ထုံးနဲ့ ကျောက်မှုန့်ကို ဘာတွေကွာလဲလို့ မေးလေ့ရှိကြပါတယ်။ တကယ်က သဘောတရား မတူတဲ့အတွက် နှိုင်းယှဉ်လို့လည်း မသင့်တော်ပါဘူး။ သူတို့ရဲ့သဘောတရားတွေကို နားလည်ရင် ဘာတွေကွာပြီး ဘယ်လိုသုံးမလဲဆိုတာ နားလည်လာမှာပါ။
ကျောက်မှုန့်
ဂျစ်ပဆန်လို့ခေါ်တဲ့ ကျောက်မှုန့်က ကယ်လဆီယမ်ဆာလဖိတ်ဖြစ်ပါတယ်။ ကယ်လဆီယမ် (Ca) နဲ့ ဆာလဖာ (S) တို့ပါဝင်ပါတယ်။ မြေကြီးကို ပိုကောင်းလာဖို့အတွက် သုံးကြပါတယ်။
အကျိုးပြုပုံ
ရွှံ့စေးဆန်လွန်းတဲ့မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာဖို့၊ ရေစိမ့်နိုင်စွမ်းကောင်းလာဖို့၊ ထွန်ယက်လို့ အဆင်ပြေလာဖို့အတွက် သုံးကြပါတယ်။ ဂျစ်ပဆန်က သိပ်သည်းနေတဲ့ မြေကြီးတွေကို မွလာစေပြီး အပင်အတွက်လိုအပ်တဲ့ အာဟာရနဲ့ လေတို့ကို ရရှိလာအောင် စွမ်းဆောင်ပေးပါတယ်။ နောက်တစ်ခုက ဂျစ်ပဆန်က မြေချဉ်ငန်ဓာတ်အပေါ်မှာ သက်ရောက်မှု အလွန်နည်းပါတယ်။ ဆားပါဝင်မှုမြင့်တဲ့ မြေကြီးတွေမှာ ဆားဓာတ်နေရာမှာ ကယ်လဆီယမ်ဓာတ်နဲ့ အစားထိုးဖို့ သုံးပါတယ်။ ဒါကြောင့် ရွံ့စေးမြေကို ပြင်ဖို့အတွက် သုံးတာ အသင့်တော်ဆုံးပါ။
မြေချဉ်ငန်ဓာတ် (pH)
ထုံးအကြောင်းကိုပြောဖို့ဆို မြေချဉ်ငန်ဓာတ် (pH) ကို ပြန်ပြောဖို့လိုပါတယ်။ အညွှန်းကိန်းက ၁-၁၄ ထိရှိပြီး ၀-၆.၅ ထိကို ချဉ်တယ်လို့ သတ်မှတ်ကြတယ်။ ၇.၅ အထက် ၁၄ ထိဆိုရင်တော့ ငန်တယ်လို့ သတ်မှတ်ပါတယ်။ ၇ ပတ်ဝန်းကျင်ဆိုရင်တော့ သမတဲ့အနေထားပါ။ ဒါတွေဘာလို့ သိဖို့လိုအပ်လဲဆိုရင် ဒီ pH အပေါ်မှာမူတည်ပြီး အပင်ကနေ အာဟာရရယူနိုင်စွမ်းက ပြောင်းလဲသွားပါတယ်။ ဥပမာ မြေချဉ်ရင် ပိုတက်ဆီယမ်၊ ဖော့စဖောရပ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အဟာရဓာတ်တွေကို အပင်က စုပ်ယူနိုင်စွမ်းကျသွားပါတယ်။ ဒီတော့ မြေသြဇာကျွေးလည်း အပင်က ကောင်းကောင်းမရနိုင်တော့ဘူး။ တစ်ဖက်ကပြန်ကြည့်ရင် အလူမီနီယံ၊ ကေ့ာပါး၊ သံဓာတ်၊ မဂ္ဂနိ၊ ဇင့် ဒီဓာတ်တွေကို အပင်က ရယူနိုင်စွမ်း အရမ်းမြန်သွားတဲ့အတွက်ကြောင့် အပင်အဆိပ်သင့်တာမျိုးတွေ ဖြစ်ကုန်ပါတယ်။ ဥပမာ သံဓာတ်အဆိပ်သင့်ပြီး နီတိုဝင်တာမျိုး။
ထုံး
ထုံးမှာ ၂ မျိုးရှိတယ်။ ဆောက်လုပ်ရေးထုံးနဲ့ ဒိုလိုမိုက်ပါ။ ဒိိုလိုမိုက်ကတော့ ဈေးကွက်ထဲမှာ သတိမထားမိပါဘူး။ အာနိသင်သိပ်မကွာတဲ့အတွက်ကြောင့် ဈေးသက်သာတဲ့ ရိုးရိုးထုံး ပဲသုံးကြပါတယ်။
ထုံးကိုတော့ ချဉ်နေတဲ့မြေကြီးတွေကို ပြင်ဖို့အတွက်၊ pH မြင့်လာဖို့အတွက် အသုံးပြုကြပါတယ်။ ထုံးရဲ့အကျိုးပြုပုံကတော့ “စိုက်ပျိုးရေးမှာ ထုံးထည့်ခြင်းက ဘာတွေကောင်းလာမလဲ” ဆိုတဲ့ ဆောင်းပါးမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။
ဒီတော့ ၂ ခုပြန်ယှဉ်ရရင် ထုံးက မြေချဉ်တာကိုပြုပြင်ဖို့အတွက် အသုံးပြုပြီးတော့ ကျောက်မှုန့်ကတော့ ရွံ့စေးဆန်တဲ့ မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာပြီး အပင်က အဟာရဓာတ်တွေ ပိုရရှိလာစေဖို့အတွက် အသုံးပြုပါတယ်။
နောက်တစ်ချက်သတိထားဖို့ကတော့ ထုံးက ဓာတ်ပြိုကွဲဖို့ခက်တဲ့အတွက် အပင်မစိုက်ခင် ၁ လလောက် မြေကြီးထဲ ကြိုထည့်ပေးထားဖို့လိုပါတယ်။ (စပါးခင်းမှာ ရေညှိသက်သာဖို့ ထည့်တာတော့ ရှိပါတယ်။) ကျောက်မှုန့်ကတော့ ပြိုကွဲလွယ်တဲ့အတွက်ကြောင့် မြေပြင်တုန်းမှာ ထည့်နိုင်သလို အပင်ကြီးထွားစဉ်ကာလမှာလည်း ထည့်ပါတယ်။ စပါးခင်းတွေမှာ ကျောက်မှုန့်ထည့်တာ အကျိုးရှိတဲ့အတွက်ကြောင့် စပါးမှာ ထည့်သွင်းသုံးစွဲမှု များလာပါတယ်။
Ref: gardenguides.com