စိုက်ပျိုးသုတ နိုဝင်ဘာလ

01/11/2021 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    နိုဝင်ဘာလသည် မိုးစပါးသီးနှံအလေအလွင့်နည်းပါးစေရေးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ရေးအတွက် အထူးအရေးပါသောလ ဖြစ်သည်။ 

    စိုက်ချိန်မှန်ခြင်းသည် သီးနှံအထွက်မြင့်မားရေးအတွက် သော့ချက်ဖြစ်ပေရာ ဆောင်းသီးနှံများကို နိုဝင်ဘာလအတွင်းအပြီးစိုက်ပျိုးရန် နှိုးဆော်လိုပါသည်။ 

မိုးစပါးသီးနှံ

    စပါးခင်းအများစုသည် ရင့်မှည့်သည့်ကာလ(Ripening Phase)တွင် ရှိနေပြီ။ ဒီကာလက အောင်မြင်သောစပါးစေ့ရာခိုင်နှုန်း(percentage of filled grains)များဖို့နှင့် အစေ့ ၁၀၀၀ အလေးချိန်(weight of 1000 grains)ကောင်းဖို့ အရေးကြီး သည့်ကာလဖြစ်သည်။

    အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းပါ၊ ရိတ်သိမ်းပြီးလျှင်ပြီးချင်း ချက်ချင်းချွေလှေ့ဖို့လိုပါသည်။

ပဲတီစိမ်းသီးနှံ

    ပဲတီစိမ်းသည် နုံးမြေနှင့် သဲနုံးမြေများတွင်ကောင်းစွာဖြစ်ထွန်းသည်။ ညအပူချိန် လွန်စွာနိမ့်ကျခြင်းမရှိသည့်ဒေသများတွင် စပါးအပြီးလည်း စိုက်ပျိုးနိုင်သည်။  နိုဝင်ဘာလလယ် နောက်ဆုံးထား၍ စိုက်ပျိုးသင့်ပါသည်။

    ပဲတီစိမ်းတွင် အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သည်။ ရောဂါခံနိုင်သောမျိုးကို အသုံးပြုသင့်သည်။ ယခင်နှစ်က ရောဂါကျရောက်သောလယ်မြေကို ယခုနှစ်တွင် စိုက်ပျိုးခြင်းမပြုသင့်ပါ။

မတ်ပဲသီးနှံ 

    မတ်ပဲကို မိုးစပါးရိတ်သိမ်းအပြီး မြေတွင်းအစိုဓါတ်ကိုချင့်ချိန်၍ နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး စိုက်ပျိုးသင့်သည်။ မိုးကောင်းသောက်ဒေသလယ်မြေများ(Rain-fed Lowland)တွင် စပါးအပြီးစိုက်ပျိုးနိုင်သည်။ ဆည်ရေသောက်ဒေသ လယ်မြေများ (Irrigated Lowland)တွင်လည်း စပါးအပြီး စိုက်ပျိုးနိုင်သည်။ နှစ်သီးစား၊  သုံးသီးစားသီးနှံပုံစံအတွက် အရေးပါသောသီးနှံ ဖြစ်ပါသည်။

    ပဲတီစိမ်းကဲ့သို့ အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သဖြင့် ကာကွယ်နှိမ်နင်းရေး ကို အထူးဂရုပြုသင့်ပါသည်။

ကုလားပဲသီးနှံ

    ကုလားပဲသီးနှံသည် နုံးမြေစေး၊ စနယ်မြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေတွင်းအစိုဓာတ်ကို ထိန်းထားနိုင်သည့် ရေမဝပ်သောမြေမျိုးတွင် စိုက်ပျိုးသင့်ပါသည်။ 

    စိုက်ချိန်နောက်ကျလျင် သီးတောင့်ရင့်မှည့်ချိန်၌ အပူချိန်မြင့်မားမှုဒဏ်ခံရခြင်း၊ အစိုဓာတ်မလုံလောက်ခြင်းကြောင့် အထွက်နှင့် မျိုးစေ့အရည်အသွေး သိသိသာလျော့ကျခြင်းတို့ ဖြစ်နိုင်ပါသည်။

ပဲပုပ်သီးနှံ

    သဲဆန်သောမြေအမျိုးအစားမှအပ မြေဆီသြဇာအသင့်အတင့်မှ ထက်သန်သည့် မြေတို့တွင် စိုက်ပျိုးနိုင်သည်။ နိုဝင်ဘာလသည် ပဲပုပ်စတင်စိုက်သင့်သောလဖြစ်သည်။ 

    စပါးအပြီးသီးထပ်အဖြစ် မတ်ပဲသီးနှံအစားထိုးစိုက်ပျိုးရန် သင့်တော်သောသီးနှံ ဖြစ်သည်။ အာဟာရရှုထောင့်မှကြည့်ပါက ပဲပုပ်တွင်အသားဓာတ်ပါဝင်မှုမြင့်မားသည်။ ထိုမျှမက ဆီပါဝင်မှုလည်း မြင့်မားပါသည်။

    ပဲမျိုးစုံသီးနှံများစိုက်ပျိုးရာတွင် အသက်လျင် အထွက်ကောင်းသောမျိုးကို အသုံးပြုသင့်သည်။ ပဲမျိုးစုံသီးနှံမျိုးစေ့ကို သက်ဆိုင်ရာ ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ 

    အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်တတ်သည်။ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ပင်စည်ထိုးပိုး (Stem Fly)ကျရောက်တတ်သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် မျိုးစေ့ကို သင့်တော်ရာဆေးဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

နွေစပါးသီးနှံ

    မိမိဒေသ မိမိအခြေအနေနှင့် ကိုက်ညီသည့်စိုက်ချိန်သည် စိုက်ချိန်မှန်ဟု ဆိုရမည်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် မိုးစပါးရိတ်သိမ်းပြီးသည်နှင့် နွေစပါးကို စတင်စိုက်ပျိုးသင့်သည််။ အကြောင်းရင်းများစွာရှိပါသည်။

    စပါးပင်ကြီးထွားကာလတွင် ဆောင်းရာသီကို ဖြတ်သန်းသည်ဆိုသော်လည်း ဆောင်းရာသီက အထက်ပိုင်းဒေသများလို အပူချိန်များစွာနိမ့်ကျခြင်းမရှိသဖြင့် စပါးပင်ကို ထိခိုက်ခြင်းမရှိ၍ နိုဝင်ဘာတွင် စိုက်နိုင်ခြင်းဖြစ်ပါသည်။ 

    ရေတက်ရေကျရှိသည့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ရေငန်ဝင်ရေကို ရှောင်ရှားဖို့လိုသည်။ ဇန်နဝါရီလတွင် ရေငန်စတင်နိုင်ပြီး ဖေဖေါ်ဝါရီလတွင် ရေပိုမိုငန်လေ့ရှိကြောင်းကြားဖူးသည်။ သို့ဖြစ်၍ အဆိုပါ ဒေသများအဖို့ နိုဝင်ဘာလတွင် နွေစပါးစတင် စိုက်သင့်ခြင်း ဖြစ်ပါသည်။ 

    မုတ်သုန်ဝင်တော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများက စတင်ဝင်ရောက်သည်။ မေလတွင် မုတ်သုန်စတင်ဝင်ပြီး မိုးမလှိုင်မီ နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းဖို့ လိုသည်။ ထို့ပြင် လယ်သမားတစ်ဦးချင်း လယ်မြေပိုင်ဆိုင်မှုများပါက စိုက်ပျိုးပြီးရန် အချိန်ပိုမို ကြာမြင့်နိုင်သည်။ သို့ဖြစ်၍လည်း နိုဝင်ဘာတွင် နွေစပါးစတင်စိုက်သင့်ခြင်း ဖြစ်ပါသည်။

ကြံသီးနှံ 

  ကြံသီးနှံကို မြေတွင်းလက်ကျန်အစိုဓာတ်အပေါ်မူတည်ပြီး စိုက်ရမှာဖြစ်သည်။ မြေတွင်းလက်ကျန်အစိုဓာတ်သည် ဒေသအများစုတွင် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ပထမပါတ်အထိလောက်သာ ရှိနေတတ်သည်။ မြေတွင်းအစိုဓာတ်ကောင်းစွာ နိုဝင်ဘာလတွင် ကြံသီးနှံကို စတင်စိုက်ပျိုးသင့်ပါသည်။ 

    ကြံသီးနှံသည် ကြီးထွားချိန်ကာလတွင် ပူအိုက်စွတ်စိုသောရာသီကို ကြိုက်နှစ်သက်သည်ဖြစ်ရာ နိုဝင်ဘာတွင် စိုက်ခြင်းဖြင့် ကြံပင်ပေါက်ညီညာကောင်းမွန်ခြင်း၊ သတ်မှတ်အပင်ဦးရေပြည့်မီခြင်း၊ ကြီးထွားနှုန်းမြန်ဆန်ခြင်းစသည့်အကျိုးများ ရရှိစေမှာ ဖြစ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်