ဥယျာဉ်ခြံသီးနှံပညာ (Horticulture) ဆိုတာ

23/10/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (95)  Horticulture (Part-2) အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၅) 

မိတ်ဆက် (Introduction)

ကျွန်တော်သည် ဥယျာဉ်ခြံသီးနှံပညာရှင် (Horticulturist) မဟုတ်ပါ။ သို့သော် အစိမ်းရောင်လမ်း ပရိသတ်နှင့် တောင်သူကြီးများ (Greenway Audience and Farmers) အတွက် ကျွန်တော်သိသလောက် ဆွေးနွေးတင်ပြပေးပါမည်။ စိုက်ပျိုးရေးဘွဲ့ရနှင့် အခြားပညာရှင်များအတွက် ရည်ရွယ်ထားသော ဆောင်းပါးများမဟုတ်ပါ။

ဥယျာဉ်ခြံသီးနှံပညာ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၂၅) တွင် စတင်မိတ်ဆက် ရေးသားခဲ့ပါသည်။ 

ဖတ်ရှုလိုပါက >>> https://greenwaymyanmar.com/posts/Basic_Agricultural_Science_Hoticulture

 

ဥယျာဉ်ခြံသီးနှံ၏အဓိပ္ပာယ်မှာ လက်တင်ဘာသာစကား (Hortus-Garden) ဥယျာဉ်ခြံ နှင့် (Colere – To grow or to cultivate) စိုက်ပျိုးခြင်းဆိုသည့် စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ Garden သည်လည်း လက်တင်ဘာသာ Gyrdan မှ ဆင်းသက်လာပြီး ‘To enclose’ ခြံခတ်ပြီး စိုက်ပျိုးခြင်းဖြစ်ပါသည်။

တစ်နည်းအားဖြင့် လယ်ယာသီးနှံသည် အများအားဖြင့် ကွင်းကျယ် (Field) တွင်  ကျယ်ပြန့်စွာ (Extensive Cultivation) စိုက်ပျိုးရသော သီးနှံများဖြစ်ပြီး ဥယျာဉ်ခြံသီးနှံ (Horticulture) သည် ကွင်းကျဉ်း (သို့) ခြံဝန်းအတွင်း၌ အသေးစိတ်၊ ဂရုတစိုက်ပြုစု စိုက်ပျိုးခြင်း (Intensive Cultivation) ဖြစ်ပါသည်။ ခေတ်မီနည်းနစ်ဖြစ်သည့် (အလင်းရောင်၊ အပူချိန်၊ ရေအာဟာရဓာတ်တို့ ထိန်းချုပ်၍) မှန်လုံအိမ်ဖြင့် စိုက်ပျိုးနည်းစနစ် (Green House/Glass House Agriculture) လည်း ပါဝင်ပါသည်။ 

ပုံ - ၁ မှန်လုံအိမ်/အစိမ်းရောင်ခြံထဲတွင် စိုက်ပျိုးထားပုံ

ဤပညာ၏အောက်တွင်ရှိသော ဘာသာရပ်ခွဲများ (Some Branches of Horticulture)

(က) ဟင်းသီးဟင်းရွက်သိပ္ပံနှင့် စိုက်ပျိုးပြုစုထုတ်လုပ်ခြင်း (Olericulture - Vegetable Science and Production)

လူသားတို့နေ့စဉ် စားသုံးနေရသော သီးနှံများဖြစ်ပြီး ဗီတာမင် (Vitamin) နှင့် သတ္တုဓာတ် (Minerals) များစွာရရှိနိုင်ပါသည်။

ပုံ - ၂ ဟင်းသီး၊ ဟင်းရွက်များ

(ခ) သစ်သီးဝလံသိပ္ပံနှင့် စိုက်ပျိုးပြုစုထုတ်လုပ်ခြင်း (Pomology - Fruit Science and Production)

သစ်သီးမှာ ဥပမာ - သရက်၊ အုန်း အပင်ကြီးများမှသီးပြီး ဝလံမှာ နွယ်ပင်မှသီးသောအသီး ဥပမာ - ဖရဲ၊ စပျစ်၊ သခွားများ ဖြစ်ပါသည်။ (စွယ်စုံကျမ်း အတွဲ-၁၃၊ စာမျက်နှာ - ၃၁ ဒေါက်တာခင်သီတာမြင့်၊ ဒေါက်တာစောထိုလွီထူး ကျေးဇူးဖြင့် - Courtesy – Dr Khin Thida Myint, Dr Saw Htolwi Htoo, YAU)

ပုံ - ၃ သစ်သီးဝလံ စိုက်ပျိုးရေးပညာ

(ဂ) ပန်းမန်သိပ္ပံနှင့် စိုက်ပျိုးပြုစုထုတ်လုပ်ခြင်း (Floriculture - Flower Science and Production)

 ပန်းမန်ပင်များစိုက်ပျိုးခြင်းတွင် 

- အိုးစိုက်အပင်များ (Pot Plants)

- ဖြတ်ပြီးရောင်းချရသော ပန်းပင်များ (Cut Flowers) (၅-၇ ရက်လောက်ပဲ ကြာရှည်ခံသည့် အများစု ဘုရားပန်းတင်)

- ပန်းခြောက်များ (Dried Flowers)

- မြေပြင်တွင် အလှစိုက်ထားရသော ပန်းပင်နှင့် အခြားအပင်များ (Bedding Plants) 

- ချိတ်ဆွဲရသောအပင်များ (Hanging Plants) ပါဝင်သည် (ပုံ-၄)။ 

ပန်းသည် မြေပြင်ပေါ်စိုက် အပင်ကြီးများ ဥပမာ -နှင်းဆီ၊ စံပယ်တို့ဖြစ်ပြီး မန်သည် နွယ်ပင်က ပွင့်သောပန်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ ဥပမာ - ထားဝယ်မှိုင်း၊ သစ်ခွ၊ သဇင် စသည်တို့ ဖြစ်ပါသည်။ (ဒေါက်တာညီညီ ကျေးဇူးဖြင့် - Courtesy - Dr Nyi Nyi, CERDTC)။ 

ပုံ - ၄ ပန်းမန် စိုက်ပျိုးထုတ်လုပ်ရောင်းချနည်းအမျိုးမျိုး 

(ဃ) အလှပင်များနှင့် မြေယာအလှဆင်၊  စိုက်ပျိုးပြုစု၊ ထုတ်လုပ်ခြင်း (Ornamental and Landscape Horticulture and Plant Production) 

အပန်းဖြေရန်အတွက် ဥယျာဉ်ခြံသီးနှံပညာ၊ ဗိသုကာပညာ၊ အနုပညာပညာရပ်ပေါင်းစုံ ပေါင်းစပ်ထားသော ပညာတစ်ခုဖြစ်ပါသည်။

ပုံ - ၅ ပန်းခြံအတွင်း အလှပင်အမျိုးမျိုးစိုက်ပျိုးနည်းပညာ 

(င) အပင်ကြီး တစ်ပင်ကိုဖြစ်စေ၊ ခြုံပုတ် တစ်ခုခြင်းအလိုက်ဖြစ်စေ ပြုစုပျိုးထောင်ခြင်း၊ ဤ ပညာရပ်ကို လေ့လာခြင်း (Arboriculture) 

စင်္ကာပူနိုင်ငံတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရများစွာ ဤပညာရှင်များ အဖြစ် အလုပ်လုပ်လျက်ရှိပါသည်။

ပုံ - ၆ သစ်ပင်ကြီးများ စိုက်ပျိုးပြုစု ပျိုးထောင်ထိန်းသိမ်း နည်းပညာ 

(စ) မြက်ပင်သေးလေးများ ပြုစုပျိုးထောင်ထုတ်လုပ်ခြင်း (Turfgrass Science - Their Culture and Management) 

ပန်းခြံများ၊ ဂေါက်ကွင်းများ၊ မိမိအိမ်ခြံအတွင်း မြက်ပင် စိုက်ကာ အလှဆင်ခြင်း ဖြစ်ပါသည်။

ပုံ - ၇ Turf မြက်ခင်းများ စိုက်ပျိုး၊ ပြုစုပျိုးထောင်ခြင်း

(ဆ) စပျစ်ပင်စိုက်ပျိုးခြင်းနှင့် ဝိုင်ထုတ်လုပ်ခြင်း (Viticulture and Wine Science and production) 

သီးသန့်ပညာအနေနှင့်လေ့လာသင့်ပါသည်။ မြန်မာနိုင်ငံရှိ ရမည်းသင်း၊ ပျော်ဘွယ် ဒေသများတွင် စပျစ်စိုက်ပျိုးလေ့ရှိပြီး ဒေသထွက်ဝိုင်များလည်း ထုတ်လုပ်နေပါသည်။ တောင်ကြီးအေးသာယာရှိ ဝိုင်သည် နာမည်ကြီးပြီး ဤထုတ်ကုန်များဖြင့် နိုင်ငံခြားမှဝိုင်များတင်သွင်းရမှုကို လျှော့ချနိုင်ကာ အဆင့်မြင့်မြင့်ထုတ်လုပ်နိုင်ပါက နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ ရရှိနိုင်ပါသည်။

ပုံ - ၈ စပျစ်ပင်များ စိုက်ပျိုး၊ ပြုစုပျိုးထောင်ခြင်းနှင်ဝိုင်ထုတ်လုပ်ခြင်း 

(ဇ) ဥယျာဉ်ခြံသီးနှံများ ရိတ်သိမ်းပြီးလုပ်ငန်း အတတ်ပညာ (Post-Harvest Technology of Horticultural Crops) 

ဤပညာကို အသုံးချကာ  နိုင်ငံအတွင်းရှိ ဈေးဝယ်နေရာ (Shopping Mall) များတွင် ဈေးကြီးပေးဝယ်ယူနေရသော နိုင်ငံခြားမှ တင်သွင်းသည့် သစ်သီးဖျော်ရည် (Fruit Juice)၊ ယို (Jam)၊ စပျစ်သီးခြောက် (Raisin) စသည်ဖြင့် ပြည်တွင်းတွင် များစွာထုတ်လုပ်နိုင်ပါသည်။  

ပုံ - ၉ ဥယျာဉ်ခြံသီးနှံပင်များ ရိတ်သိန်းချိန်လွန် အစားအသောက်များထုတ်လုပ်ရန် ကိရိယာများ

(ဈ) အပင်ပိုင်းဆိုင်ရာမျိုးပွားခြင်းနှင့် ပျိုးခြံ/ပျိုးဥယျာဉ် စီမံခန့်ခွဲခြင်း (Plant Propagation and Nursery Management) 

လယ်ယာသီးနှံများနှင့် မတူသည်က ဥယျာဉ်ခြံသီးနှံ အများစုသည် ပျိုးခြံထဲတွင် ပျိုးထောင်ပြီးမှ အပင်ကြီး စိုက်ခင်းများသို့ပြောင်းရွေ့လေ့ရှိသည်။ အချို့အပင်များမှာလည်း အကိုင်းများ၊ ပင်စည်များ၊ အဖူးများမှ မျိုးကူး (Vegetative propagation) ကြသဖြင့် ဤနည်းပညာများကို သီးသန့်လေ့လာရပါသည်။ 

ပုံ - ၁၀ ဥယျာဉ်ခြံသီးနှံပင်များ၏ ပျိုးခင်းများ 

ထို့ကြောင့် လယ်ယာသီးနှံပညာကဲ့သို့ ကွင်းပြင်ထဲတွင်စိုက်ပျိုး၊ ပြုစုရသောအပင်များ (Outdoor Plants) သာမက မှန်ခြံအတွင်း၊ အိမ်များ၊ အဆောက်အဦများအတွင်းတွင် စိုက်ပျိုးပြုစုရသော အပင်များ (Indoor Plants) ပါ ပါဝင်ပါသည်။ တစ်နည်းအားဖြင့် စားသုံးရသော အပင်များသာမက စိတ်အပန်းဖြေရာ၊ အလှအပဒီဇိုင်းဆင်ရာအပင်များအထိ ဤဥယျာဉ်ခြံသီးနှံပညာသည် အရေးပါပါသည်။ (ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Bird, C. (2014) Fundamentals of Horticulture: Theory and practice. Cambridge University press. 464p.

Rice, L.W. and R.P. Rice (2011) Practical Horticulture. 7th Edi.  Prentice Hall.438p. 

Schroeder, C.B. (1997) Introduction to Horticulture. 2nd Edi. IST Interstate publishers, US. 660p. 

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေးတက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ပါမောက္ခ ဒေါက်တာစောထိုလွီထူး၊ ရေဆင်းဗဟိုစိုက်ပျိုးရေးပညာလေ့ကျင့်ရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာညီညီ တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်)

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်