လယ်ယာသီးနှံစိုက်ပျိုးရေးပညာကို ဘယ်လိုနားလည်ပါသလဲ..?

02/10/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (92)  Agronomy: How do you understand? (Part-2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၂) 

မိတ်ဆက် (Introduction) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် (၂၀) တွင် လယ်ယာသီးနှံစိုက်ပျိုးရေးပညာမိတ်ဆက် စတင်ရေးသားခဲ့ပါသည်။ အောက်ဖော်ပြပါလင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။ https://greenwaymyanmar.com/posts/%C2%A0Basic_Agricultural_Science_Agronomy

 

တက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေးပညာများကို သင်ကြားရာတွင် လယ်ယာသီးနှံစိုက်ပျိုးရေးပညာ တစ်ဘာသာ အပါအဝင်ဖြစ်ပါသည်။

တက္ကသိုလ်များတွင် သင်ကြား၊ သင်ယူရခြင်း၏ ရည်မှန်းချက်ပန်းတိုင် (The Goal of University) မှာ ဘွဲ့ရများစွာတို့ကို ပင်ကိုယ်အရည်အချင်းတစ်ခု (One Attribute) ရရှိအောင် မွေးထုတ်ပြီ မိမိဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သူ/မှု (Professionalism) ဖြစ်အောင် လေ့ကျင့်ပေးရပါမည်။ 

တစ်နည်းအားဖြင့် လုပ်ငန်းခွင်ပညာရပ်နယ်ပယ်အတွင်း အရည်အသွေးပြည့်ဝသောဘွဲ့ရများ မွေးထုတ်ပေးရန် (To produce high quality graduates for Job Market)၊ ဘာသာရပ်ပေါင်းစုံ၏ နောက်ဆုံးပေါ်အသိပညာ၊ အတတ်ပညာကို ဦးစွာရှာဖွေတွေ့ရှိပြီးဖော်ထုတ်ပေးရန် (To continuously advance the frontier of knowledge in all disciplines)နှင့် ယခုထက်ပိုမိုကောင်းမွန်သော ပြည်သူများ၏ဘဝကို ဖော်ထုတ်ပေးရန် (Ulitmately to advance human civilization) စသည်တို့ဖြစ်ပါသည်။

ယခုဆို ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence - AI) တွေပေါ်လာသည့်အတွက် တက္ကသိုလ်တက်ရောက် သင်ကြား၊ သင်ယူစေခြင်း၏ ရည်ရွယ်ချက်များမှာ -

(၁) အရည်အသွေးပြည့်ဝသောပညာရေးနှင့် ခေတ်မီဗဟုသုတများဖြန့်ဝေပေးရန် (Education and Knowledge Dissemination) 

(၂) သုတေသနနှင့်တီထွင်ဖန်တီးမှုများ ပြုလုပ်နိုင်စေရန် (Research and Innovation)

(၃) ဆန်းစစ်ဝေဖန်နိုင်သော၊ နှိုင်းယှဉ်အကဲဖြတ်တတ်သော၊ ပြဿနာများကို ဖြေရှင်းနိုင်သောစွမ်းရည်များ ရရှိနိုင်စေရန် (Critical Thinking and Problem Solving) 

(၄) နိုင်ငံများ၏ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ အသိဉာဏ်ပညာတတ်မြောက်သော တန်ဖိုးရှိပညာရှင်များ ဖြစ်ပေါ်နိုင်စေရန် (Cultural and Intellectual Enrichment)

(၅) မိမိပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝန်းနှင့် ပူးတွဲဆောင်ရွက်နိုင်မှုရှိစေရန် (Community Engagement) တစ်နည်းအားဖြင့် ခေါင်းဆောင်မှုစွမ်းရည်များစွာ ရရှိစေရန် (Leadership Skills)

(၆) ကမ္ဘာလုံး၏မြင်ကွင်းအား ရှုထောင့်ပေါင်းစုံမှ ကြည့်မြင်သုံးသတ်တတ်စေရန် (Global Perspective)

(၇) ဘွဲ့ရပြီးလျှင် အလုပ်လုပ်ကိုင်နိုင်စွမ်းရည်အတွက် ပြင်ဆင်နိုင်စေရန် (Graduate Workforce Preparation)

(၈) လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်စေရန် (Ethical and Moral Development)

(၉) မိမိလူ့ဘောင်အဖွဲ့အစည်းအတွင်း တိုးတက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိစေရန် (Advancement of Society)

(၁၀) ဗဟုသုတဘဏ်တိုက်ကြီးအဖြစ်ရှိစေရန် (Preservation of Knowlege)

(၁၁) အသိဉာဏ်ပညာနှင့် ပညာရပ်ဆိုင်ရာတီထွင်ဖန်တီးမှုကို လွတ်လပ်စွာလုပ်ဆောင်ခြင်း (Intellectual Freedom and Academic Freedom) စသည့် ရှုထောင့်ပေါင်းစုံမှ တွေးခေါ်မျှော်မြင်မှုများစွာ ထွက်ပေါ်လာရန်ဖြစ်ပါသည်။ 

ကုလသမဂ္ဂ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုပန်းတိုင် (17- UN Sustainable Development Goals) ၁၇-ချက် မှာလည်း ရည်မှန်းချက် - ၄ ဖြစ်သည့် အရည်အသွေးရှိပညာရေး (Goal 4 – Quality Education) နှင့် ရည်မှန်းချက် - ၂ ဆာလောင်မွတ်သိပ်မှု ပပျောက်ရေး (Goal 2 - Zero Hunger) စသည်တို့မှာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပညာရေး (Agricultural Education) နှင့် သက်ဆိုင်ပါသည်။

ပုံ - ၁ ကုလသမဂ္ဂ ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုပန်းတိုင်

တက္ကသိုလ်ပညာရေးမှသည် စိုက်ပျိုး၊ မွေးမြူရေးသိပ္ပံပညာ (Agricultural Science) သို့သွားရအောင်ပါ။ ဤပညာရပ်သည် ဇီဝသိပ္ပံပညာ (Biological Science) သို့မဟုတ် သက်ရှိသိပ္ပံပညာ (Life Science) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထပ်မံ၍ ၂-ခု ခွဲလျှင် အပင်သိပ္ပံပညာ (Plant Science) နှင့် တိရစ္ဆာန် သိပ္ပံပညာ/သတ္တဝါသိပ္ပံ/ အဏုဇီဝသိပ္ပံပညာ (Animal and Microbial Science) တို့ဖြစ်ပါသည်။

ဇီဝသိပ္ပံပညာသည် ပညာရပ်များစွာတို့တွင် ခက်ခဲလှသော သိပ္ပံပညာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လေ့လာရသော အရာများမှာ သက်ရှိသတ္တဝါ၊ အပင် (Living Organisms) များဖြစ်နေသည့်အတွက် သဘာပတ်ဝန်းကျင် (Natural Environment)၊ ရာသီဥတု (Climate) အခြေအနေကို မူတည်၍ ပြောင်းလဲမှုအပေါ် အခြေအနေအမျိုးမျိုး ဖြစ်ပေါ်နိုင်ရာ ပုံသေကားချပ်၊ တွက်ချက်၍ မရနိုင်ပါ။ ဇီဝသိပ္ပံပညာများ၌ပင် စကားပြောနိုင်သော လူသားတို့၏ ဖြစ်စဉ်ကိုလေ့လာရသော ဆေးသိပ္ပံပညာ (Medical Science) ထက် စကားမပြောနိုင်သော အပင်၊ တိရစ္ဆာန်များ၏ ဖြစ်စဉ်ကို လေ့လာရသော ပညာရပ်က ပိုမိုခက်ခဲနိုင်ပါသည် (ပျဉ်းမနားအုန်းမောင်, ၁၉၈၂)။ 

ပုံ - ၂ စိုက်ပျိုးမွေးမြူရေးပညာ၏ အဓိကဘာသာကြီး ၂-ခု

အပင်သိပ္ပံပညာရပ်များမှနေပြီး သီးနှံသိပ္ပံပညာ (Crop Science) နှင့် သစ်တောသိပ္ပံ (Forest Science) စသည် ကိုခွဲခြားနိုင်ပါသည်။ ရုက္ခဗေဒဘာသာ (Botany) မှာမူ အပင်အားလုံး မှို (Fungus)၊ ဘက်တီးရီးယား (Bacteria) အပါအဝင်လေ့လာပါသည်။ တစ်ချို့ကလည်း အဏုဇီဝဗေဒ (Microbiology) အဖြစ် ထပ်မံခွဲခြားသွားပါသည်။

အပင် (Plant) သည် သက်ရှိ (Living Organism) ဖြစ်ပြီး အပင်လောက (Plant Kingdom - Plantae) ရှိ မျိုးရင်း (Family)၊ မျိုးစု (Genus)၊ မျိုးစိတ် (Species)၊ မျိုးပြား (Variety) များစွာအထိပါဝင်ပါသည်။ များသောအားဖြင့် တစ်ပင်တည်း (Individual Organism/Specimen) ရပ်တည်ပြီး ပန်းပွင့်မှ မျိုးစေ့ရသောအပင်များ (Angiosperm) ဖြစ်ကြပါသည်။

သီးနှံ (Crop) မှာမူ တစ်ပင်တည်း မသတ်မှတ်ဘဲ ပတ်ဝင်းကျင်နှင့်ဆက်စပ်ကာ မြေ (Soil) ပေါ်တွင်လည်းကောင်း၊ မှန်ခြံ/အလင်းရောင်ထိုးဖောက်နိုင်သောပစ္စည်းများ အောက်တွင်လည်းကောင်း၊ အုပ်စုလိုက် (Plant Community/Group)  စိုက်ပျိုး ထုတ်လုပ်ရသော အပင်များကို ဆိုလိုပါသည်။

သီးနှံများစိုက်ပျိုးရေး (Crop Cultivation/Crop Husbandry) တွင် လယ်ယာသီးနှံစိုက်ပျိုးရေး (Agronomy) နှင့် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး (Horticulture) ထပ်မံခွဲခြားထားပါသည်။

ပုံ - ၃ လယ်ယာသီးနှံနှင့် ဥယျာဉ်ခြံသီးနှံကွာခြားပုံ

ခွဲခြားပုံတစ်နည်းမှာ လယ်ယာသီးနှံသည် ကွင်းကျယ်တွင် လူသားများစားသုံးရန်အတွက်ကော၊ တိရစ္ဆာန်များစားသုံးရန်အတွက်ပါ စိုက်ပျိုးလေ့ရှိပြီး  (Extensive Cultivation) ဥယျာဉ်ခြံသီးနှံသည် ကွင်းကျင်းအတွင်း လူသားများ စားသုံးရန်အတွက်သာ စိုက်ပျိုးပြုစုကာ (Intensive Cultivation) အသေးစိတ်ယုယရသော သီးနှံဖြစ်ပါသည်။

လယ်ယာသီးနှံများ (Agronomic Crops) မှ အများစုသည် စပါး (ဆန်)၊ ဂျုံ၊ ပြောင်းဖူး၊ အာလူးစသည့် အဓိကစားသုံးသီးနှံ (Staple Foods - မရှိမဖြစ်လိုအပ်သော) သီးနှံများဖြစ်ပြီး ရိတ်သိမ်း၊ အခြောက်ခံ၊ သိုလှောင်သိမ်းဆဲပြီးမှ ပြုပြင် စားသောက်လေ့ရှိပါသည်။ ဥယျာဉ်ခြံသီးနှံများ (Horticultural Crops) အများစုသည် မှာမူ ဟင်းသီးဟင်းရွက် (Vegetables)၊ သစ်သီးဝလံ (Fruits) စသည့် လတ်ဆတ်စွာ (Fresh) စားသုံးရသော အဟာရဓာတ်နှင့်ဗီတာမင်များစွာပါဝင်သည့် ကျန်းမာရေးအတွက် လိုအပ်သော သီးနှံများဖြစ်နေပါသည်။

တစ်ဖန် လယ်ယာသီးနှံပညာ (Agronomy) နှင့် သီးနှံသိပ္ပံပညာ (Crop Science) ကွာခြားမှုမှာလည်း လယ်ယာသီးနှံသည် သီးနှံပင်များစိုက်ပျိုးရုံသာမက မြေဆီလွာ စီမံခန့်ခွဲမှု (Soil Management)၊ ရေသွင်းရေထုတ်ပညာ (Irrigation and Drainage Technology)၊ မြေဩဇာများကျွေးမွေးခြင်း (Fertilizer Application) ယေဘုယျ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း (Generalized Crop Production) စသည်တို့ပါဝင်ပြီး သီးနှံသိပ္ပံပညာသည် သီးနှံပင်များမွေးမြူရေး (Crop Breeding)၊ သီးနှံဇီဝကမ္မပညာ (Crop Physiology)၊ သီးနှံပင်အဟာရဗေဒ (Crop Nutrition) စသည်ဖြင့် သိပ္ပံပညာဘက်ကို အသေးစိတ်လေ့လာသော (Specific Science) ပညာရပ်များဖြစ်ပါသည်။ 

လယ်ယာသီးနှံပညာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြရာမှာ - 

(က) သီးနှံများကို ကွင်းကျယ်၊ လေဟာပြင်ထဲတွင် စိုက်ပျိုးထုတ်လုပ်ခြင်း  (Agronomy concerns the crops which are grown in large, open fields)

(ခ) လယ်ယာသီးနှံ အထူးသဖြင့် အစားအစာ၊ တိရစ္ဆာန်စာ၊ စက်မှုကုန်ကြမ်းသီးနှံ တို့ကိုစိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဤပညာကိုလေ့လာသော ပညာ (Agronomy is the work of Field Crops Production, which are grown mainly for Food, Feed and Industrial Purposes; The study of this work)

(ဂ) လယ်ယာသီးနှံများ ထုတ်လုပ်ခြင်း၊ မြေဆီလွှာ စီမံခန့်ခွဲခြင်းကို စာတွေ့၊ လက်တွေ့ လေ့လာခြင်း (Agronomy is the theory and practice of field crop production and soil management)

(ဃ) လယ်ယာသီးနှံများနှင့် မြေဆီလွာ၊ ရေ နှင့်လေထုဆိုင်ရာသိပ္ပံများ၏ ဆက်စပ်မှုကိုလေ့လာခြင်း (Agronomy is the crop-related aspects of soil, water and atmosphere science) စသည်တို့ဖြစ်ပါသည်။ 

လယ်ယာသီးနှံပညာသည် ဂရိစာလုံး ၂ လုံးမှ ဆင်းသက်လာပါသည်။ ‘Agros‘ သည် စိုက်ကွင်း (Field) ကိုဆိုလိုပြီး ‘Nomos‘ သည် စီမံခန့်ခွဲမှု (To manage) ကိုဆိုလိုပါသည်။ တစ်နည်းအားဖြင့် လယ်ယာစိုက်ကွင်းများကို စီမံခန့်ခွဲရသောနည်းပညာ (The art of managing a field) ဖြစ်ပါသည်။ အပင်သိပ္ပံပညာ (Plant Science) နှင့် မြေဆီလွှာသိပ္ပံပညာ (Soil Science) တို့နှင့် ကွာခြားသွားပါပြီ။

ပုံ - ၄ စိုက်ကွင်းအတွင်းရှိ လယ်ယာသီးနှံများ

တစ်ခါတစ်လေ တစ်ချို့တက္ကသိုလ်များသည် လယ်ယာသီးနှံနှင့် သီးနှံသိပ္ပံကို ရောထားသလိုမျိုး သီးနှံမျိုးသစ်များမွေးမြူရေး (Crop Breeding) နှင့် လယ်ယာသီးနှံများ တွဲဖက်သင်ကြား အလုပ်လုပ်နေတာ တွေ့ကြုံရပါသည်။ စိုက်ပျိုးရေးတက္ကသိုလ်၊ လယ်ယာသီးနှံဌာနမှ ကျွန်တော်၏ ဆရာများဖြစ်သော ဆရာဦးသန်းအောင်နှင့် ဆရာဦးမြသောင်းတို့မှာ ဩစတေလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ် (The University of Sydney, Australia) မှ မဟာစိုက်ပျိုးရေးသိပ္ပံ (သီးနှံမျိုးမွေးမြူခြင်း) ဘွဲ့ရရှိလာပြီး တစ်ခြား တက္ကသိုလ်များကဲ့သို့ မျိုးထုတ်လုပ်ခြင်းသုတေသနနှင့် သီးနှံဖွံ့ဖြိုးတိုးတက်ရေး (Crop Improvement) ဘာသာများ ကို လယ်ယာသီးနှံနှင့် ယခင်စိုက်ပျိုးရေးရုက္ခဗေဒ (Agricultural Botany) ကျောင်းသား/သူ များစွာတို့အား သင်ကြား၊ သုတေသနများကြီးကြပ်မှု ပြုလုပ်ခဲ့ပါသည်။ သီးနှံနှင့်ဆက်စပ်နေသော မြေဆီလွာ၊ ရေ၊ ကမ္ဘာ့လေထုသိပ္ပံ (Soil, Water and Atmosphere Science) များမှာ လယ်ယာသီးနှံ ဘာသာရပ်နှင့် ဆက်စပ်သင်ကြားရသလို အပင်ဇီဝဓာတုဗေဒ (Plant Biochemistry) လို ဘာသာမျိုး အသေးစိတ်လေ့လာရသည်ကတော့ သီးနှံသိပ္ပံဘာသာ ဖြစ်ပါသည်။  

သီးနှံသိပ္ပံဘာသာခွဲများမှာ -

(က) သီးနှံဇီဝကမ္မဗေဒ (Crop Physiology)

(ခ) သီးနှံဗီဇဗေဒနှင့် သီးနှံမွေးမြူရေး (Crop Genetics and Crop Breeding)

(ဂ) သီးနှံဇီဝနည်းပညာ (Crop Biotechnology)

(ဃ) သီးနှံဂေဟဗေဒ (Crop Ecology) တစ်ချို့ လယ်ယာသီးနှံဂေဟဗေဒ (Agroecology) ဟူ၍လည်းရှိပါသည်။

(င) သီးနှံကာကွယ်ရေး - အပင်ရောဂါနှင့် စိုက်ပျိုးရေးကိမိလဗေဒ (Crop Protection – Plant pathology and Agricultural Entomology) စသည်ဖြင့် ဘာသာခွဲများစွာစုံလင်လှပါသည်။ 

မြေဩဇာကျွေးမွေးမှု (Fertilizer Application)၊ သီးနှံအဟာရဓာတ်ကို စိစစ်တွက်ချက်လေ့လာမှု (Crop Nutrition)၊ မြေဆီလွှာပြုပြင်ပြောင်းလဲရန် ထယ်ထိုး၊ ထွန်မွေမှု (Land Cultivation)၊ မြေအသုံးချမှု (Land Utilization)၊ မြေဆီလွှာထိန်းသိမ်းရေး (Part of Soil Conservation) အချို့အစိတ်အပိုင်းတို့မှာ လယ်ယာသီးနှံပညာဖြစ်သော်လည်း မြေဆီလွှာဓာတုဗေဒ (Soil Chemistry)၊ မြေဆီလွှာရူပဗေဒ (Soil Physics)၊ အပင်အဟာရဓာတ်ပညာ (Plant Nutrition)၊ မြေဆီလွှာအမျိုးအစားခွဲခြားခြင်း (Soil Classification) စသည်တို့မှာ မြေဆီလွှာသိပ္ပံပညာရပ်အောက်တွင် ဖြစ်သွားပါသည်။ ဤသည်မှာ နိုင်ငံတကာ စိုက်ပျိုးရေးတက္ကသိုလ်များမှာ ငြင်းခုံနေကြသော အကြောင်း အချင်းအရာ (Debating Issue) တစ်ခုဖြစ်နေပါသည်။ 

ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ဆရာဦးစံသိန်းသည် အမေရိကန်နိုင်ငံ ဖလော်ရီဒါတက္ကသိုလ် (The University of Florida, US) မှ ကြံပင်၏ သီးနှံအဟာရဗေဒ (Sugarcane Nutrition) ကို အထူးပြုသုတေသနလုပ်ပြီး မဟာသိပ္ပံ (စိုက်ပျိုးရေး) ဘွဲ့ရလာပါသည်။ ပညာရပ်များသင်ကြားရာတွင် ယခင်စိုက်ပျိုးရေးဓာတုဗေဒဌာန (Agricultural Chemistry) ယခု မြေဆီလွှာနှင့်ရေသိပ္ပံပညာရပ် (Soil and water Science) ဌာန တို့မှ ဆရာ၊ ဆရာမများတို့နှင့် အငြင်းပွားရပါသည်။

ကျွန်တော်သည် မဟာစိုက်ပျိုးရေးသိပ္ပံကို မြေပဲဇီဝကမ္မဗေဒ (Groundnut Physiology) အထူးပြုယူခဲ့ပြီး ပါရဂူဘွဲ့ကိုမူ ကျွန်တော့်ဆရာက အပူပိုင်းဒေသရှိ အပင်အဟာရဗေဒ (Tropical Plant Nutritionist) သမားဖြစ်နေ၍ ပါရဂူသုတေသနမှာ  မြေဆီလွာ ဓာတ်ခွဲစစ်ဆေးရခြင်းပြီး ကျွန်တော့်သုတေသနပြုလုပ်ထားသော ပြောင်းဖူးနှင့် ပဲတီစိမ်းအရွက်များ၊ မျိုးစေ့များကို နိုက်ထရိုဂျင်၊ ဖော့စဖောရပ်ပါဝင်မှုများကို မြေဆီလွှာနှင့် အပင်ဓာတ်ခွဲခန်းများတွင် လက်တွေ့ပြုလုပ်ခဲ့ရသည်ဖြစ်၍ လယ်ယာသီးနှံ နှင့် မြေဆီလွှာသိပ္ပံမှာ ခွဲမရပါ။  

ပုံ - ၅ မြေဆီလွှာသိပ္ပံ၏ မြေဆီလွှာအတွင်းပါဝင်မှုများ

(အပိုင်း - ၃ ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် စာတမ်းများ (References)

Azam, Ali and Squire, G.R. Squire (2002) Principle of Tropical Agronomy. CABI Publishing. 236p.

Myo Kywe (2000) Agronomy: How do you understand? The article written in YAU Diamond Jubilee Annual Magazine (1999-2000) pp:150-152.

Sheaffer, C.C. and Moncada, K.M. (2012) Introduction to Agronomy: Food, Crops and Environment. Delmar Cengage Learning. 2nd Ed. 704p.

Sr. Reddy (2016) Introduction to Agronomy and Principle of Crop Production. Kalyani Publishers. 288p.

အုန်းမောင်, ပျဉ်းမနား (၁၉၈၂) သီအိုရီထားရစ်၍မရသော စိုက်ပျိုးသိပ္ပံပညာ, ၁၉၈၁-၈၂ စိုက်ပျိုးရေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း စာမျက်နှာ ၁၈-၂၀.

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်