လယ်ယာသီးနှံများကို အမျိုးအစားခွဲခြားခြင်း

16/10/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (94)  Agronomy and Agronomists (Part-4)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၄) လယ်ယာသီးနှံစိုက်ပျိုးရေးပညာနှင့် လယ်ယာသီးနှံများ 

လယ်ယာသီးနှံများကို အမျိုးအစားခွဲခြားခြင်း (Classification of Agronomic Crops - Continued)

အမျိုးအစား က မှ ငအထိကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/basic_agricultural_science_part_93

(စ) ပန်းပွင့်ခြင်းကို နေ့တာအတိုရှည် အလင်းရောင်တုံ့ပြန်မှုအရခွဲခြားခြင်း (Length of Photoperiod required for floral Initiation)

အချို့အပင်များ သည် နေ့တာအတိုရှည်ပေါ်မူတည်၍ ပန်းပွင့်ကြပါသည်။ ၎င်းကို အလင်းရောင်တုံ့ပြန်မှု (Photoperiodism) ဟုခေါ်ဆိုပါသည်။

(စ-၁) နေ့တာတို သီးနှံပင်များ (Short-day Crops)

ပန်းပွင့်ရန်လှုံ့ဆော်မှု (Flower Initiation) သည် နေ့တာတို (၁၀-နာရီထက်နည်း၍) အလင်းရောင်ရမှ ဖြစ်ပေါ်ပြီး ပန်းပွင့် အသီးတင်ပါသည်။ ဥပမာ - သက်ကြီးစပါး (ဒေသမျိုး)၊ ဒေသနှမ်းကြီးမျိုး နှံစားပြောင်း၊ ဒေသပဲစင်းငုံ၊ ကြံ။

(စ-၂) နေ့တာရှည် သီးနှံပင်များ (Long-day Crops)

ပန်းပွင့်ရန်လှုံ့ဆော်မှုသည် နေ့တာရှည် (တစ်ရက် အလင်းရောင် ၁၀-နာရီထက်ပိုရမှ) ဖြစ်ပေါ်ပြီး ပန်းပွင့် အသီးသီးပါသည်။ ဥပမာ - ဂျုံ၊ ဘာလီ (Barley)၊ အုတ်စပါး (Oats)၊ ဗျစ်ပွင့် (Hops)။

(စ-၃) နေ့တာတိုရှည်တုံ့ပြန်မှုမရှိသော သီးနှံများ (Day-neutral Crops)

ပန်းပွင့်မှုသည် နေ့တာတိုရှည်မှုနှင့် မဆိုင်ပါ။ သီးနှံပင်သက်တမ်းအလိုက်သာ ပန်းပွင့်ပါသည်။ ဥပမာ - စပါးမျိုးသစ်၊ ဝါ၊ နေကြာ စသည်တို့ဖြစ်ပါသည်။

ပုံ -၁ နေ့တာတိုရှည်မှုအလိုက် ပန်းပွင့်၊ အသီးသီးသော အပင်များ

(ဆ) ရည်ရွယ်ချက်အလိုက် စိုက်ပျိုးမှုအပေါ်မူတည်၍ ခွဲခြားခြင်း (Based on Special Purposes)

(ဆ-၁) ငွေရလွယ်သော သီးနှံများ (Cash Crops)

ချက်ခြင်းရောင်းချနိုင်သဖြင့် ငွေရရှိလွယ်သော သီးနှံများဖြစ်သည်။ ဥပမာ - ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဖူးစားပြောင်းဖူး၊ ကန်စွန်းဥ

ပုံ -၂ ရောင်းချပြီးငွေရလွယ်သောသီးနှံများ

(ဆ-၂) မြေဖုံးသီးနှံများ (Cover Crops)

ဤသီးနှံပင်များသည် မြေဆီလွှာတိုက်စားမှုမှလည်းကောင်း၊ နေရောင်ခြည်ကို အကာအကွယ်ပေးရန်လည်းကောင်း၊ ပေါင်းပင်များ ပေါက်ဖွားမှု နည်းပါးစေရန်လည်းကောင်း အဓိကသီးနှံပင်မစိုက်ခင် စိုက်ပျိုးလေ့ရှိသော သီးနှံများ ဖြစ်ပါသည်။ ဤသီးနှံများသည် အရွက်များစွာဖြာထွက်တတ်သော အပင်များဖြစ်၍ မြေကြီးကိုလျင်မြန်စွာ ဖုံးပေးနိုင်ပါသည်။ ဥပမာ - ပဲတီစိမ်း၊ မတ်ပဲ၊ လက်သိုင်ရပ် (Lathyrus)၊ နွားစားမြက်များ (Fodder Grasses)

ပုံ -၃ မြေဖုံးသီးနှံများ

(ဆ-၃) အကူအညီပေးသီးနှံများ (Nurse Crops) 

ဤသီးနှံများသည် အတူတွဲစိုက်ထားသောသီးနှံ (Componet/Companion Crops) များကို အရိပ်၊ နွယ်တက်နိုင်သော အပင်အဖြစ် အသုံးပြုနိုင်ပါသည်။ ဥပမာ - ပြောင်းဖူးနဲ့ပဲလွန်း တွဲစိုက်ပြီး ပြောင်းဖူးပင်တွင် ပဲလွန်းပင်များနွယ်တက်စေခြင်း၊ အရိပ်ကြိုက်သောအပင်များ ဂျင်း၊ နနွင်းပင်များ အပေါ်မှ  ဗူး၊ ဖရုံစင်များ ဆောက်ထားခြင်း။

(ဆ-၄) လေကာပင်၊ ခြံစည်းရိုးပင်စသည့် အကာအကွယ်ပေးသောအပင်များ (Wind-Break/Guard or Barrier Crops) 

တစ်ချို့အပင်များ ဥပမာ - ပဲစင်းငုံ၊ မြေနိမ့်ချယ်ရီစသော အပင်များသည် လေပြင်းတိုက်ခတ်မှုမှ ခြံစည်းရိုးအနေနှင့် ကာကွယ်ပေးပါသည်။

ပုံ - ၄ လေကာပင်၊ ခြံစည်းရိုးအပင်များ

(ဆ-၅) သစ်စိမ်းမြေဩဇာအပင်များ (Green Manure Crops) 

မြေဆီလွှာ အာဟာရဓာတ်တိုးတက်မြင့်မားလာရန် စိုက်ပျိုးရသော ပဲမျိုးနွယ်ပင် အပင်များဖြစ်ပါသည်။ ဥပမာ - ပိုက်ဆံလျှော်၊ ညံပင်၊ ပဲတီစိမ်း၊ မတ်ပဲ။

(ဇ) သီးနှံပင်သက်တန်းအလိုက် မူတည်၍ ခွဲခြားခြင်း (According to Ontogeny)

(ဇ-၁) တစ်နှစ်ခံပင်များ (Annual Crops)

တစ်နှစ်အတွင်း သီးနှံပင်သက်တမ်းသည် ပန်းပွင့် (Flower)၊ အသီးသီး(Fruit/Grain)၊ မျိုးစေ့ရ (Seed)စသည်ဖြင့် ပြီးပြည့်စုံသွားသောအပင်များ ဖြစ်သည်။ ဥပမာ - စပါး၊ မြေပဲ၊ ပဲတီစိမ်း။

(ဇ-၂) နှစ်နှစ်ခံပင်များ (Biennial Crops) 

နှစ်နှစ်အတွင်း ပထမနှစ် အပင်ပိုင်းကြီးထွားမှု (Vegetative Growth)၊ ဒုတိယနှစ် မျိုးပွားပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Reproductive Growth) ပြီးမှ သက်တမ်းကုန်သော အပင်များဖြစ်သည်။ ဥပမာ - ကြက်သွန်နီ၊ ဂေါ်ဖီထုတ်၊ သကြားမုံလာ။

(ဇ-၃) နှစ်ရှည်ပင်များ (Perennial Crops) 

သီးနှံပင် ပန်းပွင့်ပြီး အသီးသီးမှုသည် နှစ်နှစ်နှင့် အထက် ၅-၁၀ နှစ် အထိကြာပြီးမှ ပန်းပွင့်ကာ အသီးသီး သက်တန်း ပြီးပြည့်စုံသွားသော အပင်များဖြစ်သည်။ ဥပမာ - အုန်းပင်၊ ဂျင်း၊ နနွင်း၊ သရက်၊ မာလကာစသည့် နှစ်ရှည် သစ်ပင်ကြီးများဖြစ်ပါသည်။  

ပုံ - ၅ တစ်နှစ်ခံ၊ နှစ်နှစ်ခံနှင့် နှစ်ရှည်ခံ သီးနှံပင်အမျိုးအစားများ

ကမ္ဘာ့အရေးအကြီးဆုံးသီးနှံများ (The most Important Crops that Feed the World)

(သီးနှံတစ်မျိုးခြင်း စိုက်ပျိုးထုတ်လုပ်ပုံအကြောင်းသီးသန့်ရေးပါမည်)

(၁) ဂျုံ (Wheat) ၂၀၂၁-ခုနှစ်တွင် တန်သန်းပေါင်း ၇၇၁-တန် ထုတ်လုပ်ပြီး ကမ္ဘာ့ သီးနှံစိုက် ဧရိယာ တစ်ဝက်ကျော်ကျော် စိုက်ပျိုးနေပါသည်။ နိုင်ငံပေါင်း ၁၀၀-ကျော် စိုက်ပျိုး ထုတ်လုပ်လျက်ရှိနေပြီး အများဆုံးစိုက်ပျိုးထုတ်လုပ်သော ၁၀-နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်၊ ယူကရိန်း၊ ဩစတေလျ၊ ပါကစ္စတန်၊ ကနေဒါနှင့် ဂျာမဏီတို့ ဖြစ်ကြပါသည်။ ကျွန်တော်တို့နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးနီးပါး စားသုံးကြပြီး ပေါင်မုန့် (Bread)၊ ခေါက်ဆွဲ (Noodle)၊ အီတလီခေါက်ဆွဲခြောက် (Pasta/Sphaghetti)၊ ပလာတာ (Parata)၊ နံပြား (Nan/Indian Flat Braed)၊ ဘီစကစ် (Biscuit)၊ ပေါက်ဆီ (Bao/Chinese Dumpling)၊ အီကြာကွေး (Youtio/Chinese Doughnut)စသည်ဖြင့် အမျိုးစုံလှပါသည်။ ကစီဓာတ် (Starch) နည်းပြီး အသားဓာတ် (Protein) ပိုပါသဖြင့် ဆန်ထက်စာလျှင် ဆီးချိုသမားများအတွက်လည်း စားသုံးရန် အလွန်သင့်တော်ပါသည်။

ပုံ - ၆ ဂျုံပင်နှင့် ဂျုံစေ့

(၂) ဆန်စပါး (Rice/Paddy) 

စုစုပေါင်းထုတ်လုပ်မှု၏ ၉၀-ရာခိုင်နှုန်းသည် အာရှတိုက်မှလာပြီး တန်သန်းပေါင်း ၅၂၀-ခန့်ထုတ်လုပ်ကာ ကမ္ဘာ့လူဦးရေတစ်ဝက်ကျော်၏ မရှိမဖြစ် လိုအပ်သော အစားအစာ (Staple Food) ဖြစ်ပါသည်။ ထမင်းအပြင် မုန့်ဟင်းခါးဖက် (Rice Vermicelli)၊ ကောက်ညှင်းပေါင်း (Sticky Rice)၊ ဆန်ဖြင့်ပြုလုပ်သောကြာဇံ၊ မုန့်မျိုးစုံ များစွာရှိပါသည်။  အများဆုံးစိုက်ပျိုးထုတ်လုပ်သော ၁၀-နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ဂျပန်နှင့် ဘရာဇီး တို့ဖြစ်ကြ ပါသည်။

(၃) ပြောင်းဖူး (Maize/Corn)

မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိကတိုက်ရှိ နိုင်ငံများ၏ အဓိကအစားအစာဖြစ်ပါသည်။ ၂၀၂၂-၂၃ ခုနှစ်တွင် တန်သန်းပေါင်း ၁၁၆၁-သန်းခန့် ထုတ်လုပ်ပါသည်။ မြန်မာနိုင်ငံတွင်မူ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးဖုတ်ကို သွားရေစာ အဖြစ်လည်းကောင်း၊ ပြောင်းဖူးကျော်ဟင်းအဖြစ်လည်းကောင်း အသုံးပြုပါသည်။ အများဆုံးစိုက်ပျိုးထုတ်လုပ်သော ၁၀-နိုင်ငံမှာ အမေရိကန်၊ တရုတ်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ယူကရိန်း၊ မက္ကဆီကို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပြင်သစ်နှင့် ရုရှား တို့ဖြစ်ကြပါသည်။

(၄) ပဲပုပ် (Soybean)

ကြက်မွေးမြူရေးအတွက် ကြက်စာ (Animal Feed – Soybean meal) ထုတ်လုပ်မှုနှင့် ချက်ပြုတ်ဆီ (Cooking Oil) ထုတ်လုပ်မှုတွင် အသုံးပြုရသော သီးနှံ ဖြစ်ပါသည်။ အဓိကပံ့ပိုးပေး (Vital Source) သော အပင်ထွက် ပရိုတိန်း (Plant-based Protein) ရရှိသောအပင်ဖြစ်ပါသည်၊ ကျန်းမာရေးအတွက်လည်း အလွန် အထောက်အကူပြုပါသည်။ အများဆုံး စိုက်ပျိုး ထုတ်လုပ်သော ၁၀-နိုင်ငံမှာ ဘရာဇီးလ်၊ အမေရိကန်၊ အာဂျင်တီးနား၊ တရုတ်၊ အိန္ဒိယ၊ ပါရာဂွေး၊ ကနေဒါ၊ ယူကရိန်း၊ ရုရှားနှင့် ဘိုလီးဗီးယား တို့ဖြစ်ကြပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ပဲပုပ်မှ ဆီထုတ်လုပ်နိုင်ပါက ကျန်းမာရေးကောင်း စားသုံးဆီနှင့် ပဲပုတ်ဖတ် (Soybean cake) မှ တိရစ္ဆာန်အစာ (Animal Feed  )၊ ကြက်စာအသုံးပြုနိုင်ပြီး နိုင်ငံသုံးငွေများစွာ လျော့ပါးသွားနိုင်ပါမည်။

(၅) အာလူး (Potato)

လက်တင်အမေရိကတိုက်နိုင်ငံများ၊ အိုင်ယာလန်၊ ပိုလန်၊ ရှရှား၊ ဂျာမဏီ၊ ဗြိတိန်နိုင်ငံများ၏ အဓိက အစားအစာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဟင်းချက် (Curry) စားသုံးသည်မှ အာလူးကြော် (Potato Chip) အဖြစ် အသုံးပြုလာပါပြီ။ အများဆုံး စိုက်ပျိုး ထုတ်လုပ်သော ၁၀-နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ ယူကရိန်း၊ အမေရိကန်၊ ရုရှား၊ ဂျာမဏီ၊ ဘင်္ဂလားဒေ့ရှ်၊ ပိုလန်၊ ဘယ်လားရုစ်နှင့် နယ်သာလန် တို့ဖြစ်ကြပါသည်။

(၆) ကန်စွန်းဥ (Sweet Potato)

မြန်မာနိုင်ငံတွင် သရေစာ၊ အဆာပြေစားစရာ (Snack) အနေနှင့်သာ အသုံးပြုပါသည်။

(၇) ပီလောပီနံ (Cassava)

ယခင်က ကော်မှုန့်၊ အချိုမှုန့်ပြုလုပ်ပါသည်။

(၈) နှံစားပြောင်း (Sorghum)

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နွားစားပြောင်း (Forage/Fodder Crop) အနေနှင့်အသုံးပြုပါသည်။

(၉) မုယောစပါး (Barley) ဘီယာ (Beer) ချက်လုပ်ရာတွင် အသုံးပြုပါသည်။

(၁၀) ကြံ (Sugarcane)

အပူပိုင်းဒေသနိုင်ငံများ သကြားထုတ်လုပ်မှုအတွက်အရေး ပါပါသည်။ ဘရာဇီးလ်လိုနိုင်ငံမျိုးတွင် ကြံမှလည်း ဇီဝလောင်စာ (Biofuel) အီသနော (Ethanol) ထုတ်လုပ်ပြီး အယ်လ်ကိုဟော (Alcohol) လည်းထုတ်၊ မော်တော်ယာဉ်များ တွင်လည်း အသုံးပြုပါသည်။ အများဆုံး စိုက်ပျိုး ထုတ်လုပ်သော ၁၀-နိုင်ငံမှာ ဘရာဇီးလ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ပါကစ္စတန်၊ မက္ကဆီကို၊ ကိုလံဘီယာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဩစတေလျ တို့ဖြစ်ကြပါသည်။


ပုံ - ၇ ကြံပင်နှင့် သကြား

(၁၁) ဝါ (Cotton) အပေါ်မှ အစားအသောက်အပြင် အဝတ်အထည် (Clothing) နှင့် အထည်အလိပ်လုပ်ငန်း (Textile Industry) အတွက် ဝါသီးနှံ၏ ရာသီဥတု အပူအအေး ဒဏ် (Adaptable to adverse hot or cool condition) လိုက်လျောညီထွေရှိမှုတို့ကြောင့် ကမ္ဘာကြီးအတွက်အရေးပါပါသည်။ ဝါဖြင့်ပြုလုပ်သော အဝတ်အထည်၊ အိပ်ရာသုံးပစ္စည်း (Bed Linens)၊ တဘက် (Towels) စသည် ပစ္စည်းများသည် တစ်ကမ္ဘာလုံးအတွက် မရှိမဖြစ်အရေးပါလှပါသည်။ အများဆုံးစိုက်ပျိုး ထုတ်လုပ်သော ၁၀-နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဘရာဇီးလ်၊ ပါကစ္စတန်၊ ဥစဘက်ကစ်စတန်၊ ဩစတေလျ၊ တူရကီ၊ အာဂျင်တီးနားနှင့် ဂရိ တို့ဖြစ်ကြပါသည်။

 

ပုံ - ၈ ဝါကောက်နေပုံ

(၁၂) ဆီအုန်း (Oil Palm) 

(၁၃) ကနိုလာဆီ (Canola)

(၁၄) နေကြာ (Sunflower)

(၁၅) မြေပဲ (Groundnut)

(၁၆) ကော်ဖီ (Coffee) 

(၁၇) ကိုကိုး (Cocoa)

(၁၈) လဖက် (Tea)

(၁၉) ခရမ်းချဉ် (Tomato)

(၂၀) ဌက်ပျော (Banana)

(၂၁) ပန်းသီး (Apple)

(၂၂) စပျစ် (Grape)

(၂၃) လိမ္မော် (Orange)

(၂၄) သရက် (Mango)

(၂၅) နာနတ် (Pineapple)

(၂၆) ဆပ် (Millet)

(၂၇) ရိုင်း (Rye)

(၂၈) ပဲနီလေး (Lentils)

(၂၉) စားတော်ပဲ (Pea)

(၃၀) ကြက်သွန်နီ (Onion) စသည်တို့ဖြစ်ပြီး မြန်မာနိုင်ငံအတွက်မူ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကြက်သွန်ဖြူ စသည်ဖြင့် များစွာ ကျန်ရှိနေပါသေးသည်။

(နောက်ပိုင်းဆောင်းပါးများတွင် လယ်ယာသီးနှံများအကြောင်း သီးနှံတစ်မျိုးခြင်း ဆွေးနွေးပေးပါမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Acquaah, G. (2005) Principles of Crop Production. Prentice-Hall

460p.

Azam, Ali and Squire, G.R. Squire (2002) Principle of Tropical Agronomy. CABI Publishing. 236p.

Sheaffer, C.C. and Moncada, K.M. (2012) Introduction to Agronomy: Food, Crops and Environment. Delmar Cengage Learning. 2nd Ed. 704p.

Sr. Reddy (2016) Introduction to Agronomy and Principle of Crop Production. Kalyani Publishers. 288p.

Martin, J.H. (2006) Principles of Field Crop Production.

Prately, J. (2003) Principles of Field Crop Production. Oxford University Press. 

550p.

(ဒေါက်တာမျိုးကြွယ်)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်