Basic Agricultural Science – (104) Oilseed Crops (Part - 3) Sesame: Still Gambling Crops?
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၄) ဆီထွက်သီးနှံများ (အပိုင်း - ၃)
နှမ်းစိုက်ပျိုး ထုတ်လုပ်နည်းကို စိုက်ပျိုးရေး ပညာရှင်အမျိုးမျိုးက ရှုထောင့်အမျိုးမျိုးမှ ရေးသား၊ ထုတ်ဝေ၊ ဆွေးနွေးပြီးဖြစ်ပါသည်။ ကျွန်တော် အနည်းငယ်သိသော သီးနှံကြီးထွားမှုနှင့် ပန်းပွင့်မှုဆိုင်ရာ ဇီဝကမ္မ (Crop Growth and Flowering Physiology) ရှုထောင့်မှ ဆွေးနွေးလိုပါသည်။
နှမ်း (Sesame/Sesamum – Sesamum indicum L.) သည် ဆီထွက်သီးနှံများ၏ဘုရင်မ (The Queen of Oilseeds) ဟူ၍တင်စား ခေါ်ဝေါ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဆီပါဝင်မှုရာခိုင်နှုန်းများပြားမှု (High Oil Content)၊ မွှေးကြိုင်သောရနံ့ (Delicious Nutty Aroma)၊ အနံ့အရသာ (Flavour)၊ ဆေးဖက်ဝင်မှု (Medicinal Purposes) တို့ကြောင့် ဖြစ်သည်။ နိုင်ငံခြားပို့ကုန် (Export) အနေနှင့်ကြည့် မည်ဆိုလျှင်လည်း တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဥရောပနိုင်ငံများအထိ ကျယ်ပြန့်စွာ ပို့ဆောင်ပေးနိုင်ပါသည်။
မြန်မာနိုင်ငံတွင် နှမ်းသည် ဆီထွက်သီးနှံများ၌ အများဆုံး စိုက်ပျိုးထုတ်လုပ်သော သီးနှံဖြစ်ပါသည်။ စာရင်းဇယားများအရ နှမ်း (၅၁%)၊ မြေပဲ (၃၃%)၊ နေကြာ (၉%)၊ ပန်းနှမ်း (၄.၅%)၊ ဆီမုန်ညင်း (၁.၅%)၊ အခြားဆီထွက်အပင် ဥပမာ - ဆီအုန်း၊ အုန်း၊ (၁%) ခန့်ရှိပါသည် (ပဲပုပ်ကို ဆီထွက်သီးနှံအုပ်စုထဲထည့်မထားပါ)။
နှမ်းကို ကမ္ဘာပေါ်တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်သောနိုင်ငံများမှာ (၂၀၁၈-၁၉ ခုနှစ်) စာရင်းဇယားများအရ
မြန်မာနိုင်ငံတွင် နှမ်းစိုက်ပျိုးမှုသည် ကမ္ဘာပေါ်ရှိ စိုက်ပျိုးဧရိယာများတွင် တတိယအများဆုံးဖြစ်ပြီး စုစုပေါင်းထုတ်လုပ်မှုတွင်တော့ တန်ဇန်နီးယားပြီးလျှင် ဒုတိယအများဆုံးဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ပျှမ်းမျှအထွက်သည် ၅၂၅ ကီလို/ဟက်တာ (၈-၉ တင်း/ဧက) ဖြစ်၍ တရုတ်နိုင်ငံ ပျှမ်းမျှအထွက်သည် ၁၃၉၃-ကီလို/ဟက်တာ (၂၃-တင်း/ဧက - ကမ္ဘာ့အများဆုံး သုတေသန စံချိန်တင်အထွက် တစ်ဧက တင်း ၅၀ ခန့်) ဖြစ်သည်။ မြန်မာနိုင်ငံတွင် တောင်သူတစ်ဦးချင်းအထွက် တင်း ၂၀- ကျော်ခန့်ထွက်နိုင်ပြီး နှမ်းစိုက်တောင်သူအားလုံး ပျှမ်းမျှ အထွက်ကောင်းရန် လိုအပ်နေပါသေးသည်။
နှမ်းပင်အတွက်ရာသီဥတု (Climate for Sesame)
နှမ်းသည် မိုးခေါင်ဒဏ်ကို အတော်အသင့်ခံနိုင်သော်လည်း မိုးများ၊ ရေကြီးမှုဒဏ်ကို မြေပဲလောက် မခံနိုင်ပါ။ ထို့ကြောင့် မိုးတွင်းစိုက်ရာသီတွင် စိုက်ပျိုးချိန်မှန်ကန်ရန်နှင့် သက်တမ်းတစ်လျှောက် သင့်တော်မျှတသော ရာသီဥတုရရှိရန် အလွန်အရေးကြီးပါသည်။ ကျွန်တော်တို့ ကျောင်းသားဘဝက ဆရာကြီးများသင်ကြားခဲ့သည်မှာ နှမ်းသီးနှံသည် လောင်းကစားသီးနှံ (Gambling Crop)၊ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဟူ၍ ခေါ်ကြကြောင်းသိရသည်။ ရှေးယခင်နှစ်များသည် နည်းပညာမလုံလောက်သေးသည့်အပြင် မိုးကိုသာ အဓိက ထားစိုက်ပျိုးခဲ့ရ၍ ရာသီဥတု ကောင်းလျှင် အထွက်ကောင်းပြီး၊ ရာသီဥတုဆိုးပါက နှမ်းအထွက်မှာ ရေရာ၊ သေချာမှုမရှိ၍ အလောင်းအစားပြုလုပ်ရပါသည်ဟူ၍ပြောခဲ့ရာမှ ယနေ့ခေတ်တွင် ခေတ်မီနည်းပညာ အထူးသဖြင့် မိုးနှောင်း၊ နွေ (မိုးကြို) နှမ်းများ စိုက်ပျိုးရာ၌ ရေသွင်းစိုက်ပျိုးရသောနည်းပညာ (Irrigation Agronomy) တိုးတက်လာသဖြင့် အထွက်နှုန်းလည်း တိုးတက်လာပါသည်။
သုတေသနပြုချက်များအရ နှမ်းစိုက်ပျိုးမှုအားလုံး၏ ၆၅ ရာခိုင်နှုန်းသာရိတ်သိမ်းနိုင်ပြီး ကျန် ၃၅ ရာခိုင်နှုန်းသည် မိုးခေါင်မှု (Drought)၊ ရေကြီးမှု (Flood)၊ အခြားဆိုးဝါးလှသော အခြေအနေ (Other adverse conditions) များကြောင့် အပြည့်အဝမရိတ်သိမ်းနိုင်ဘဲ တစ်ချို့ဧရိယာများမှာ မြန်မာအခေါ် တံဇဉ်လွတ်ခဲ့ရပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မိုးခေါင်မှုနှင့် ဆားပေါက်မှု/မြေငန်ခြင်း (Salinity) တို့သည် နှမ်းထွက်လျော့နည်းစေသော အဓိကအချက်များဖြစ်ပါသည်။ တစ်ခါနှမ်းပင် ကြီးထွားမှုနှင့် အထွက်နှုန်းမှာ ရေထုတ်ရန်ခက်ခဲသော နှမ်းခင်းတွင် ရေ ၂-၃ ရက်ဝပ်သွားသည်နှင့် လျော့ကျသွားနိုင်ပါသည်။
အခြားအခက်အခဲများမှာ နှမ်းသီးကွဲမှု (Capsule Shattering) မညီညာခြင်း၊ ရင့်မှည့်မှုမညီညာခြင်း (Uneven Ripening)၊ နှမ်းပင်များ တပြိုင်နက်ကြီးထွားမှုအားနည်းခြင်း (Poor Crop Stand Establishment)၊ မြေဩဇာတုန့်ပြန်မှုအားနည်းခြင်း (Lower Fertilizer Response)၊ နှမ်းခိုင်များပြားစွာထွက်ခြင်း (Profuse branching)၊ အထွက်နှုန်း ညွန်းကိန်းနည်းခြင်း (Low harvest Index)၊ ရပ်တံ့မှုမရှိသော ကြီးထွားမှုပုံစံ (Indeterminate Growth Habit)၊ ရောဂါဒါဏ်ခံနိုင်ရည်မရှိမှု (Susceptibility to Sesame Diseases) တို့သည် နှမ်းအထွက်ကို လျှော့နည်းစေသော အဓိကအချက်များ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နှမ်း ၂ မျိုးရှိ၍ နှမ်းယဉ်မျိုးသည် မြေပွတွင် အောင်မြင်ဖြစ်ထွန်းလေ့ရှိပြီး၊ နှမ်းကြီးမှာ မြေစေးများတွင်အောင်မြင်လေ့ရှိပါသည်။ နှမ်းပင်အမျိုးအစားအလိုက် တစ်ပင်တိုင် (Single-Stem Type) နှင့် ကိုင်းဖြာ (Multi-stem Type) ဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။ အပင်ပုပြီး ကိုင်းဖြာမှုနည်းသော မျိုးများမှာ သက်တန်းတိုပြီး အပင်မြင့်ပြီးကိုင်းဖြာမှုများသောမျိုးများမှာ သက်တန်းပိုရှည်ကာ မိုးခေါင်ဒဏ်လည်း ပိုမိုခံနိုင်ရည်ရှိပါသည်။
နှမ်းပန်းခိုင် အများစုသည် အဆုံးအစမရှိသောပန်းခိုင် (Indeterminate Inflorescences) မျိုးဖြစ်သည်။ သို့သော် အဆုံးရှိသောပန်းခိုင်မျိုး (Determinate Inflorescences) လည်းရှိသည်ကို တွေ့နိုင်ပါသည်၊
နှမ်းပင်သည် ၉၅ ရာခိုင်နှုန်းခန့် ပင်ထီးဝတ်မှုံကူး (Self-pollinated) လေ့ရှိပြီး ၅ ရာခိုင်နှုန်းခန့် ပင်ခြားဝတ်မှုံကူးနိုင်ပါသည်။ စိုက်ပျိုးပြီး ၃၀-၃၅-ရက် အကြာမှာ ပန်းစပွင့်လေ့ရှိပါသည်။ ပန်းပွင့်ပြီးမှ အသီး (Capsule) ဖြစ်ပေါ်သည့်အတွက် အပင်ရင်းမှအသီးသည် အရင့်ဆုံးဖြစ်ပြီး ထိပ်ဖျားအထိ ပွင့်သီးသွားပါသည်။ ရွက်ကြားထောင့် (Axil)တွင် မျိုးအပေါ်မူတည်၍ အသီးတောင့်တစ်တောင့် (တစ်ပင်တိုင်) မှ သုံးတောင့်အထိ ဖြစ်ပေါ်နိုင်ပါသည်။
နှမ်းသီး တစ်လုံးတွင် အသီးအိမ် ၂-ခု (Bicarpellate) (သို့) ၄-ခု (Quadicarpellate) ဖြစ်ပေါ်နိုင်ပါသည်။ နှမ်းတစ်ပင်တွင် နှမ်းသီးပေါင်း အနည်းငယ်မှ ၃၀၀-၄၀၀ အထိ သီးနိုင်ပါသည်၊
နှမ်းပင်ကြီးထွားမှုဇီဝကမ္မဗေဒ (Sesame Growth Physiology) နှင့်ပတ်သက်၍ ၁၉၈၉-၉၀ နှစ်များက ဗဟိုစိုက်ပျိုးရေးသုတေသန၊ ရေဆင်းတွင် နှမ်းငါးမျိုး၏ ကြီးထွားမှုနှင့် အထွက်နှုန်းဆက်စပ်မှုကို သုတေသနပြုခဲ့ရာ ဆင်းရတနာ-၂၊ ဆင်းရတနာ-၃ နှင့် နှမ်းနီ ၂၅/၁၆၀ တို့၏ အထွက်ကောင်းမွန်မှုသည် အပင်အခြောက်အလေးချိန် ကြီးထွားမှုတိုးနှုန်း (CGR – Crop Growth Rate)၊ အရွက်ဧရိယာညွှန်းကိန်း (LAI – Leaf Area Index)၊ ရိတ်သိမ်းချိန် ညွှန်းကိန်း (HI – Harvest Index) တို့များပြားနေမှုနှင့်ဆက်စပ်နေပါသည်။
မြန်မာနိုင်ငံတွင် နှမ်းစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် သတိပြုရမည့်အချက်များကို သုတေသနပြုချက်အရ
(က) နှမ်းထုတ်လုပ်မှု (Sesame Production) တွင် အားနည်းချက် (Weakness) များမှာ
- (က-၁) တောင်သူတိုင်းမျိုး စေ့ကောင်းကောင်း ရရှိနိုင်မှု (Lack of Good Quality Seeds) အားနည်းသည်။ အခြားနိုင်ငံများကဲ့သို့ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီ (Private Seed Companies) များပြားစွာမရှိသေးပါ။ စပါးနှင့် ပဲတီစိမ်းတွင်မူ အောင်မြင်နေသော ပုဂ္ဂလိကကုမ္ပဏီအချို့ အတော်အသင့်ရှိနေပါပြီ။
- (က-၂) တောင်သူများလိုအပ်နေသော ရင့်မှဲ့မှုညီညာသောမျိုး (Even Ripening Cultivars)၊ ပိုးမွှားရောဂါခံနိုင်ရည်ရှိသောမျိုး (Pest and Disease Resistance Cultivars) စသည်တို့ သုတေသနပြုထုတ်လုပ်ရန် လိုပါသေးသည်။ နှမ်းရိတ်ပြီး ကွင်းထဲတွင် နှမ်းထောင်အခြောက်ခံပြီးမှ ချွေလှေ့နေရဆဲဖြစ်သဖြင့် သင့်တော်သော ရိတ်သိမ်းချိန်လွန်နည်းပညာ (Appropriate Post-Harvest Technology) ရရှိနိုင်ရန် လိုအပ်နေဆဲဖြစ်ပါသည်။
- (က-၃) အရည်အသွေးမြင့်မားသောဓာတ်မြေဩဇာ (Good Quality Fertilizers)၊ ဓာတုဆေးများ (Good Quality Pesticides) လိုအပ်ချက်ရှိနေသေးသည်။
- (က-၄) တောင်သူပညာပေးလုပ်ငန်း (Poor Agricultural Extension Services) အားနည်းသည်။ အရှေ့တောင်အာရှ နိုင်ငံများအပါအဝင် နိုင်ငံအများစုတွင် တောင်သူပညာပေးလုပ်ငန်းကို အစိုးရစိုက်ပျိုးရေးဌာနအပြင် စိုက်ပျိုးရေးတက္ကသိုလ်များ (Agricultural Universities)၊ အစိုးရ၊ ပုဂ္ဂလိကသုတေသနဌာနများ (Government and private Agricultural Research Institutes/Stations/Companies)၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Local and International Non-Government organizations) စွာ တောင်သူများနှင့် ထိတွေ့ဆက်ဆံ၍၊ နှမ်းတောင်သူ ပြဿနာများ (Sesame Farmers Field Problems) ကို စုပေါင်းဖြေရှင်းပေးနေကြပါသည်။
- (က-၅) လယ်ယာလုပ်သားရှားပါးလာခြင်းပြဿနာ (Labour Scarcity) စသည်တို့ဖြစ်ပါသည်။
(ခ) ဈေးကွက်ဆိုင်ရာအားနည်းချက်များ (Weakness in Sesame Market)အနေဖြင့်
- (ခ-၁) နှမ်းဈေးမတည်ငြိမ်မှု (Unstable Market Price)
- ဈေးကွက်၊ ပွဲရုံများတွင် အတက်အကျ မညီသောဈေးကြောင့် စိုက်ပျိုးရာတွင် အခြားနိုင်ငံများကဲ့သို့မဟုတ်ဘဲ ဝင်ငွေခန့်မှန်းရခက်ပါသည်။
- (ခ-၂) မျိုးစေ့အရည်အသွေးနိမ့်မှုနှင့် အရောအနှောများနေမှု (Low Quality seeds and seed impurity)
- နှမ်းပင်ရိတ်သိမ်းသည်မှ အခြောက်ခံသိုလှောင်သည်အထိ ခေတ်မီအခြောက်ခံစက်များနှင့် အသုံးပြုမှုနည်းပြီး သမားရိုးကျ အခြောက်ခံ၊ မြေတလင်းတွင် ရိတ်သိမ်း၊ ချွေလှေ့နေရ၍ အစေ့သန့်စင်မှု (Purity) အားနည်းသည်။
- (ခ-၃) ခေတ်မီသော ဆီကြိတ်စက်များ (Out of date machines) အားနည်းနေပါသေးသည်။
- (ခ-၄) လျှပ်စစ်ဓာတ် (Electricity) လည်း လိုအပ်သလောက်မရသေးပါ။
(ဂ) နိုင်ငံခြားတင်ပို့မှုဆိုင်ရာအားနည်းချက်များ (Weakness for Sesame Export)
- (ဂ-၁) ဓာတုဆေးဓာတ်ကြွင်းများရှိနေမှုပြဿနာ (High Chemical Residues) ကြောင့် ဈေးကွက်မရနိုင်ပါ၊ အစိုဓာတ်များ (High Moisture)၊ အက်ဆစ်ဓာတ်များ (High Acidity) နေသည့် ပြဿနာလည်းရှိသည်။
- (ဂ-၂) ဓာတ်ကျွမ်းပစ္စည်းများ စစ်ဆေးသော ဓာတ်ခွဲခန်း (Lack of laboratory for Chemical Residue Testing) များနည်းနေခြင်း ဥပမာ - အမီဒါကလိုဗစ် (Imidaclopid) ဓာတ်ကြွင်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ပေးပို့ စစ်ဆေးနေရခြင်း စသည်တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော ခံနိုင်ရည်ရှိသော အထွက်ကောင်းမျိုးများမှာ (ဒေါက်တာခင်မျိုးဝင်း၊ ဌာနစုတာဝန်ခံ၊ ဆီထွက်သီးနှံဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ရေဆင်းမှ ကျေးဇူးပြုပါသည်) –
သုတေသနဌာနများမှ နောက်ဆုံးထုတ် နှမ်းမျိုးများ
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Diasy Myint; Gilani, S.A., Kawase, Mokoto and Watanabe, K.N. (2020) Sustainable Sesame Production through Improved Technology: An Overview of Production, Challenges and Opportunities in Myanmar. Sustainability 12:3515 doi:10.3390/su12093515
Mandal, B.C. (2008) Manual on Major Oilseed Crops of Myanmar. FAO 78p.
Weiss, E.A. (2000) Oilseed Crops. 2nd Ed. Blackwell Science. 364p.
(Nyein Set Lin (2006) Sesame in Myanmar. DoP, MoALI. 107p.
Mg Mg Tar, Maw Maw Lwin, Myo Kywe and Tin Nwe (1992) Growth analysis of some sesame cultivars. 23rd Proceedings Agri. Sci. Con., Yangon, Myanmar. pp. 56-65.
ငြိမ်းဆက်လင်း (၂၀၀၆) မြန်မာ့နှမ်း - ဤစာအုပ်တွင် မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ပါဝင်ပါသည်။)
စီမံကိန်းဦးစီးဌာန (၂၀၂၂) နှမ်းစိုက်ပျိုးထုတ်လုပ်မှု လက်စွဲစာစောင်၊ မဲခေါင်လန်ချမ်းစီမံကိန်း ၁၅-မျက်နှာ
စိုက်ပျိုးရေးဦးစီးဌာန ( ? ) ဆီထွက်သီးနှံများ၊ (DoA eLibrary)
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ( ? ) Oilseed Crops Catalogue.
နှမ်းသီးနှံအကြောင်း မြန်မာလိုပြုစုထုတ်ဝေထားသော စာအုပ်များကို ဖတ်ရှုလိုပါက
- မောင်တင်ရွှေ (သံလျင်)ရေးသော ဆီထွက်သီးနှံနှမ်း (ထုတ်ဝေသည့်ခုနှစ်မသိပါ)
- အာကာ (စီးပွား)ရေးသော မြန်မာ့နှမ်း
- ကိုလေး လှကျောက်ရေးသော ဆီအတွက်နှမ်းသီးနှံ
- ကိုခွန် (စိုက်ပျိုးရေး) ရေးသော နှမ်းဆိုသည်မှာ စသည့်စာအုပ်များတွင် လေ့လာနိုင်ပါသည်။
အကြံပေးချက်
သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာလိုရေးသားပြုစုထားသောစာအုပ်၊ စာတမ်းများကို စိုက်ပျိုးရေးဆိုင်ရာ နိုင်ငံတော်အဆင့် အမျိုးသား စာကြည့်တိုက် (National Library)၊ တက္ကသိုလ် (Universities Library)၊ သုတေသနစာကြည့်တိုက် (Research Library) များတွင် နောင်လာနောက်သား (လူငယ်များ၊ သုတေသီများ) အတွက် မှတ်တမ်းတင် စုဆောင်းထားရှိသင့်ပါသည်။
သုတေသနစာတမ်း Research Paper
မောင်မောင်တာ၊ မော်မော်လွင်၊ တင်နွဲ့၊ မျိုးကြွယ်၊ စံသိန်းနှင့် မြသောင်း (၁၉၉၀) မြန်မာနှမ်းမျိုးများ၏ အထွက်နှုန်းနှင့်ကြီးထွားမှုကို လေ့လာစီစစ်ခြင်း (ဆီထွက်သီးနှံသုတေသနမှတ်တမ်း)
(သိလိုသည်များ ဖြေကြားပေးသည့် ဒေါက်တာမောင်မောင်တာ (ညွန်မူး - ငြိမ်း)၊ ဒေါက်တာခင်မျိုးဝင်း၊ ဌာနစု တာဝန်ခံ၊ ဆီထွက်သီးနှံဌာနစု၊ ဗဟိုစိုက်ပျိုးရေးသုတေသနဌာန၊ ရေဆင်း၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့အား ကျေးဇူးတင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။