အရည်အသွေးနဲ့ အထွက်နှုန်းကောင်းတဲ့ စိုက်ခင်းဖြစ်ဖို့အရေးကြီးတဲ့ အပင်ဇီဝကမ္မဗေဒ

20/11/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (99)  Crop Physiology (Part-3)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၉) သီးနှံပင်ဇီဝကမ္မဗေဒ (အပိုင်း - ၃)

သီးနှံဇီဝကမ္မဗေဒ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ ကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ (၈၀) နှင့် (၈၁) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက >>> အပင်ဇီဝကမ္မဗေဒမှသည် အသုံးချသီးနှံဇီဝကမ္မဗေဒသို့.. (အမှတ် ၁)
အပင် အစာ၊ ရေချက်လုပ်ခြင်းဖြစ်စဉ်အတွက် လိုအပ်သောအချက်များ

အပင်ဇီဝဗေဒဘာသာရပ်ကြီး၏ အရေးပါသော ဘာသာရပ်ဖြစ်သော အပင်ဇီဝကမ္မဗေဒ (Plant Physiology) ဖြစ်သည်။ ထိုမှသည် လူသားများအား အကျိုးပြုသီးနှံများဆိုင်ရာ ဇီဝကမ္မဗေဒ (Crop Physiology/ The Physiology of Crop Plants) ကို လေ့လာအသုံးချခြင်းဖြင့် သီးနှံများစွာ အရည်အချင်းကောင်းရ၊ အထွက်တိုးနိုင်ရန် ရည်ရွယ်ပါသည်။ အခြေခံ စိုက်ပျိုးရေးမိုးလေဝသပညာ (Fundamental of Agrometeorology) ကိုလည်း အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ (၂၄) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက>>>အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၂၄) အခန်း(၁၁) စိုက်ပျိုးရေးမိုးလေဝသပညာ

ယခုရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်စဉ်မှာ တောင်သူကြီး များအတွက် ရာသီဥတုဒဏ်ခံ၊ ရာသီဥတုနှင့်လိုက်လျော ညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေး ပညာ (CSA – Climate Smart Agriculture) ကို သီးနှံ များဆိုင်ရာ ဇီဝကမ္မဗေဒရှုထောင့်မှ လေ့လာကြည့်ကြရအောင်ပါ။

သီးနှံပင်ကြီးထွားမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု (Crop Growth and Development)

သီးနှံပင်၏ဘဝဖြစ်စဉ်တစ်ခုလုံး (Life Cycle) အရေးပါသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး အညှောက်ပေါက်သည်မှ ရိတ်သိမ်း၊ ဆွတ်ခူးသည့် အချိန်အထိ ဆက်တိုက်ဖြစ်၍ (Continuous Process) သွားပါသည်။

အပင်ကြီးထွားမှုကို သင်္ချာနည်းဖြင့် ပုံစံဖော်ရလျှင် 

အပင်ကြီးထွားမှု (ဇာတိရုပ်) = ဖန်ရှင်မှီကိန်း (ဗီဇရုပ် x ပတ်ဝန်းကျင်)

Plant Growth (Phenotype) = f (Genotype X Environment)

တစ်နည်း = ဖန်ရှင်မှီကိန်း (အပင်အတွင်းကြီးထွားမှုအကြောင်းရင်းများ x အပင်အပြင်ကြီးထွားမှု အကြောင်းရင်းများ)

Plant Growth = f (Internal growth factor X external growth factors)

ပုံ - ၁ အပင်ကြီးထွားမှု (ဇာတိရုပ်) = ဖန်ရှင်မှီကိန်း (ဗီဇရုပ် X ပတ်ဝန်းကျင်)

ခေတ်မီစိုက်ပျိုးရေးတွင် အပင်ကြီးထွားမှုနှုန်း အများဆုံးဖြစ်အောင်ပြုလုပ် (To maximize Crop Growth Rate - CGR) ၍ အထွက်တိုးရန် ဗီဇနှင့်ပတ်ဝန်းကျင်ကို လိုအပ်သလိုရရှိအောင်ပြုလုပ်ပေးခြင်း (Genetic and Environmental Manipulation) ဖြင့် သီးနှံအထွက်တိုးမှု (Increased Yield) ဖြစ်လာနိုင်ပါသည်။

ဗီဇရုပ် (Genotypes) ကို အပင်မွေးမြူရေး (Plant Breeding)၊ မျိုးရွေးချယ်ခြင်း (Selection) တို့မှတစ်ဆင့် ပြောင်းလဲနိုင်ပါသည်။ အပင်အနားရှိ ရာသီဥတု (Microclimate – Environment near the plant surface) ကို နေရာရွေးချယ်ခြင်း (Site Selection)၊ ထယ်ရေး၊ ထွန်ရေး (Tillage)၊ ရေသွင်းခြင်း (Irrigation)၊ ရေထုတ်ခြင်း (Drainage)၊ မြေဩဇာကြွေးမွေးခြင်း (Fertilization)၊ ပိုးမွားရောဂါ ကာကွယ်နှိမ်နှင်းခြင်း (Pest Control)၊ စိုက်ချိန် (Planting date)၊ အပင်ဦးရေ (Plant population) စသည့် လယ်ယာစိုက်ပျိုးမှုဆိုင်ရာပြောင်းလည်းခြင်းများ (Agronomic or Cultural Practices) ဖြင့် မိမိစိုက်ပျိုးပင် ကြီးထွားမှုကောင်းအောင်ပြုလုပ်ကာ သီးနှံအထွက်တိုးအောင်ပြုလုပ်ပေးနိုင်ပါသည်။

အပင်ကြီးထွားမှုသည် ဆဲလ်ကွဲပွားခြင်းဖြစ်ပြီး တနည်းအားဖြင့် အရေအတွက်များလာခြင်း (Cell Division – Increase in number) နှင့် ဆဲလ်အရွယ်ကြီးလာခြင်း (Cell Enlargement  – Increase in size) တို့ဖြစ်ပြီး နဂိုအတိုင်းပြန်မဖြစ် (Irreversible) တော့ပါ။ ဆဲလ်အမျိုးအစားကွဲပြားခြားနားမှု (The process of differentiation – Cell specialization) သည် အပင်ကြီးထွားမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ 

ပုံ - ၂ အပင်ဆဲလ်များ ကွဲပြားပြီး များပြားလာပုံ

လယ်ယာသီးနှံပညာရှင်များ (Agronomists) ကတော့ အပင်ကြီးထွားမှုသည် အပင်စုစုပေါင်း အခြောက်အလေးချိန် (Total Dry Matter -  TDM) တိုးတက်လာခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ နေ့စဉ်အပင်ကြီးထွားမှုနှုန်း (Crop Growth Rate - CGR) ကိုလည်းတိုင်းထွာလေ့ရှိပါသည်။

ထို့ကြောင့်အပင်ကြီးထွားမှုကို အပင်အခြောက်အလေးချိန်၊ အပင်အမြင့် (Plant Height)၊ အရွက်ဧရိယာ (Leaf Area) တိုးတက်များပြားလာမှု ထိုမှတစ်ဆင့် အရွက်ဧရိယာညွန်းကိန်း (LAI – leaf Area Index)  စသည်တို့ဖြင့် တိုင်းထွာပြီး နှိုင်းယှဉ်သုတေသန ပြုလုပ်လေ့ရှိပါသည်။

ပုံ - ၃ အရွက်ဧရိယာညွန်းကိန်းတိုင်းတာနည်းများ

အပင်ကြီးထွားမှုကိုလွှမ်းမိုးနေသောအချက်များ (Factors Affecting Plant Growth) မှာ -

(က) အပင်တွင်းအကြောင်းရင်းများ (Internal Factors)

(က-၁) အပင်အစာချက်လုပ်မှုနှုန်း (Photosynthesis Rate)

(က-၂) အောက်ဆီဂျင်လဲလှယ်ခြင်း၊ အပင်များအသက်ရှူခြင်း၊ စွမ်းအင်ပြု အစာဖြိုခွဲခြင်း (ဒေါက်တာကြည်တိုး၏အဓိပ္ပါယ်ဖွင့်ဆိုချက်) (Respiration) 

(က-၃) ချက်လုပ်ပြီးသော အစာများခွဲဝေခြင်း (Partitioning of assimilate)

(က-၄) ကလိုရိုဖီးလ်၊ ကယ်ရိုတင်းနှင့် အရောင်ခြယ်ပစ္စည်းများပါဝင်မှု (Chlorophyll, Carotene and other pigment contents)

(က-၅) မယ်ရီစတန်၊ ဆဲလ်ပွားဇုံပုံစံ၊ ဆဲလ်နုများနှင့်၎င်း၏တည်နေရာ (Type and location of meristems)

(က-၆) အင်ဇိုင်း/ ဓာတ်ပြောင်းအကူဓာတ် လှုပ်ရှားမှု (Enzyme Activitiy)

(က-၇) ဗီဇ၏တိုက်ရိုက်လွှမ်းမိုးမှု (Direct gene effects) စသည်တို့ဖြစ်ပါသည်။

(ခ) အပင်ပြင်ပအကြောင်းရင်းများ (Internal Factors)

(ခ-၁) ရာသီဥတုဆိုင်ရာအချက်များ Climatic Factors (အလင်းရောင်/နေရောင်ခြည် (Light/Solar Radiation)၊ အပူချိန် (Temperature)၊ နေ့တာတိုရှည်မှု (Day length)၊ လေတိုက်ခတ်မှု (Wind) နှင့် လေထုအတွင်းရှိဓာတ်ငွေ့များ (Gases – CO2, O2, N2, SO2, Nitrogen Oxide, Fl, Cl and O3)၊ 

(ခ-၂) မြေဆီလွာဆိုင်ရာအချက်များ (Edaphic/Soil Factors) 

(မြေဆီလွှာဖွဲ့စည်းပုံ (Soil Texture)၊ မြေဆီလွှာတည်ဆောက်ပုံ (Soil Structure)၊ ဩဂဲနစ်ဓာတ် (Organic Matter)၊ ဓာတ်ဖို ဖလှယ်နိုင်စွမ်း (CEC - Cation Exchange capacity)၊ ချဉ်ငံဓာတ်/ပီအိတ်ဂျ် (pH)၊ အပင်အာဟာရဓာတ်ရရှိမှု (Plant Nutrient Availability)၊ အပင်အတွက် လိုအပ်သော အာဟာရဓာတ် ၁၆-မျိုးရှိပါသည်။

(ခ-၃) ဇီဝဆိုင်ရာအချက်များ (Biological Factors)

ပေါင်းပင် (Weeds)၊ အင်းဆက် (Insects)၊ ရောဂါ (Disease organisms)၊ နီမာတုတ် (Nematodes)၊ မြေဆီလွှာရှိ အနုဇီဝသက်ရှိများ (Soil Microorganisma) (ဥပမာ နိုက်တြိုဂျင်ဖမ်းပေးသော ဘက်တီးရီးယားများ (N-fixation bacteria)၊ မိုက်ကိုရိုက်ဇာ (Mycorrhiza) အမြစ်တွင်တွယ်ကပ်နေသော အကျိုးပြုမှို - ဖော့စဖောရပ်စ်ဓာတ် အပင်ကပိုမိုရရှိနိုင်သည်) စသည်တို့ဖြစ်ပါသည်။

ပုံ - ၄ မိုက်ကိုရိုက်ဇာက အပင်ကိုအကျိုးပြုပုံ

(ဂ) အပင်ကြီးထွားမှုအတွက် အခက်အခဲအဟန့်အတားများ (Limitation of Growth Factors)

ရှေးဟောင်းစိုက်ပျိုးရေး သမိုင်းများအရ အဟာရဓာတ်ချို့တဲ့မှု (Nutrient Limitation) သည်  ပထမဦးဆုံး အပင်ကြီးထွားမှု ကို ဟန့်တားသော အချက်တစ်ချက်ဖြစ်ပါသည်၊ ၁၈၆၂-ခုနှစ် ဂျာမန် စိုက်ပျိုးရေးဓာတုဗေဒပညာရှင် ဂျပ်ဆပ်ဗွန်လီးဗစ် (German Agricultural Chemist Justus von Liebig) ၏ စည်ပိုင်းဥပဒေသ (The Law of the minimum: Barrel Concept) သည် နံမည်ကြီးခဲ့ပြီး ယခုအထိပင် သင်ကြားရေးဆိုင်ရာ များ၌ နမူနာပြ အသုံးဝင်နေဆဲဖြစ်ပါသည်။ သူ၏ အဆိုပြုချက်ရ အပင်ကြီးထွားမှုဆိုင်ရာ အချက်များ အပါအဝင် အပင်အဟာရဓာတ် ၁၇-မျိုးမှ စည်ပိုင်းပျဉ်ပြားများကဲ့သို့ ကျန် ၁၆-မျိုး ပြည့်စုံသော်လည်း ကျန်တစ်မျိုးမှာ ချို့တဲ့ နေပါက ချို့တဲ့သည့် အဟာရဓာတ်ရှိ သလောက်ပင် အပင်အခြောက်အလေးချိန်၊ သီးနှံအထွက်ရ ရှိနိုင်ပါသည်။

ပုံ - ၅ လီးဗစ်၏ စည်ပိုင်းသဘောတရားဥပဒေ 

(ဃ) အပင်ကြီးထွားမှုဆိုင်ရာ ဆက်စပ်မှုများ (Growth Correlations)

(ဃ-၁) အပင်ကြီးထွားမှုပုံသဏ္ဌာန် (Allometry) အပင်အစိတ်အပိုင်းတစ်ခုခြင်း၏ ကြီးထွားခဲ့မှုနှင့် ကြီးထွားမှုနှုန်း ဆက်စပ်မှုနှုန်းဖြစ်သည်။ 

(ဃ-၂) အပင်မြေပေါ်မြေအောက် အပိုင်းများ အချိုး (Shoot-Root Ratio) အပင်အပေါ်ပိုင်းရှိ ပင်စည် (Stem)၊ အရွက် (Leaf)၊ အဖူး (Bud)၊ အပွင့် (Flower) များ၏ ကြီးထွားမှုနှင် အပင်မြေအောက်ပိုင်း အမြစ် (Root) များ ကြီးထွားမှုနှုန်း အချိုးအစား အရေးကြီးပါသည်။ 

(ဃ-၃) အပင်အပေါ်နှင့်ဘေးဘက်ကြီးထွားမှု (Apical and Lateral Growth) အပင်ကြီးထွားမှု သဘောတရားများ၊ အပင် ထိပ်ပိုင်း အဖူး၊ အပွင့်၊ အပင် ဘေးပိုင်း အရွက်၊ အညွန့်တို့၏ ကြီးထွားရန်လိုအပ်ချက်များကို သိရှိရန်လည်း လိုအပ်ပါသည်။

(ဃ-၄) အပင်ပိုင်းဆိုင်ရာနှင့် မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှုများ (Vegetative and Reproductive Growth) တနှစ်ခံအပင်များ (Annual Crops) မှာ မျိုးပွားပိုင်း ဆိုင်ရာ အပွင့်၊ အသီးကြီးထွားမှု စသည်နှင့် ထိုအပင်များ၏ ဘဝသက်တန်း (Life Cycle) ပြီးဆုံးသွားသည်၊ နှစ်ရှည်အပင်များ (Perennial Crops) မှာမူ ခေတ္တ မျှသာ ရပ်သွားပြီး၊ အပင် အညွန့်၊ အရွက်၊ ပင်စည်များ ဆက်တိုက် ပြန်လည် ထွက်ပေါ်လာ ပါသည်၊ အအေးပိုင်းတိုင်းပြည် ဒေသများမှာ ဆောင်းတွင်း ( Winter) တွင် ရာသီဥတု ကြောင့် အပင်အစိတ်အပိုင်းအားလုံး ရပ်တန့်သွားပြီး နွေဦးရာသီ (Spring) မှ စိန်းစိုလာကာ ကြီးထွားမှု ပြန်လည်ဖြစ်ပေါ်လာပါသည်။ 

(င) ရိတ်သိမ်းရရှိနိုင်မှု အညွှန်းကိန်း (Harvest Index)

ဤအညွှန်းကိန်းမှာ စီးပွားရေးအရ အရေးပါသောအထွက်နှုန်း ဥပမာ - သီးနှံမျိုးစေ့အထွက်များ (Economic Yield e.g. Grain Yield) ကို စုစုပေါင်း အထွက်နှုန်း (Total Yield) ဥပမာ - အပင်စုစုပေါင်းအခြောက်အလေးချိန် (Total Dry Matter Yield/ Total Biological Yield) တို့၏ အချိုးကို အညွန်းကိန်းဖြင့်ပြခြင်းဖြစ်ပါသည်။ အညွှန်းကိန်းကြီးလေလေ ချက်လုပ်ထားသော အစာများ အနှံများ ဆီသို့ရောက်ရှိလေလေဖြစ်ပါသည်။ 

ပုံ - ၆ ရိတ်သိမ်းမှု အညွှန်းကိန်း ဖော်မြူလာ 

(စာဖတ်သူများ တောင်းဆိုချက်အရ သီးနှံတစ်မျိုးခြင်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ အကြောင်း ဆွေးနွေးပါမည်။ ပြီးမှ သီးနှံဇီဝကမ္မဗေဒ အကြောင်းဆက်လက်ဆွေးနွေးပါမည်။)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Gardner, F.P.; Pearce, R.B. and Mitchell, R.L. (2010) Physiology of Crop Plants. Iowa State University Press. (Reprinted in India) 327p.

Loomis, R.S. and Williams, W.A. (1963) Maximum Crop Productivity: An Estimate. Crop Science 3:67-72.

ကြည်တိုး, ဒေါက်တာ (၂၀၂၃) ပန်းများပွင့်ကြသည်ဆိုရာဝယ်နှင့် အပင်ဇီဝကမ္မဗေဒမှတ်စုများ၊ အောင်သုတစာပေ၊ ၁၅၈-မျက်နှာ

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်