ကိုယ်တိုင်စီမံမွေးမြူမယ့် အသားတိုးဝက်ခြံ

သိမ့်ဇာ     29/07/2019 15:30 PM     Content Provider - Greenovator
Photo - Photo - Win Rock

ဝက်မွေးမြူရေးသည် ကျေးလက်နေသူများအတွက် စီးပွားဖြစ်လွယ်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဝက်သည် သားပေါက်မြန်သည့်အပြင် မြန်မြန်ကြီးလွယ်ပါသည်။ တစ်နိုင်တစ်ပိုင်အကောင်အရေအ တွက်ဖြင့် စတင်မွေးမြူနိုင်ပြီး အစာအတွက်လည်းမပူရသော မွေးမြူရေးတစ်ခု ဖြစ်ပါသည်။ ထို့ပြင်ဝက်မွေးမြူရေးသည် တစ်ခြားသောလုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်နိုင်သောကြောင့် စုပေါင်းလယ် ယာလုပ်ငန်း၏ အရေးပါသော လုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။

အသားတိုးဝက်ခြံတစ်ခုအား စီမံခန့်ခွဲတော့မည်ဆိုလျှင် ခြံဆောက်လုပ်ခြင်းသည် အဓိကအရေး ကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အသားတိုးဝက်မွေးမြူခြင်းတွင် မျိုးဝက်မဝယ်၍ ကိုယ်တိုင်သားဖောက်ကာ ပြန်လည်မွေးမြူခြင်းနှင့် အကောင်ပေါက် ဝယ်ယူမွေးမြူခြင်းတို့ ဖြစ်ပါသည်။

ဝက်ငယ်လေးများသည် လေစိမ်းလုံးဝမကြိုက်သည့်အတွက် ခြံအဆောက်အဦးသည် အနည်းဆုံး လေ ကာများရှိရန် လိုအပ်ပါသည်။ အုတ်ဖြင့်ဆောက်လုပ်ခြင်းကို မတတ်နိုင်လျှင် လိုက်ကာများတပ်ဆင်ထားရန်လိုအပ်ပြီး ရာသီဥတုအနေအထားအရ အတင်အချလုပ်ပေးရန် လိုအပ်ပါသည်။ ဝက်ခြံဆောက်လုပ်စဉ်ကတည်းက ခြံပတ်လည်ကို (၃ပေ-၃ပေခွဲ)အမြင့် နံရံအကာ ထည့်ပေးဖို့လိုပါသည်။ သို့မှသာ လေစိမ်းတိုက်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ဝက်ခြံအမိုးနိမ့်လွန်းခြင်း၊ အခန်းများကျဉ်းလွန်းပြီး ဝက်ကောင်ရေများလွန်းခြင်း၊ အဆောက်အဦးအနေအထား မှားယွင်းနေခြင်း၊ ခြောက်သွေ့သောနေရာမရှိခြင်း၊ ဝက်ခြံအတွင်း ဝက်များကိုရေချိုးပေးပြီး ၄င်းရေများစီးဆင်းမှုကို သေချာလုပ်ပေးထားမှုမရှိခြင်း စသည့်အလေ့အကျင့်များကို ပြုပြင်ရပါမည်။

မိုးရေတင်နိုင်ပြီး ရေဝပ်သောနေရာတို့ကို ရှောင်ရပါမည်။ အိပ်ကောင်းခြင်း၊ အိပ်ရသော ခြောက်သွေ့သည့် မြေနေရာကောင်းကောင်းသည် သင့်တော်သော နေရာကောင်းဖြစ်ပေသည်။

ဝက်တို့သည် အခြားသောတိရိစ္ဆာန်များကဲ့သို့ပင် လွတ်လပ်စွာသွားလာရသည်ကို နှစ်သက်သောသတ္တဝါဖြစ်ပါသည်။ ထို့ကြောင့် ခြံကျယ်ကျယ်တွင် ၄င်းတို့ကို သီးခြားခြံခတ်၍ သူ့အုပ်စုနှင့်သူ လွတ်လပ်စွာ လွှတ်ထားပေးသင့်ပါသည်။

ဝါး၊ သစ်များဖြင့် ဝက်ခြံများဆောက်လုပ်နိုင်ပြီး ၉ပေ၊ ၇ပေ၊ ၆ပေ အရွယ်အစားသည် သင့်လျော်ပါသည်။ ဝက်အိမ်၏နောက်ဘက်တွင် ၄ ပေခန့် ဆင်ခြေလျှောနိမ်ဆင်းအောင် ဖန်တီးထားသင့်ပါသည်။ လေကောင်းလေသန့်နှင့် နေရောင်ခြည်ရရှိမှုအတွက်လည်း ဂရုစိုက်သင့်ပါသည်။

ဝက်ခြံပတ်ဝန်းကျင် သန့်ရှင်းရေးကိုလည်း စနစ်တကျဆောင်ရွက်သင့်ပါသည်။ ဝက်၏သန့်ရှင်းရေးအတွက်လည်း နေ့စဉ်ရေချိုးပေးရန် လိုပါသည်။ နံနက် ၉ နာရီမှ ၁၀ နာရီ အတွင်း အချိန်မှန်ရေချိုးပေးပါက ဝက်၏ကြီးထွားနှုန်းကို လျင်မြန်စေပါသည်။ သို့သော် ရေချိုးပေးခါနီးတွင် ဝက်၏ ကျန်းမာရေးကို ကြည့်သင့်ပါသည်။ ဝက်၏ခန္ဒာကိုယ် နွေးနေပါက ကျန်းမာရေးပုံမှန်ဖြစ်ပြီး ကျန်းမာရေးအခြေအနေမကောင်းလျှင် ချိုးမပေးသင့်ပါ။ စီးပွားရေးတစ်ရပ်အနေနှင့် လုပ်တော့မည်ဆိုပါက အစာကျွေးရုံတင်မကဘဲ အစစအရာရာ ထောင့်စေ့ဖို့လိုပါသည်။ ပတ်ဝန်းကျင်အနေ အထားနှင့် သင့်တော်အောင် ခန့်ခွဲတတ်ဖို့လည်းလိုပါသည်။

ကောင်းမွန်သောဝက်ခြံတစ်ခု တည်ဆောက်နိုင်မှသာ အောင်မြင်သော ဝက်မွေးမြူရေးတစ်ခု ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ မျိုးဝက်မဝယ်ယူ၍ ကိုယ်တိုင်သားဖောက်ကာ အသားတိုးသည်ထိမွေးမြူမည်ဆိုပါက ဂရုစိုက်မှုများ ပိုမိုလိုအပ်မည်ဖြစ်ပါသည်။ ဝက်သားပေါက် ဝယ်ယူမွေးမြူမည်ဆိုပါက ဝက်မကြီးအား သားဖောက်ရသည့် လုပ်ငန်းစဉ်တစ်ခု သက်သာမည်ဖြစ်ပါသည်။

မျိုးဝက်မဝယ်ယူ၍ ကိုယ်တိုင်သားဖောက်မည်ဆိုပါက ဝက်ငယ်လေးများအား မည်သည့်အရွယ်အစား၊ မည်သည့်အချိန်အခါတွင် သားခွဲမည်ကို သိထားရန်လိုအပ်ပါသည်။ ဝက်ငယ်လေးများပေါက်ပြီး ၂ လခန့်အရွယ်တွင် သားခွဲနိုင်ပြီ ဖြစ်ပါသည်။ ထိုအချိန်မှစ၍ အစာနုစတင်ကျွေးနိုင်ပါသည်။ ဝက်ပေါက်တစ်ကောင်လျှင် ဝက်စာနု အချိန် ၃၀ မှ ၄၀ ကျပ်သားဝန်းကျင်ခန့် ကျွေးနိုင်ပါသည်။ ထိုသို့နို့ခွဲပြီးချိန်မှသည် ရှစ်လ၊ ကိုးလခန့်အရွယ်သို့ရောက်လျှင် ဝက်လတ်ဟူ၍ သတ်မှတ်ကြလေသည်။ အဆိုပါဝက်လတ်များကို အာဟာရဓာတ်ပြည့်ဝသောအစာများ စီစဉ်ကာ ကျွေးပေးသင့်သည်။ သို့မှသာ  အရွယ်ကြီးထွားနှုန်းမြန်ပြီး အသားတိုးမှု စံချိန်ကောင်းမည်ဖြစ်ပေသည်။ဝက်ခြံတစ်ခြံအတွင်း ဝက်ကောင်ရေ အများကြီးမထားရန် လိုအပ်ပါသည်။ အလတ်စားအရွယ်ရှိလျှင် အများဆုံး ၁၅ ကောင်၊ အရွယ်ကြီးဝက်တွေဆိုလျှင် ၈ ကောင်လောက်သာ ထားသင့်သည်။

အစာအာဟာရကိုလည်း ဂရုတစိုက်ကျွေးသင့်သည်။ အသားတိုးဝက်အား စီးပွားဖြစ်မွေးမြူမည်ဆိုပါက အသားချိန်တိုးရန်အတွက် သိပ္ပံနည်းကျ စီစဉ်စပ်ဟပ်ထားသည့် ဝက်စာများကိုသာ ကျွေးသင့်ပေသည်။ ဝက်တို့သည် အစာကို အလွယ်တကူချေဖျက်နိုင်စွမ်း နည်းပါးသောကြောင့် ကျေညက်လွယ်သော အစာများဖြစ်သည့် ဆန်ကွဲပါသောဝက်စာ၊ ငါးမှုန့်ပါသောဝက်စာနှင့် မြေပဲဖတ်ပါသောဝက်စာများကိုသာ ကျွေးသင့်ပါသည်။ အဆိုပါအစားအစာများကို သင့်တော်သောအချိုးအဆအတိုင်း ရောနှော၍ကျွေးနိုင်ပါသည်။ ဝက်ကြီးတွေအစာဖိမကျွေးသင့်ပဲ ဝက်လတ်တွေကိုသာ ဖိကျွေးသင့်ပါသည်။ ဝက်လတ်များသည် သဘာဝအလျောက် ကြီးထွားမှုမြန်သည့်အတွက် ဝက်လက်အသားတိုးစာမှာ ပရိုတိန်းဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များ ကောင်းကောင်းမွန်မွန် ထည့်စပ်ကျွေးသင့်ပါသည်။ စိမ်းစိုသောဟင်းရွက်များကိုလည်း ဗီတာမင်နှင့် သတ္တုဓာတ်များအတွက် ကျွေးသင့်ပါသည်။ အမျှင်ဓာတ်ပါသော အစားအစာများ ကျွေးပေးခြင်းဖြင့် မလိုအပ်သည့်အဆီများ မစုမိအောင်ကူညီပေးပါသည်။ တစ်နေ့လျှင်နှစ်ကြိမ် ပုံမှန်ကျွေးလျှင် လုံလောက်ပါသည်။ဝက်ငယ်လေးများကိုမူ အစာ ၃၀ ကျပ်သားကနေ ၄၀ ကျပ်သားအထိ ကျွေးပေးသင့်သည်။ အစာစိုကျွေးခြင်းနှင့် အစာခြောက်ကျွေးခြင်းဟူ၍ နှစ်မျိုးရှိသော်လည်း အစာအစိုကို ပိုမိုနှစ်သက်ကြသည်။ ချက်ပြုတ်၍ကျွေးသောအစာ၌ ဝက်စာတွင်းရှိ ရောဂါပိုးမွှားများပါလာပါက သေစေနိုင်သည့်အတွက် အန္တရာယ်ကင်းပါသည်။ သို့ရာတွင် မီးပြင်းပြင်းထိုး၍ အချိန်ကြာမြင့်စွာ ကျိုချက်ခြင်းကို ရှောင်ရှားသင့်ပါသည်။ အကြောင်းမှာ ဝက်စာအတွင်းရှိ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

ဇီးရှိသောဝက်မများကို အစာကျွေးရာ၌ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း အစရှိသည့် အဆီဓာတ်တိုးပွားစေသောအစာများ အလွန်အကျွံ့မထည့်မိစေရန် သတိပြုသင့်ပါသည်။ သို့မှသာ ကောင်းစွာသားပေါက်နိုင်၍ ကျန်းမာသောဝက်ငယ်လေးများ မွေးဖွားနိုင်မည် ဖြစ်ပါသည်။ မျိုးဝက်မမှ သားဖောက်ကာ အသားတိုးဝက်မွေးမြူခြင်းသည် ဂရုစိုက်မှု အနည်းငယ်ပိုသော်လည်း တစ်ကောင်ရင်းရုံဖြင့် အသားတိုးဝက်များစွာ ပြန်လည်ရရှိနိုင်ပါသည်။

အစာအာဟာရကို ဂရုတစိုက်ကျွေးသင့်သလို ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးသင့်ပါသည်။ ထိုသို့ကျန်းမာမှသာ အောင်မြင်သော အသားတိုးဝက်ခြံတစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။ကူးစက်ရောဂါများ မဖြစ်စေရန်အတွက် ဝက်ခြံအနီးသို့ တစ်ခြားသောတိရိစ္ဆာန်များ လာရောက်ခြင်းကို တားမြစ်ရပါမည်။ ထိခိုက်ဒါဏ်ရာများရရှိပါက ပေါ့ပေါ့ဆဆမနေသင့်ပဲ ဆရာဝန်စီသို့သွားရောက်ပြသသင့်ပါသည်။

အသားတိုးဝက်မွေးမြူခြင်းတွင် အရေးကြီးသည့် အချက်တစ်ချက်မှာ သင်းကွပ်ခြင်းဖြစ်ပါသည်။သင်းကွပ်ပေးမှသာ အသားတိုးနှုန်း မြန်ဆန်လာမည်ဖြစ်ပါသည်။ သင်းမကွပ်ဘဲထားလျှင် အလေးချိန်စီးလာမည်မဟုတ်ပါ။ ထို့ပြင် ဝက်သားသည် မာဆတ်ဆတ်ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် သင်းကွပ်ခြင်းသည် အသားတိုးဝက်မွေးမြူရေးတွင် အရေးပါနေပါသည်။ ဝက်ထီးများကိုသင်းကွပ်တော့မည်ဆိုလျှင် တစ်လသားမှ နှစ်လသားအတွင်းသည် အသင့်တော်ဆုံးအချိန်ဖြစ်ပါသည်။

ဤသို့သော ဂရုစိုက်မှုများအပြင် အသားတိုးဝက်မွေးမြူရေးနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာရန်လည်း လိုအပ်ပါသည်။ မှန်ကန်သော စီမံခန့်ခွဲမှုများနှင့် အရိပ်တကြည့်ကြည့် ဂရုတစိုက်မွေးမြူပါက အောင်မြင်သော အသားတိုးဝက်ခြံတစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။

သိမ့်ဇာ

ကျမ်းကိုးစာရင်း

    • သုတေသီ ဆရာငြိမ်း _ ခေတ်မီ၊ စီးပွားဖြစ် ငုံး၊ ဝက်၊ ကြက်၊ ဘဲ၊ ကျွဲနွားမွေးမြူရေးနှင့် ရောဂါကာကွယ်ကုသနည်းများ

    • ခေတ်မီမွေးမြူရေးလက်စွဲ (ဦးတင်ထွန်း စိုက်ပျိုးမွေးမြူရေးပညာ)

    • Management practices for enhancing productivity of piggery farm

    • ASC -4101;Livestock Production 1

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောပင်စိုက် မိလိုက်ဘပါ"