြေတွေမှာ ဆာလဖာဓာတ်ချို့တဲ့တာကို အများဆုံးတွေ့ရတတ် ပါတယ်။ နီညိုရောင်ရှိတဲ့ မြေနဲ့ ရွှံ့စေးမြေတွေကတော့ ဆာလဖိတ်အန်အိုင်ယွန်း (SO42-) ကို ထိန်းထားလေ့ရှိပါတယ်။ နိုက်ထရိတ်အန်အိုင်ယွန်းလိုမျိုး (NO3-) သဲဆန်တဲ့မြေတွေမှာ ဆာလဖိတ် အန်အိုင်ယွန်း စိမ့်ထွက်ပါတယ်။ ဆာလဖာဓာတ်ဟာ နိုက်ထရိုဂျင်ဓာတ်လိုပဲ သဘာဝမြေဆွေးတွေက နေ ရရှိနိုင်ပါတယ်။

ဆာလဖာချို့တဲ့တာက အေးတဲ့ရာသီတွေမှာ စိုက်ကြတဲ့ အမြစ်တိမ်တဲ့ သီးနှံတွေ ဖြစ်တဲ့ ပြောင်းနဲ့ ပဲတွေမှာ ဖြစ်တတ်ပါတယ်။ မိုးရေနဲ့ လေထု ညစ်ညမ်းတာတွေကနေတဆင့်တော့ တစ်နှစ် မှာ  တစ်ဧကကို ခန့်မှန်းချေ သဘာဝကယ်လဆီယမ်ရင်းမြစ် ၅ ပေါင်ကနေ ၁၀ ပေါင်အထိ ရရှိနိုင်ပါတယ်။

နောက်အပိုင်းမှာတော့ အနည်းလိုအာဟာရတွေအကြောင်း ဆက်ပြောပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်